
“စစ်ရေးစစ်ရာ တပတ်တာ (၄၁)”
■ နောင်လူသစ်
ဩဂုတ်လ ၃ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့အထိ
☆ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၄) ကြိမ် ထက်မနည်း ဖြစ်ခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၃၈) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၁၀) ခုရှိ မြို့နယ်ပေါင်း (၂၃) မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး ဝင်ရောက် သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၂၅ ) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြန်မာစစ်တပ်နှင့် KIA ပူးပေါင်းတပ်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။ ဩဂုတ်လ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က စစ်သင်္ဘောများဖြင့် ဗန်းမော်မြို့ကို လူအင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းပြီးနောက် မြေပြင်ထိုးစစ်ဆင်မှုနှင့် လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှု ပြုလုပ်လာခြင်းကြောင့် နှစ်ဘက်တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့ပြီး KIA ပူးပေါင်းတပ်များကလည်း တန်ပြန်တိုက်စစ်များဖြင့် တိုက်ခိုက်လျက်ရှိသည်။
☆ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာအနီး၌လည်း တိုက်ပွဲပြင်းထန်နေပြီး မြန်မာစစ်တပ်က မြေပြင်စစ်ကြောင်း ထိခိုက်မှုများ ကြုံတွေ့နေရခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
☆ ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ် အစပ်တွင်ရှိသည့် ကျေးရွာများအနီး၌ မြန်မာစစ်တပ် နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ်က နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
☆ ရခိုင်ပြည်နှင့် မကွေးတိုင်း နယ်ခြားအစပ် အမ်း-ပဒါန်းလမ်းပေါ် ရှိ နတ်ရေကန်တောင်ကြောအနီးတွင် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး မြန်မာစစ်တပ်၏ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့သည်။
☆ မြန်မာစစ်တပ်က နေပြည်တော်မှတဆင့် ပဲခူးရိုးမအထက်ခြမ်းသို့ အင်အား ၆၀၀ ခန့်ပါသည့် စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိသည်။ ဒေသအလိုက် တိုက်ပွဲအခြေအနေများကို သတင်းဖေါ်ပြခြင်းမရှိသည်ကိုတွေ့ရသည်။
☆ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများ၌ တိုက်ပွဲပေါင်း (၁၉) ကြိမ်ထက်မနည်း ဖြစ်ခဲ့သည်။
☆ ရန်ကုန်တိုင်းအတွင်း ရွှေပြည်သာမြို့နယ်တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၁) ကြိမ်ရှိခဲ့သည်။
☆ မန္တလေးတိုင်း၊ မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။
☆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဗျူဟာကုန်းနှင့် ထီသဲလယ်စခန်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ တိုက်ခိုက်နေသည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်း ဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲ အရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
Be the first to comment