မောင်ရဲအကြောင်း

‘မောင်ရဲအကြောင်း’
◼️ ခခ
မောင်ရဲက စာကျက်ပျင်းတယ်။
လက်သီးတချက်ထိုးရင် လူ ၁၀ ယောက်လောက် လွင့်ထွက်သွားတဲ့ South Indian ရုပ်ရှင်တွေရဲ့ Plot ကို အလွတ်နီးပါးရတတ်ပေမယ့် Vocabulary ၁၀ လုံးကို ၂ ရက်လောက် ကျက်တာတောင် စာမကျေချင်ဘူး။ With နဲ့ Which ကို အဓိပ္ပါယ်မကွဲသလို အသံထွက်လည်း ဝှစ် တမျိုးထဲသာ ထွက်တတ်တယ်။ Here နဲ့ Hear၊ Their နဲ့ There၊ Head နဲ့ Heart၊ Where နဲ့ When။ အကုန်၊ အကုန်ကို သူ ရောထွေးနေတတ်တယ်။ အသံထွက်တွေဆိုရင်လည်း သူ စိတ်ကူးပေါ်သလို ထွက်ချပစ်တာမျိုး။ Rope ကို ရူပီး လို့ထွက်တယ်။ Tile ကို တီးလ် လို့ အသံထွက်တယ်။ Subject နဲ့ Verb၊ Adjective နဲ့ Adverb ကို ဘယ်လောက်ပဲ ရှင်းပြပါစေ သူ့အတွက်က သပွတ်အူလိုဖြစ်နေဆဲ။ သူ့စာအမှားတွေအကြောင်းပြောရင် ကုန်မယ်တောင် မထင်ပါဘူး။ စာကျက်သာပျင်းတာ နောင်တချိန် ဘာဖြစ်ချင်လဲဆိုရင် အင်ဂျင်နီယာနဲ့ ပိုင်းလော့ကနေ တပြားသားမှ မလျှော့ဘူး။
မောင်ရဲက စက်ဘီးတစီးနဲ့ တမြို့လုံးကို ပတ်နင်းချင်တယ်။
သူ့ကို ဈေးထဲ ဝယ်ခိုင်းချင်ရာ ဝယ်ခိုင်းလို့ရတယ်။ မနက်အစောကြီး အဘွားစားဖို့ Breakfast ပုံမှန် ဝယ်ပေးတယ်။ စက်ဘီးတစီးနဲ့ ဘယ်လောက်ပဲသွားလာနေရပါစေ မပင်ပန်းတဲ့သူက ကျူရှင်သွားနေရတဲ့ တခဏလေးမှာတော့ ပင်ပန်းတယ်။ ကျူရှင်သွားဖို့ စက်ဘီးနင်းတိုင်း ခြေထောက်တွေက ကိုက်သလို ခံစားရတယ်။ ငိုချင်စိတ် ပေါ်လာသလို ငိုလည်းငိုမိတယ်။ ဖျားချင်သလို ခေါင်းကိုက်ချင်သလိုလည်း ဖြစ်တယ်။ မသွားရဖို့အတွက် ဘာကိုမဆို လုပ်ပစ်လိုက်ချင်တယ်။ စာသင်ပေးတဲ့သူက ဦးလေးအရင်းဆိုတော့ မောင်ရဲရဲ့ အချိုးအချိတ်ကို နောကျေတယ်။ အိမ်နဲ့ကျူရှင်ကြား ဘယ်လိုမှ လစ်ထွက်လို့မရ။ ဒါတောင်မှ ကျူရှင်လစ်ဖူးတဲ့အထိ မောင်ရဲက နာမည်လိုပဲ ရဲတယ်။ ကျူရှင်ပိတ်ရက်ကိုလည်း သူ့ဘာသာပဲသတ်မှတ်တယ်။
မောင်ရဲက အစားအသောက်မက်တယ်။
အစားဆို ကောင်းတာမှ စားချင်တယ်။ လိမ္မော်သီးဆိုရင် ပျားလိမ္မော်မှ၊ သရက်သီးဆိုရင် စိန်တလုံးမှ စားချင်တယ်။ မဟုတ်ရင် လက်ဖျားနဲ့တောင် မတို့တတ်ဘူး။ သူ့အမေ လုပ်ကျွေးတဲ့ ပီဇာ၊ ဟမ်ဘာဂါကို သူကြိုက်တယ်။ ကြာဇံကြော်နဲ့ ခေါက်ဆွဲပြုတ်ကိုလည်း လက်မလွှတ်။ အလှူ၊ မင်္ဂလာဆောင်တွေကို ဦးလေးနဲ့လိုက်ပြီး ဒံပေါက်စားတယ်။ ဦးလေးလုပ်သူကလည်း လူတောတိုးရဲအောင် သူတိုင်းသွားမှာ မောင်ရဲကို ခေါ်သွားလေ့ရှိတယ်။ အဝတ်အစား မပြောင်မရောင်တွေ ဝတ်လာရင်တော့ မောင်ရဲ အဆူခံရတတ်ပါတယ်။
မောင်ရဲက အပေါင်းအသင်းမက်တယ်။
ညီလေးတွေနဲ့က အသက်ကွာတာကြောင့် သူ့ခမျာ သူငယ်ချင်းတွေကိုပဲ မင်စရာရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့သူငယ်ချင်းတွေက စစ်ကောင်စီရဲ့ကျောင်းတက်ပြီး သူတယောက်ထဲသာ ဦးလေးနဲ့ အမေရဲ့ ပူးပေါင်းကြံစည်မှုနဲ့ ဖက်ဒရယ်ကျောင်းမှာ တက်ရတယ်။ ဒီတော့ သူငယ်ချင်းတွေနဲ့ အတန်းမတူသလို အစစ အရာရာမှာပါ ခြားနားကုန်တယ်။ စစ်ကောင်စီကျောင်းက ၆ လပိုင်းမှာ စတက်ရပြီး မောင်ရဲတို့ကျောင်းက ၆ လပိုင်းဆိုရင် နှစ်ဝက်စာမေးပွဲဖြေရတော့မယ်။ စာကျက်သာပျင်းတာ ကျောင်းကဖွင့်တဲ့ Oxford English လို သင်တန်းမျိုးကျ ရူးလောက်အောင် တက်ချင်ပြန်တယ်။ သူငယ်ချင်းတွေနဲ့ ပိတ်ရက်တွေမှာ ဘောလုံးစုကန်တာမျိုး၊ စက်ဘီးပတ်စီးတာမျိုး ရှိပေမယ့် စာသင်ခန်းထဲက ဗရုတ်ကျတဲ့ အတွေ့အကြုံမျိုး မောင်ရဲမှာ မရှိရှာဘူး။ သူငယ်ချင်းတွေက ဆိုင်ကယ်ကိုယ်စီနဲ့ vape ကို pro ကျကျ ဖွာနေတာကို မောင်ရဲအားကျတယ်။ မိုက်တယ်လို့ ထင်တယ်။ မောင်ရဲကိုမိဘတွေက သေချာထိန်းသိမ်းရတယ်။ Vape က အဆုတ်နုနုလေးကို ဘယ်လောက်ထိ ထိခိုက်စေလဲဆိုတာ သေချာရှင်းလင်းပြောပြရတယ်။ ကန့်လန့်တိုက်တတ်တဲ့အရွယ်ဆိုတော့ တအားလည်း ကြမ်းတမ်းလို့ မရပြန်။
မောင်ရဲက လူပျိုတအား ဖြစ်ချင်တယ်။
သူများတွေ ၁၄ နှစ်မှာ နှုတ်ခမ်းမွှေးရေးရေးလေးတွေပေါက်၊ အသံတွေဩပြီး ဝက်ခြံဖုတွေ ဟိုတဖု ဒီတဖု ထွက်လာတတ်ပေမယ့် မောင်ရဲက ကလေးသံမပျောက်ဘူး။ ဖုန်းထဲမှာဆို သူ့အသံက သူ့အမေအသံနဲ့ တထေရာထဲ။ ဝက်ခြံတဖု ထွက်တဲ့နေ့ကဆိုရင် ပျော်လွန်းလို့ သူ့မှာ နေစရာမရှိဘူး။ လူတကာကို သူ့ဝက်ခြံဖု လိုက်ပြရင်း တဟီးဟီးနဲ့။ အတွင်းခံဘောင်းဘီဝယ်တာကို ဂုဏ်ယူစရာတခုလို သူပြောတယ်။ သူ့ဦးလေးထားတဲ့ ဆံပင်ကေမျိုး၊ မင်းသားတွေဝတ်တဲ့ ဝတ်စုံမျိုးကို သူ ဝတ်ချင်တယ်။ သူ့စာအုပ်တွေထဲမှာ ခိုင် ဆိုတဲ့ မိန်းကလေးတယောက်အကြောင်းကို ဝတ္ထုရေးသလို တဖွဲ့တနွဲ့ ရေးသေးတယ်။ အရပ်ရှည်လာသလို ရပ်ကွက်ထဲက မိန်းကလေးတွေကြားမှာလည်း မောင်ရဲက ပေါ်ပြူလာပဲ။ လူပျိုသာဖြစ်ချင်တာ ကလေးစိတ်က မပျောက်။ ညီငယ်လေး ၂ ယောက်နဲ့ အလုအယက်ဆော့ရင်း အိမ်ထဲကပစ္စည်းတွေ ကျိုးပဲ့ကုန်ရင်၊ ကလေးတွေ အနာတရဖြစ်ကုန်ရင် မောင်ရဲ အဆူခံရပါတယ်။
မောင်ရဲရင့်က အဆူခံရတာကို မကြိုက်ဘူး။
တခါတလေကျ မိဘက ဆူတာမဟုတ်ဘဲ ဖြစ်သင့်ရာကို ပြောပြတာ။ စဉ်းစားတတ်အောင် သင်ပေးတာ။ ပြောရရင် ဆုံးမတာ။ ဒါပေမယ့် သူ့အတွက်က ဆူတယ်လို့ ထင်ချင်စရာ၊ ချုပ်ချယ်တယ်လို့ တွေးစရာ ဖြစ်နေတယ်။ သူ့ကို ဆုံးမနေရင် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး အခုပဲ တရားရပြီး တောထွက်တော့မှာလိုလို သံဝေဂတွေပဲ ရသလိုလို ဖြစ်သွားတတ်တယ်။ ပြီးရင် မိနစ်မခြား စာကျက်ပျင်းတယ်၊ ပြန်ဆော့တယ်၊ အမှားတွေ ဆက်လုပ်တယ်။ သူ့အမေက “ငါ့သားက ရှေ့ဆက်ပြီး လူလုပ်စရာ အများကြီးရှိသေးတယ်။ အသိတရားရှိမှရမှာနော်” လို့ အမြဲပြောလေ့ရှိတယ်။
မောင်ရဲက လူချစ်လူခင်ပေါတယ်။
ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦအောက်ကနေ သူ့ကို ပြန်ရှာတွေ့ချိန်မှာ မောင်ရဲကို လူတွေဘယ်လောက်ထိ ချစ်တယ်ဆိုတာ သေချာစွာ ထင်ရှားလာတယ်။ အိမ်ပြိုသူ၊ ထိခိုက်သူ၊ သေဆုံးသူတွေနဲ့ အိမ်တိုင်းနီးပါး ကိုယ့်အပူနဲ့ကိုယ် ဖြစ်နေတာတောင် မောင်ရဲအတွက် လူတွေ မျက်ရည်ကျကြတယ်။ မောင်ရဲကို တကူးတက လာကြည့်ကြတယ်။ မောင်ရဲက ဝတ်နေကျ အနီရောင် ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ထားတယ်။ ခြေမျက်စိနားမှာ မျှော့အစည်းပါတဲ့ အပြာရောင် ဂျင်းဘောင်းဘီနဲ့။ မောင်ရဲကို ထမ်းစင်ပေါ်တင်ပြီး ခေါ်လာချိန်မှာ တလမ်းလုံးကလူတွေ မျက်ရည်မစဲနိုင်ကြ။ ရုပ်ပျက် ဆင်းပျက်ဖြစ်မသွားပေမယ့် မောင်ရဲ နားထဲက သွေးတွေက မတိတ်။ အသက်သာ ရှင်မယ်ဆိုရင် ဘယ်တော့မှ စက်ဘီးစီးလို့ မရလောက်အောင်အထိ သူ့ခြေထောက်တဖက်က လိန်နေပြီ။ မိသားစုက လောကရဲ့ အဖြစ်အပျက်သဘောကို နှလုံးသွင်းရင်း အရာရာကို လက်ခံယူဖို့ကြိုးစားတယ်။ ခက်ခဲတယ်။ သိပ်ကိုခက်ခဲပါတယ်။ လစ်ဟာသွားတဲ့ ရင်ထဲက ကွက်လက်က ဘာနဲ့ဖြည့်ဖြည့် မပြည့်တော့ပါ။ ပျော်ရွှင်မှုက ဘာလဲ။ အေးချမ်းမှုကရော ဘယ်လိုအရာလဲ။ ဘာဆို ဘာမှ မသိတော့ပါ။ စစ်မက်ဖြစ်ပွါးရာ ဒေသတွေက လူတွေအပေါ် ပိုပြီး ကိုယ်ချင်းစာနိုင်သွားကြတယ်။ မောင်ရဲနာမည်ကို ကွင်းစကွင်းပိတ်ထဲထည့်ရတာကို မိသားစုက ဘယ်လိုမှ အသားမကျနိုင်။ နှုတ်ကနေ ထုတ်မပြောကြပေမယ့် အိမ်ရှေ့တံခါးဝကနေ သားပြန်လာပြီလို့ အော်ဟစ်ပြီး မောင်ရဲဝင်လာမှာကို စိတ်ကူးမယဉ်မိတဲ့သူ မရှိဘူး။ ဘာကြောင့် ကလေးမှလဲ၊ ဘာကြောင့် ငါမဟုတ်ရသလဲလို့ မတွေးမိသူလည်း မရှိပါဘူး။ အားလုံးရဲ့ ရင်ထဲမှာ ရှင်ကျန်နေမှုအပေါ် မလုံမလဲတဲ့ စိတ်တွေနဲ့။
မောင်ရဲကို လွမ်းတယ်။
ဘယ်အချိန်မှာမှ သူ့အကြောင်းကို မျက်ရည်မပါဘဲ ပြောနိုင်၊ စဉ်းစားနိုင်မလဲ မသိပေမယ့် အခုထိတော့ နွမ်းနေအောင် ဝမ်းနည်းရဆဲ၊ နင့်နေအောင် နာကျင်ရဆဲပါပဲ။
About The Call 783 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*