ဖြစ်ပုံကိုယ်တွေ့တခု (၃)

‘ဖြစ်ပုံကိုယ်တွေ့တခု (၃)’
◼️ ထွင်
သည်​ ဖြစ်ပုံကလေးကတော့ ကျွန်ုပ်က အကြားအာရုံမသန်စွမ်းလို့ ဖြစ်ရသည့် ဖြစ်ပုံကလေးပါ။
(2022) တုန်းကပေါ့။ ကျွန်ုပ်က ကျွန်ုပ်တို့နယ်မဟုတ်သော နယ်စိမ်းဒေသတခုတွင် တော်လှန်စားဖိုမှူးအဖြစ် တာဝန် ထမ်းဆောင်နေခဲ့ပါသည်။
နယ်စိမ်းဆိုတော့ သည်ဒေသက လူတိုင်းကို အရင်က မမြင်ဖူးပါ။ သည်တော့ မြင်သမျှ လူတိုင်းကိုလည်း သည်နယ်၊ သည်ရွာက လူတွေဟုပဲ ထင်မှတ်နေခဲ့သည်။ ကျွန်ုပ်က တော်လှန်စားဖိုမှူးဆိုတော့လည်း ကျွန်ုပ်တို့ကန့်(Camp)ကို ရောက်လာသည့် ဧည့်သည်မှန်သမျှကို ဧည့်ဝတ်ကျေပွန်ရပါသည်။
ကျွန်ုပ်တို့ကန့်ထံသို့ တပ်ပေါင်းစုံမှ မိတ်ဘက်တပ်သားများစွာ လာလည်ကြသည်။ စနိုက်ပါသမားကြီးတွေရော။ ကျွန်ုပ်တသက် တကိုက်လောက်ရှည်သော စနိုက်ပါကြီးတွေကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ မြင်ဖူးကြရခြင်းဖြစ်သည်။ တိုက်ပွဲအတွက် ဆွေးနွေးကြ၊ မိုင်းအရေအတွက် မှာကြားကြနှင့်။
ဧည့်သည်လာလျှင် အသင့်ဧည့်ခံဖို့ ရေနွေးအိုးအပြည့် ကျိုချက်၊ ဓာတ်ဘူးအပြည့် ဖြည့်စွက်ထားပေးတတ်သည်။ ကော်ဖီထုပ်၊ မုန့်ကြွပ်ကလေးရှိလျှင် အသင့်ချထားပေးတတ်သည်။ လက်ဖက်ရှိလျှင် အပြေးကလေး သုပ်ပေါ့။
တနေ့တော့ ကျွန်ုပ် အသီးအရွက် သင်နေခိုက် ကန့်တဲရှေ့သို့ အသက်ငါးဆယ်အရွယ် အမျိုးသားကြီးတဦး ရောက်လာသဖြင့် ကျွန်ုပ်ကလည်း သည်ရွာက ဧည့်သည်ထင်ပြီး ထိုင်ပါဦးဟု လောကွတ်ပြုလိုက်သည်။ သူလာသည်က ရွာဘက်လမ်းကနေ မဟုတ်။ ဆန့်ကျင်ဘက် ဘာရွာမျှ မရှိသည့် တောကြီးဘက်ကနေ လာခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကန့်က မိုင်းများကို အဓိက လုပ်သဖြင့် ကျန်သည့်ကောင်တွေက မီးစက်သံ တထုပ်ထုပ်ကြားမှာ မိုင်းလုပ်၊ သံတိုသံစတွေ ဖြတ်နေကြသဖြင့် မရှိ။ ခပ်လှမ်းလှမ်းတနေရာလေးမှာပဲ ဖြစ်သည်။
ကျွန်ုပ်လည်း ဧည့်သည်လာသဖြင့် ရေနွေးအိုးချ၊ ကော်ဖီ၊ မုန့်နှင့် ဧည့်တည်သည်။ ဧည့်သည်ကလည်း ကျွန်ုပ်အနား လာထိုင်သည်။
ထိုစဥ် မိုင်းလုပ်နေသည့် ကောင်တယောက်က ရေဆာသဖြင့် ရေလာသောက်ရင်း ဧည့်သည်ကို မြင်သွားပြီး စကားတွေ ပြောနေကြပါသည်။ ကျွန်ုပ်က အကြားအာရုံ မသန်စွမ်းသူမို့ ဘာတွေ ပြောနေကြသည်မသိ။ ယခုဧည့်သည်က သည်ကို ကိစ္စရှိသဖြင့် လာရင်းကိစ္စကို ပြောနေသည်ဟု ထင်မှတ်နေခဲ့သည်။ အဲ့အချိန် တခြားကောင်တွေလည်း လုပ်လက်စကို ခဏနားရန် ရောက်လာကြသည်။ ဧည့်သည်နှင့် စကားတွေ ပြောနေကြပြန်သည်။
စကားတွေ ပြောနေကြသည်မှာ အတော်ကြာသည်။ ကြာနေတာတောင်မှ ဧည့်သည်က ရေနွေးတခွက်မသောက်၊ မုန့်တချပ်မှ မထိ။ သည့်ကြောင့် မုန့်စားပါဦး၊ ကော်ဖီသောက်ပါဦးဟု ကျွန်ုပ်က လောကွတ်ပြုနေမိသည်။ သို့သော်လည်း ဧည့်သည်က လုံးဝ မထိ။ ကောင်တွေ လေးငါးယောက်က ဧည့်သည်ကို ဝိုင်းပြောနေကြသည်။ လေသံကတော့ မာမာထန်ထန်မရှိပါ။ သို့သော်လည်း ကျွန်ုပ်က တခွန်းမှ နားမလည်သေး။ ကျွန်ုပ်ကို တိုက်ရိုက်ပြောမလာလျှင် လုံးဝ နားမလည်တတ်။ စကားတွေ အတော်ကလေး ပြောပြီးသည့်အခါမှ ဧည့်သည်က ရေနွေးတစက်ပင်မသောက်ဘဲ ထပြန်သွားသည်။ သည်တော့မှ ကောင်တယောက်က ကျွန်ုပ်ကို တိုက်ရိုက်လာပြောသောကြောင့် နားလည်သော စကားကို ကြားရတော့သည်။
‘ခများ ဘာလို့ အဲဒီလူကို ကော်ဖီတွေတိုက်၊ မုန့်တွေ တကျွေးကျွေးလုပ်နေတာတုန်း။’
‘ဟင် ဧည့်သည်မလို့လေ။’
‘ဘယ်က ဧည့်သည်ရမှာတုန်း၊ အဲဒါ လူစိမ်း၊ ဘယ်ကမှန်းမသိ၊ မြင်လည်း မမြင်ဖူးဘူး၊ ကျုပ်တို့ကန့်ကို လိုက်စုံစမ်းနေသလားတောင် မပြောတတ်ဘူး၊ ဒလန်လည်း ဖြစ်နိုင်တယ်။’
‘ဟင် အဲ့လိုကြီးလား၊ ငါက ဒီရွာက ဧည့်သည်မှတ်လို့၊ ဒါဆိုလည်း မင်းတို့က အော်ငေါက်လွှတ်လိုက်ပါလား၊ ဘာလို့ ကြည်ကြည်ဖြူဖြူ ပြောနေတာလဲ။’
‘ဘယ်ကလာ ကြည်ကြည်ဖြူဖြူ ပြောရမှာလဲ၊ ငေါက်နေတာပဲလေ၊ ခများကမှ မကြားတာ၊ ဒါ့ကြောင့် ခင်များကို ပြောပြောနေတာ၊ ဘယ်သူလာလာ ​​ကော်ဖီတွေ မုန့်တွေ ချချမကျွေးပါနဲ့လို့၊ အဲဒါတွေက ဧည့်သည်တွေ ကျွေးဖို့များ မှတ်နေလား၊ ကျုပ်တို့စားဖို့ဗျ ကျုပ်တို့စားဖို့။’
သည်တော့ ကျွန်ုပ်သည် မျက်နှာငယ်လေးနှင့် ပါးစပ်ပိတ်သွားရသည်။
ကောင်တွေက ကျွန်ုပ်ကို အော်သာအော်သည် နားလည်မှုတော့ ပေးကြလိမ့်မည်ထင်ပါသည်။ ကျွန်ုပ်ဟာ အကြားအာရုံ မသန်စွမ်းသောကြောင့်နှင့် ဒေသစိမ်းက လာခဲ့သောသူ ဖြစ်သောကြောင့်ပင်။ သည်တော့ ကျွန်ုပ်ပြောလိုက်သလို သည်ရွာကလူလို့ ထင်နေမှာပဲဟုလည်း တွေးပေးကြလိမ့်မည်။
ကျွန်ုပ်သာ ကျွန်ုပ်အဖြစ်ကို တွေးပြီး ​ကြက်သီးထမိသည်။ တကယ်လို့များ သည်လူစိမ်းသည် ဒလန်ဖြစ်နေလျှင် သို့မဟုတ် အရပ်ဝတ်နှင့် အရပ်သားယောင်ဆောင် စစ်သားဖြစ်နေလျှင် ကန့်တဲမှာ တယောက်တည်း ထမင်းချက်နေသော ကျွန်ုပ်ကို လည်လှီးသတ်သွားမလား မဆိုနိုင်။ ကျွန်ုပ်တို့ကန့်သည် ကျွန်ုပ် ရောက်မလာခင်က စစ်ခွေးများ တကြိမ် ဝင်စီးခံရဖူးသည်။ ကန့်တဲများအား မီးရှို့ဖျက်ဆီးခံရဖူးသည်။ မီးလောင်ထားသော ပြာပုံများ ယခုအထိ ရှိနေသေးသည်။ တကြိမ်ဝင်စီးပြီးသော နေရာကို နောက်တကြိမ် ဝင်မစီးတော့ဘူးအထင်နှင့် သည်နေရာမှာပဲ ဆက်ပြီး ကန့်အဖြစ် တည်ရှိနေခြင်းပင်။ ကန့်နေရာကို လူသိမည်စိုးသောကြောင့် ရွာနှင့် အတော်ဝေးဝေးနေရာမှာ တည်ရှိနေရသည်။ သူလျှိုဒလန်များကလည်း ကန့်နေရာများကို လိုက်လံစုံစမ်းပြီး စစ်တပ်ထံ သတင်းပေးနေကြသည့် အဖြစ်တွေလည်း ရှိသေးသည်။
လူစိမ်းသည် တခြားကောင်တွေက သူ့ကို ငေါက်လိုက်၊ ကျွန်ုပ်က ဧည့်ခံကျွေးမွေးလိုက်နှင့် ဘယ်လိုနားမလည်ဖွယ်ကောင်းသည့် အဖြစ်ပါလဲဟု တွေးနေလိမ့်မည်ဟု ကျွန်ုပ်တွေးနေခိုက်မှာပဲ ကောင်တယောက်က မိုင်းလုံးကြီးနှင့် ဘက်ထရီအိုးလေးကို မိုင်းစမ်းသပ်သည့်နေရာသို့ သယ်သွားသည်ကို တွေ့လိုက်ရသည်။ ခဏလေးမှာပဲ ဝုန်းကနဲ မိုင်းကွဲသံကြီးကို ကြားလိုက်ရသည်။ ခုနက လူစိမ်း ကြောက်သွားအောင် ခြောက်လှန့်လိုက်ခြင်းသာ ဖြစ်သည်။ ပြီးမှ ကျွန်ုပ်လည်း သတိရပြီး အဲ့လူစိမ်းက ဘာလုပ်လာတာတဲ့လဲဟု ဘေးကကောင်ကို မေးလိုက်သည်။ နွားပျောက်လာရှာတဲ့ ဟု ဖြေပါသည်။ တကယ် နွားပျောက်လာရှာသော သာမန်ပြည်သူသာ ဖြစ်ပါစေဟု ကျွန်ုပ် ဆုတောင်းလိုက်သည်။
တကယ်ဒလန်သာဆိုလျှင် ကျွန်ုပ်တို့၏ ကန့်နေရာအတိအကျကို သိသွားပြီမဟုတ်လား။ ကံကောင်းစွာပဲ ကျွန်ုပ်တို့ကန့်သည် ယခုအထိ အေးအေးချမ်းချမ်း ရှိနေသေးသည်။
(20.7.2025)
About The Call 783 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*