စူကျိုးမြစ်ထဲသို့ ခုန်ချခြင်း

‘စူကျိုးမြစ်ထဲသို့ ခုန်ချခြင်း’
◼️ ညီလင်းအိမ်
သည်ရက်ပိုင်းတွေမှာ စာရေးချင်စိတ်နဲ့ အချိန်မရမှုတွေက တူယှဉ်တွဲ ဖြစ်ပေါ်လျက်သား ရှိနေတယ်။ နွေလယ်ရက်တွေကို ကျော်လွန်ခဲ့ပြီ ဖြစ်ပေမဲ့ စက်တင်ဘာလများရဲ့ မိုးရက်တွေဟာ ခြောက်သွေ့လွန်းလှတယ်။ အဝေးမှာ မြင်ရတဲ့ လမ်းပျပျက တံလျှပ်များကြောင့် ရီဝေကွဲအက်နေတယ်။ တိတ်ဆိတ်အသက်မဲ့လွန်းလှတဲ့ ကျနော့် အခန်းငယ်ကလေးထဲကို နေရောင်တွေဝင်လာပုံက စာနာမှု ကင်းမဲ့လွန်းလှပါရဲ့။ ဒီတော့ ကျနော့်ရဲ့ စာရေးလိုစိတ်တွေဟာ ပူပြင်းတဲ့ ရာသီဥတုအောက်မှာ လက်မြှောက် အရှူံးပေးပေးနေရတယ်။ အိပ်ရာကနေ မူးသီဝေဝါးတဲ့ ဖီလင်နဲ့ နိုးလာတိုင်း တကိုယ်လုံးမှာ ချွေးသီးချွေးပေါက်တွေ အပြည့်။ နှုတ်ခမ်းတခုလုံးက ရေသောက်ချင်စိတ်နဲ့ အငမ်းမရ တောက်လောင် စေးကပ်နေတယ်။ အာခေါင်ကို ဟလိုက်တိုင်း ပင်ပန်းမှု ကြီးလွန်းလှတယ်။ ကျ​နော့်ရဲ့ အမြင်အာရုံတွေဟာ Footage ရိုက်ချက်တွေကို အသားပေးပုံဖော်ထားတဲ့ ရုပ်ရှင်ထဲက ကင်မရာရွေ့လျားမှုများလို ဖြစ်နေတယ်။
ဒီအခါမှာ ကြံကြံဖန်ဖန်နဲ့ပဲ တရုတ်ဒါရိုက်တာ Lou ye ကို သတိရမိပါသတဲ့။ ကြည့်စမ်း ငါ့ကိုငါ Lou Ye ရုပ်ရှင်ထဲက ဇာတ်ကောင်တယောက်လို ဖြစ်သွားတာ ဘယ်လောက်ကံကောင်းလွန်းလှသလဲ လို့ မူးဝေနေတဲ့ကြားက ပီတိဖြစ်မိအောင် ဖြစ်လိုက်ရသေးတယ်။ ဒီလိုနဲ့ပဲ ကျ​နော်တယောက် သူနဲ့ ပတ်သက်မိသမျှသော နေ့ရက်တွေအကြောင်းကို ပြန်ပြောင်း တွေးတောနေမိပါတော့တယ်။
မွန်းကျပ်လွန်းသော 2017 ကာလ အကျော်များမှာ Lou Ye ကို တွေ့ရှိခဲ့ရတာဟာ ကျ​နော့် တကိုယ်ရည်စာ သမိုင်း ဖြစ်စဉ်အတွက်တော့ အကြီးမားဆုံး တွေ့ရှိမှုကြီး တခု ဖြစ်ပါတယ်။ အခမ်းနားဆုံးသော ခံစားရမှု ဖြစ်ခဲ့ပါတယ်။ သူ့လက်ရာတွေကို မြင်သိရတဲ့ အတွက်၊ ခံစားခွင့်ရခဲ့ရတဲ့ အတွက်၊ အဲဒီက အနုပညာအလှတရားကို နားလည်မှု ထပ်တူကျခဲ့တယ်လို့ ကိုယ့်ကိုယ်ကို သိရှိသွားခဲ့ရတဲ့အတွက် ပျော်ရွှင်ခဲ့ရတဲ့ ညတွေ ဖြစ်ခဲ့ပါတယ်။ လောင်မြိုက်နန်းတော် ( Summer Palace) နဲ့ စူကျိုး မြစ် ( Suzhou River ) ရုပ်ရှင်ကို ကျ​နော် ကြည့်ရတော့ မှောင်ရီနေတဲ့ အခန်းထဲမှာပါပဲ။
ခနိုခနဲ့ ဖြစ်နေပြီး လှပ်လို့ ထားတဲ့ ပြတင်းပေါက်ကလေးထဲဆီကို လရောင်အမှုန်အမွှားကလေးတွေ တိုးဝင်နေခဲ့တဲ့ ညမှာပေါ့။ မှုန်ပျတဲ့ လရောင်မျှင်မျှင်ကလေးက ကျနော့်အိပ်ရာနံဘေးကို ထိုးကျနေခဲ့ပါတယ်။ ညရဲ့ အခြင်းအရာဟာ ဝန်းကျင်အလုံးစုံကို ရှုမျှော်ပြီး ခြုံငုံကြည့်မယ် ဆိုရင်တော့ သာယာတဲ့ ညတည လို့ သတ်မှတ်ရမှာဖြစ်ပေမဲ့ သူ့ရဲ့ လောင်မြိုက်နန်းတော် ရုပ်ရှင်ဟာ ကျ​နော့် စိတ်ခန္ဓာတခုလုံးကို ပြင်းပျလှတဲ့ နွေဦးကာလများဆီကို တွန်းပို့စေခဲ့ပါတယ်။
ရုပ်ရှင်အနုပညာသက်တမ်းကြာမြင့်လှပြီဖြစ်ပေမဲ့ နည်းပါးလှတဲ့ သူ့ရဲ့လက်ရာတွေထဲမှာ ပြောင်မြောက်ရုန်းကြွနေတဲ့ ဇာတ်ကောင်တွေကို ထားရစ်နိုင်ခဲ့တာချည်းပါပဲ။ အထူးသဖြင့်တော့ အမျိုးသမီး ဇာတ်ကောင်တွေ ဆိုပါတော့။ ခင်ဗျားတို့မှာ ကျော်ကြားလှတဲ့ အမျိုးသမီး ဇာတ်ကောင်တွေ အကြောင်း ပြောမယ်ပြုတိုင်း Eva Green ရဲ့ The Dreamers တို့လို မဒမ်ဗိုဗာရီ ရုပ်ရှင်ဇာတ်ကောင်များကဲ့သို့ ဂျူလီယာရောဘတ်ရဲ့ Erin Brockovich ထဲက ဇာတ်ကောင်၊ မမမယ်လီနာ အစရှိသဖြင့် ပြောကြမှာ ဖြစ်ပေမဲ့ ကျနော့်အတွေးထဲမှာတော့ သူ့ရုပ်ရှင်ထဲက Yu ကဲ့သို့သော၊ Meimei လို၊ Ah yun လို အမျိုးသမီး ဇာတ်ကောင်တွေကိုပဲ မြင်ယောင်လျက်သား ဖြစ်လို့နေပါတယ်။
ဒီထဲမှာတော့ အရုန်းကြွဆုံး ဇာတ်ဆောင်ကို ပြောပါဆိုရင် Summer Palace ထဲက ယု ကိုပဲ ရည်ညွှန်းရမှာပေါ့။ ရုပ်ရှင်တခုလုံးထဲက ဇာတ်အိမ်ထဲမှာ ယုကပဲ ထုထည်ကြီးမားစွာ လွှမ်းမိုးသွားခဲ့တာ။ မြင်ဖူးနေကြ အမျိုးသမီးဇာတ်ဆောင် ဦးစားပေးရုပ်ရှင်များလို လွှမ်းမိုးပြနေတာမျိုးမဟုတ်ပါဘဲ ကျ​နော်ဟာ ယုနဲ့ အတူ ယှဉ်တွဲမျောပါသွားတယ်။ ကြည့်စမ်း။ ကျနော်တို့ ဒီကမ္ဘာမှာ ဖိုဝါဒီတွေက ဘယ်မျှအထိတောင် ကြီးစိုးနေခဲ့ကြသလဲ။ ရုပ်ရှင်တိုင်းလိုလိုမှာ ဝတ္ထုတိုင်းလိုလိုမှာ အမျိုးသမီးဆိုတာက ရေလောင်းပေးမှ ပွင့်ရမယ့် ပန်းကလေးလို၊ တဦးတယောက်က ထိတွေ့ကလူပြုမှ အဖူးအငုံဘဝက လွတ်မြောက်ရမယ့် ခူးဆွတ်ခံ ပန်းများသဖွယ်တဲ့လား။ ကျ​နော်တို့တွေဟာ ဒီလိုမှတ်ထင်မှုများနဲ့ အမျိုးသမီးများသို့ ချဉ်းကပ်ရည်ရွယ်မည်ပြုတိုင်း သူတို့တွေကို ပြုကျင့်ခံ နာမ်စားအဖြစ်ပဲထပ်တလဲလဲ သတ်မှတ်မိနေကြတယ်။ သူတို့က ကျနော်တို့တွေရဲ့အောက်မှာ ကျနော်တို့ အုပ်မိုးထားတဲ့ ကောင်းကင်ပြာကြီးအောက်က နုနုနယ်နယ်နဲ့ တိမ်ဖွာဖွာ တိမ်ပုဝါစကလေးတွေ။
ကျွမ်းမြ နန်းတော် ဇာတ်အိမ်ထဲက ယုကတော့ အရာအားလုံးနဲ့ ကင်းလွတ်နေခဲ့တယ်။ သူက တဦးတယောက် နမ်းပေးဖို့ဆိုပြီး ပွင့်နေတဲ့ ပန်းမျိုးရယ်လို့ မဟုတ်ဘူး။ အထက်ကရည်ညွှန်းခဲ့တဲ့ ဥပမေယျအားလုံးနဲ့ ကင်းလွတ်စွာ လှပနေတဲ့ ပန်းကလေး‌ပေါ့ အနမ်းခံတဲ့ ပန်းကလေးမဟုတ်ပါဘဲ သူကပဲ ပြန်နမ်းပစ်လိုက်တဲ့ ပန်းပွင့်ကလေးရယ်ပေါ့။ နမ်းခံရသူရင်မှာ ပန်းပွင့်များပွင့်ကျန်ပြီး နာကျင်စရာအလွမ်းတွေကို ထားရစ်စေခဲ့သူ ပန်းပွင့်ကလေး တပွင့်ရယ် ဆိုပါတော့။
ထပ်ပြီးတော့လည်း ယုရဲ့ ဘဝဖြတ်သန်းရာက ကျနော်တို့ဘဝကစဉ့်ကလျားများနဲ့လည်းတနည်းတဖုံ ဆက်စပ်လျက်ရှိတယ်။
ယုရဲ့ ဘဝကောက်ကြောင်းတလျှောက်လုံးမှာ သူ့ကို ငြိ‌တွယ်နေကြသော ပုရိသများရဲ့ ရမ္မက်တောက်လောင်မှုများနဲ့ ချိတ်ဆွဲထားတယ်။ လူတယောက်ရဲ့ ဘဝစင်စစ်ဆိုတာက အဲသလောက် ရှင်းလင်းတာမျိုးမှ မဟုတ်တာဘဲလေ။ ယုရဲ့ ပထမဆုံး ချစ်တင်းနှီးနှောခန်းမှာတင် ကျ​နော်တို့မှာ မင်သက်မိခဲ့ရတယ်။ ရှေးရိုးထုံးတမ်းများလှတဲ့ တရုတ်ပြည်လိုမျိုးထဲမှာ ယုက အဲဒီအရာတွေအားလုံးနဲ့ ကင်းလွတ်နေခဲ့တာလေ။ မောင်တယောက်ကိုပဲ ချစ်မယ်။ ဟုတ်ကဲ့။ ရှင်နဲ့ပဲ လက်ထပ်မယ်။ အိမ်ထောင်ရှင်မကြီး လုပ်မယ်။ ကလေးမွေးမယ်။ The End ပြီးပါပြီပေါ့။ ယုဘဝက အဲသလိုမဟုတ်ခဲ့ဘူး။ သူမဘဝတလျှောက်လုံးကို လူသားအပီသဆုံး ပုံစံနဲ့ပဲ ဖြတ်သန်းခဲ့တာ။ ခင်ဗျားတို့ကို။ မေးမယ်။ ခင်ဗျားတို့ ကျ​နော်တို့ ဘဝမှာ မိန်းမတယောက်နဲ့ပဲ ဖြစ်ဖြစ် ယောကျာ်းတယောက်တည်းနဲ့ပဲ ဖြစ်ဖြစ် တသက်လုံး အတူနေဖူးတာ။ သူနဲ့ပဲ ဖြတ်သန်းခဲ့ဖူးတာဆိုတာ ဖြစ်နိုင်ပါ့မလား။ ရှိတော့ရှိပေမဲ့ အင်မတန်ရှားလှတဲ့ ကိစ္စရပ်တခုပါပဲ။ ဒါကြောင့် ယုကို ကြည့်ရတဲ့ အခါ ကျ​နော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းတွေများစွာကို မေးမိကြမှာပါ။ ယုကလည်း ခင်ဗျားတို့ ကျ​နော်တို့ဆီကနေ စိတ်ခံစားမှုများစွာကို နှိုက်ထုတ်သွားမှာပါ။
အချစ်နဲ့ လိင်ဆန္ဒနဲ့ ငြီးငွေ့မှု၊ ရှည်မျောပြီး စိတ်ပျက်ဖွယ်ကောင်းတဲ့ လူနေမှုဘဝ။ ဒါတွေကို ချိန်ထိုး မြင်ယောင်မိစေဖို့ တရုတ်အမျိုးသမီးတယောက်ဖြစ်တဲ့ ယုက ရှေ့ကနေ လမ်းပြသွားပါလိမ့်မယ်။ ကျ​နော်ဟာ မိန်းမတယောက်နဲ့ အိပ်မိတဲ့အခါတိုင်း အချစ်ဆိုတာကို ထည့်သွင်းကြည့်မလား။ အချစ်ဆိုတာကို လိင်ဆက်ဆံလို့ အခါပေါင်းအကြိမ်ပေါင်းများစွာ ပြီးစီးခါမှ ငြိတွယ်စေတတ်မှုအဖြစ် ဒါကို အချစ်ပဲ ခေါင်းစဉ်ပြန်တပ်မလား။ ရှုပ်ထွေးစွာတွေးတောရင်း အခြားတဘက်က သူမမှာလည်း ကျနော်နဲ့ပတ်သက်ပြီးတော့ ဘယ်အရာက ငြီးငွေ့ဖွယ်ရာ ရှိသလဲဆိုတာကို တွေးကောင်းတွေးနေမိပါလိမ့်မယ်။ ဒီနေရာမှာ သူမက ယုဖြစ်ခဲ့တယ် ဆိုပါစို့။
တွန့်ကြေနေတဲ့ အိပ်ရာခင်းပေါ်က ကောက်ကြောင်းတွေ၊ သုတ်နံ့ စူးစူးတွေ၊ နှင်းဆီရနံ့သင်းတဲ့ ပေါင်ဒါနံ့ ဖုန်ဖုန်ဖွာဖွာတွေ။ ဒီလိုထဲကမှ လိ_င်ဆက်ဆံဖော် သူမကို မမြင်မိဘဲ ယုကို မြင်မိနေတာ။ ယုမျက်လုံးများထဲက တောက်လောင်နေတဲ့ ရမ္မက်မီးလျှံများကို အငမ်းမရ ငေးမောလိုစိတ်ဖြစ်နေတာ။
ဒိနောက်မှာတော့ ကျနော်က ရုပ်ရှင်ထဲက မင်းသားတွေ စတိုင်လ်တွေ အိုက်တင်တွေကို သဘောကျ အတုခိုးရမယ့်အစား ဒါရိုက်တာ Lou Ye ဖန် အကြီးစား ဖြစ်သွားတယ်။ အရက်တွေသောက်မိလို့ မူးရီလာတိုင်း ကိုယ့်ကိုယ်ကို သူ့ရုပ်ရှင်ထဲက ကင်မရာတလုံးအဖြစ် ပြောင်းလဲမိသွားတယ်။ စူကျိုးမြစ်ရုပ်ရှင်ထဲက ကျားဟုန်ဆန် လိုပ။ ကျနော်နေထိုင်ရာနေရာနားက ချောင်းကလေးကို စူကျိုးမြစ်လို မှတ်ထင်လာတာ။ ဘဝမှာ သူ့ရုပ်ရှင်ထဲကလို အမျိုးသမီးတွေ မရှိတော့ဘူးလား၊ မရှိတော့ဘူးလားပေါ့။ အချစ်ကို မိုက်မဲစွာ ခံစားခွင့်ရတဲ့ အချိန်က ငယ်ရွယ်တုန်းမှ၊ တက်ကြွတဲ့ ကြက်ဖဖြစ်နေတုန်းမှလို့ မှတ်ထင်ထားပေမဲ့ Lou Ye ရဲ့ စူကျိုးမြစ်ကို ကြည့်တော့မှ ကျနော့်စိတ်တွေက မြစ်ရေပြင်ပေါ်က ကြက်ခွပ်ကလေးတွေလိုပဲ ပွက်ထလာသတဲ့။ တနေ့မှာ ဆံပင်အဝါရောင်ကလေးဖြစ်ဖြစ် အနက်ရောင်ကလေးပဲဖြစ်ဖြစ် အို ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ၊ အဲဒီ မိန်းကလေးတယောက်ယောက်နဲ့ အမျိုးအမည်လို့လည်း တေးမှတ်ထားမှု မရှိရတဲ့ မြစ်တမြစ်ရဲ့ အနားသတ်နားမှာ အတူရှိနေချင်စိတ်တွေ ပေါ်ပေါက်လာခဲ့ရတယ်။
မြစ်ကြီးက အရှိန်အဟုန်ပြင်းပြင်းစီးနေမှာဆိုတော့ သူနဲ့အတူပဲ ကိုယ်တို့အထီးကျန်စိတ်တွေ၊ ဘဝထဲက ငြီးငွေ့စရာတွေကို မျှောချပစ်လိုက်ဖို့ ရတယ်လေ။ ဒီအခါမှာ သူမက ကျနော့်ကို ငေးရင်း သီချင်းတပုဒ်ဆိုပြမလား။ ဟင့်အင်း ခင်ဗျားနဲ့ နောက်တခါ အတူမသွားချင်တော့ဘူး ဆိုပြီး စိတ်ကောက်မလား။ ကျနော်ကတော့ Lou Ye ရဲ့ ပင်တိုင် ဇာတ်ကောင် ကျားဟုန်ဆန်း ဖြစ်ချင်နေခဲ့တာ။ ဒီမှာ ကြည့်စမ်းပါဆို ငါ့ Hair Style က သူ့ကေနဲ့ မတူဘူးလား။ ကျနော့်ရူးနှမ်းပုံတွေက အဲသလို လှပပါတယ်။ Lou Ye ကြောင့်ပဲ ကြည်လင်အေးမြစွာ စီးနေတဲ့ စမ်းချောင်းကလေးတွေကစလို့ နောက်ကျိစွာစီးနေတဲ့ မြစ်ကြောင်းတွေကစလို့ ရေအနည်းငယ်သာရှိတော့တဲ့ ရေအိုင်ငယ်ကလေးတွေအထိ မစင်ဘင်ပုပ်တွေပါ မျောလာတတ်တဲ့ ရပ်ကွက်အကြိုအကြားက မြောင်းပုပ်ငယ်များအထိ တိတ်ဆိတ်စွာ ငေးမောလာတတ်ခဲ့ပါတယ်။
ဘဝက မြစ်လိုပဲ အရှည်ကြီးဆိုပါစို့။ ရပ်တန့်၍ မရတော့တဲ့ အဆုံးစွန် ငြီးငွေ့မှုတနေ့မှာ ကျားဟုန်ဆန်းလိုပဲ ခုန်ချပြီးပဲ လွတ်မြောက်ဖို့အထိ ရည်စူးခဲ့မိပါတယ်။
ထူးလုံချောင်းကလေးဘေးနားက ထပြန်ခဲ့ချိန်မှာတော့ မှောင်အတိကျလုပြီ။ ဖုန်းထဲမှာတော့ စူကျိုးမြစ်ရုပ်ရှင်ထဲက Mei Mei လိုက်ဆိုတဲ့ သီချင်းကို ဖွင့်ထားရင်းနဲ့ပဲ လမ်းလျှောက်ပြန်ခဲ့တယ်။ လမ်းလျှောက်ရင်း ဘေးဘီကိုကြည့်တော့ လမ်းနံဘေးက တိုက်တန်းကြီးတွေက မှောင်ရိပ်ထဲမှာ ပိုမို အသက်မဲ့လျက်သားရှိနေတယ်။ ဒီတိုက်တန်းတွေကို လူတွေ ဘာကြောင့် စွန့်ပစ်သွားကြလဲ။ ကျနော်မသိ။ ကျ​နော်သိနေတာက Lou Ye ရဲ့ ကော်မာရှယ်အဆန်ဆုံး ရုပ်ရှင် The Shadow Play ထဲက တိုက်အိုတွေနဲ့ ပတ်သက်ရာကိုပဲ တွေးနေမိတာ။ ပြီးတော့ အဲဒီထဲမှာပဲ သူဖန်တီးမှု ပုံသဏ္ဌာန်အတိုင်း ထပ်တူရုန်းကြွနေတဲ့ အမျိုးသမီး ဇာတ်ကောင်တွေကိုပဲ သတိရနေမိပြန်တာ။
Lou Ye ရဲ့ လွှမ်းမိုးမှုက ဘယ်လောက်ကြီးမားသလဲ ကျနော့်ကို ကျနော် ပြန်လည် သတိပြုမိချိန်မှာတော့ ဖုန်းမှန်ပြင်ပေါ်မှာ Summer Palace Poster ကို ငေးလျက်သား။
အခုတော့ ဘဝဆိုတာ ကိုယ်ပိုင်တာမဟုတ်တော့ စက်တင်ဘာညများထဲက မှောင်ရီညခင်းများထဲကိုပဲ ပြန်ဝင်မိပြန်ပါပြီ။ ယုကိုလည်း ထပ်မံလိုက်မရှာလိုတော့ပါ။ ဆူဆိုက်လုပ်သွားတဲ့ သူ့လက်စွဲမင်းသား ကျားဟုန်ဆန်း အကြောင်းကိုလည်း ဆက်လက် မအောက်မေ့မိတော့ပါ။ ကျနော့်ကိုယ် ကျနော်လည်း ကင်မရာတလုံးသဖွယ် သဘောထားလို့ မရနိုင်တော့ပါ။
ရုပ်ရှင်ရည်ညွှန်း- Suzhou River Movie ( 2000 )
About The Call 749 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*