သေသွားတဲ့ အနာဂတ်တွေ

‘သေသွားတဲ့ အနာဂတ်တွေ’
◼️ ပစ်တိုင်းထောင်(ရှိုင်း)
” ဒေါင် ဒေါင် ဒေါင်” အသံတခု ကျ​နော့်နားထဲ စူးစူးရှရှဝင်လာတယ်။
ဒီအသံကို ကျ​နော် ရင်းရင်နှီးနှီးရှိနေပါတယ်လို့ စဉ်းစားနေတုန်း အဖြူအစိမ်းနဲ့ ကလေးတယောက် ကျ​နော့်နောက်ကျောကိုတိုက်ပြီး အတင်းပြေးသွားတယ်။
အော် ဒါ ကျောင်းတက်ခေါင်းလောင်းသံပဲ မကြားရတာ ဘယ်နှနှစ်တောင်ရှိပြီလဲ။
ကျ​နော့်ဘေးပတ်ချာလည်ကို ငဲ့စောင်းကြည့်မိတော့ ကျ​နော့်ဘော်ဒါတွေနဲ့အတူတူ ကျောင်းရှေ့မှာရပ်နေမိတာ။ ကျ​နော် သူတို့ကို ကြောင်ကြည့်မိတယ်။ သူတို့က ကျ​နော့်ပုခုံးကို ဖက်ပြီး ကျောင်းထဲကို အတင်းဆွဲခေါ်သွားတယ်။ ကျ​နော့်ကိုယ် ကျ​နော် ပြန်ကြည့်မိတော့လည်း အဖြူအစိမ်းဝတ်မထားပါဘူး။ ကျ​နော်တို့ ကျောင်းလာတက်ကြတာမဟုတ်မှန်းသေချာသွားတယ်။ ကျောင်းကို ဝေ့ဝိုက်ကြည့်မိတော့လည်း အရင်တိုင်းပဲ ဘာမှမပြောင်းလဲပါဘူး။ စာအံသံတွေရယ်၊ ကန္တာရတောကြီးရယ်၊ ဦးလေးနိုင်ဆောင်၊ ဂျပန်ဆောင်ရယ်၊ စာကြည့်တိုက်ရယ်… နောက်ပြီး ကျောင်းမြောက်ဘက်က ကျွန်းပင်တန်းတွေ ခရေပင်တန်းတွေကရော အားလုံးဟာ အရင်လိုမပြောင်းလဲ လှတုန်းပဲ။
ကျောင်း ကျောင်း ကျ​နော် သိပ်ချစ်ရတဲ့ ကျောင်းလေ။ ကျ​နော် သူငယ်တန်းကနေ ရှစ်တန်းထိ ဒီကျောင်းမှာပဲတက်ခဲ့တာ။ ကျ​နော်တို့အုပ်စု ကျောင်း assembly ကွင်းရဲ့ နဘေးနား ကုက္ကိုပင်ကြီးအောက်က ဒုံးတုပ်ပေါ်မှာ တန်းစီထိုင်မိကြတယ်။ ဒီကွင်းကြီးက assembly ကွင်းလည်းဟုတ်သလို ကျ​နော်တို့အတွက် ဘောလုံးကန်နေကြ နေရာလေးလည်းဖြစ်ခဲ့တာ။ ကျ​နော့်ဘေးနားမှာ သူငယ်ချင်းတွေထိုင်နေကြတယ်။
ကျ​နော်က ဘေးနားက သူငယ်ချင်း ပအို့ဝ်မလေးကို ဘာတွေလုပ်နေလဲလို့ စမေးလိုက်မိတယ်။ သူတို့က ဟိုးအဝေးကြီးကနေ ကျ​နော်တို့ဆီကျောင်းလာတက်ကြတာလေ။ သူက ငါတို့ရွာမှာ ကျောင်းဆရာမ ပြန်လုပ်နေတာလေလို့ ဖြေတယ်။ ကျ​နော် မှတ်မိတာအဲ့လိုမဟုတ်ပါဘူး။ ကျ​နော်မှတ်မိတာက အာဏာသိမ်းပြီးနောက် သူထိုင်းကို အောက်လမ်းကရောက်ပြီး အိမ်အကူလုပ်နေတယ်လို့သိထားတာ။
ကျ​နော် သူ့ကိုမေးလိုက်မိတယ်။ နင်ထိုင်းမှာ အိမ်အကူလုပ်နေတာမဟုတ်ဘူးလားဆိုတော့ သူက နင်ဘာတွေပြောနေတာလဲဆိုပြီး ရယ်ကျဲကျဲနဲ့ ကျ​နော့်ကိုကြည့်တယ်။
သူ့ဘေးနားမှာ ကောင်လေးတယောက်ထိုင်နေတယ်။ သူလည်းပအို့ဝ်ပဲလေ ကိုရင်ဝတ်နဲ့ကျောင်းတက်တာ။ ရှစ်တန်းတုန်းက စာသင်ရင်း တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေခိုးခိုးဖတ်လို့ ခဏခဏသိမ်းခံရတာ။ သူ့ကိုရော ဘာတွေလုပ်ဖြစ်လဲလို့ ကျ​နော် မေးမိတယ်။ သူက စာတွေရေးဖြစ်ကြောင်းပြောရင်း သူ့နာမည်လေးပါတဲ့ အဖုံးနဲ့ စာအုပ်တအုပ် ကျ​နော့်ကိုထုတ်ပြတယ်။ ဒါဆို သူစာရေးဆရာပေါ့။ ကျ​နော်သိတာ သူမလေးရှားကို အောက်လမ်းနဲ့ရောက်သွားတယ်လို့သိထားတာ။ အားလုံးအလွဲကြီးလွဲနေပါလား။ သူ့ကိုတော့ ကျ​နော်ထုတ်မပြောဖြစ်ခဲ့ပါဘူး။
ဘေးနားက သူငယ်ချင်းတွေကို လှည့်မေးကြည့်တော့ လက်နက်ကိုင်တော်လှန်ရေးထဲဝင်သွားတယ်လို့ ကျ​နော် သိထားတဲ့ကောင်က ဘောလုံးသမားတဲ့၊ အရောင်းသမလုပ်နေတယ်လို့သိထားတဲ့လူက dancer တဲ့။ သူတို့အားလုံး သူတို့အိပ်မက်တွေအတိုင်းဖြစ်နေကြတာ။ ကျ​နော်တို့ဆီကို ကောင်လေးတယောက်ပြေးလာတယ်။ သူ့ကိုတွေ့တော့ ကျွန်တော်ပြေးဖက်မိတယ်။ မင်း စကစ စခန်းသိမ်းတခုမှာ တိုက်ပွဲကျသွားတယ်ကြားလို့ ငါစိတ်မကောင်းတွေဖြစ်ခဲ့ရတာလို့ပြောတော့ သူက ဘာတွေပြောနေတာလဲဆိုပြီး ကျ​နော့်နာမည်ကိုခေါ်တယ်။ အဲ့ဒီနေ့ ကျ​နော်တို့သူငယ်ချင်းတွေဆုံပြီး ကျ​နော့်စိတ်တွေ ဝါဂွမ်းဆိုင်လေးလိုပေါ့ပါးနေတယ်။ သူငယ်ချင်းတွေကလည်း ကျ​နော့်ကိုဘာလုပ်ဖြစ်လဲလို့ ပြန်မေးကြပါတယ်။ကျ​နော့် မှတ်ဉာဏ်တွေ ဗလာကျင်းဖြစ်သွားတာလား။ ကျ​နော်ဘာလုပ်ဖြစ်နေလဲ။
ပြောစရာမရှိတာလား မဟုတ်ဘူး။ ကျ​နော်ဘာတခုမှကို မမှတ်မိနေတာ။ ကျ​နော်တို့ အုပ်စု ကျောင်းရုံးခန်းထဲက ဆရာမကြီးကို သွားကန်တော့ကြတယ်။ ဆရာမကြီးကလည်းပြုံးလို့ ရွှင်လို့ပေါ့။ တပည့်တွေကို အလွမ်းသယ်စကားတွေပြောနေတယ်။ ပြီးတော့ ကျ​နော်တို့ လျှောက်သွားနေကျ မြို့ထောင့်စေတီဘက် စက်ဘီးကိုယ်စီနဲ့ထွက်လာကြတယ်။ ရယ်ကြမောကြ ဟာသတွေပြောကြပေါ့။ ကျ​နော့်စိတ်တွေ လွတ်လပ်ပေါ့ပါးနေလိုက်တာ ကျ​နော်ဒီလို မခံစားရတာ ဘယ်လောင်တောင်ကြာနေပြီလဲ။
အဲ့ဒီအချိန် ကျ​နော့်နားထဲ “ဒိုင်း” ဆိုတဲ့အသံ ဝင်လာတယ်။ဟင် ဒီအသံက ကျောင်းခေါင်းလောင်းသံလည်း မဟုတ်ပါဘူး။ ဘီးပေါက်သလား။ နောက်ပြီး ကျ​နော့် နှာခေါင်းထဲကို စူးစူးရှရှ မီးခိုးနံ့တခု တရစပ်ဝင်လာတယ်။ ကျ​နော် လှည့်ကြည့်မိလိုက်တယ်။ တဆက်တည်းမှာ အိပ်နေတယ်လို့ထင်ရတဲ့ ကျ​နော့်မျက်လုံးတွေ ပွင့်လာတယ်။ ကျ​နော်ကြားနေတာ သေနတ်သံ၊လက်နက်ကြီးသံ ၊ လေယာဉ်သံတွေပဲ။
ကျောင်းခေါင်းလောင်းထိုးသံတွေမဟုတ်ဘူး။ ကျ​နော့် တဲရှေ့မှာ မီးလောင်နေတဲ့ စာသင်ကျောင်းကိုမြင်ရတယ်။ ဒါကမှ တကယ့်လက်တွေ့ပဲလေ။ ကျ​နော် ရောက်နေတာ စာအံသံတွေကြားမဟုတ်ဘဲ စစ်တလင်းကြားဖြစ်နေတာ။ ဒါဆို ကျ​နော် ခုနကတွေ့ခဲ့တာ အိပ်မက်လား ။ မဟုတ်ဘူး။ ကျ​နော်တွေ့ခဲ့တာ ကျ​နော်တို့ အနာဂတ်တွေ ။ ကျောင်းခန်းထဲမှာ ကျ​နော်တို့ ကိုယ်စီရင်ဖွင့်ခဲ့ဖူးတဲ့ အနာဂတ်တွေ။ သေသွားတဲ့ အိပ်မက် သေသွားတဲ့ အနာဂတ်တွေလေ။ ကျ​နော် ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တယ်။
About The Call 716 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*