စီးပွားရေးက ဖိအားပေးထားတဲ့ စိနနိုင်ငံရေး

⁨“စီးပွားရေးက ဖိအားပေးထားတဲ့ စိနနိုင်ငံရေး”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ကျော်​​ဇောခိုင်

စက်တင်ဘာ ၃ ရက်နေ့က‌ ဘေဂျင်းမှာ ဂျပန်ကျူးကျော်စစ် (၁၉၃၁-၄၅) ကို အောင်မြင်တဲ့ တရုတ်ခုခံစစ် နှစ် ၈၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့တယ်။ ရှီကျင်းပင်က သူ့ရဲ့မိန့်ခွန်းမှာ ဒီအောင်မြင်မှုဟာ သမိုင်းရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းတခုဖြစ်တယ်၊ ဒုက္ခပေါင်းစုံနဲ့ တွင်းဆုံးကျနေတဲ့ တရုတ်ပြည်အတွက် အားသစ်လောင်း ပြန်လည်ရှင်သန်နိုင်တဲ့ ခရီးအစကို တွန်းပို့နိုင်ခဲ့သလို ကမ္ဘာကြီးအတွက်လည်း ဖက်စစ်ဆန့်ကျင်ရေး စစ်အောင်ပွဲတခု ဖြစ်တယ်လို့ ဆိုခဲ့တယ်။

‘စနစ်ရဲ့ တရားကိုယ်ထဲကအမှား’
ဒီပွဲဟာ တရုတ်နိုင်ငံရေး လေ့လာသူတွေ စောင့်ကြည့်နေတဲ့ ပွဲတခုဖြစ်တယ်။ ပြည်တွင်းပြည်ပ နှစ်ဘက်စလုံးရဲ့ ဒီရက်ပိုင်းသတင်းတွေဟာ ရှီကျင်းပင်ရဲ့ ကမ္ဘာ့နိုင်ငံရေး တည်ငြိမ်မှုအစဥ်အလာ၊ ဝင်ရိုးစုံကမ္ဘာနဲ့ အမေရိကန်ဆန့်ကျင်ရေး စတဲ့ အယူအဆတွေကို ရှေ့တန်းတင်နိုင်ခဲ့သလို တရုတ်ဗဟိုပြုတဲ့ စီးပွားရေးရပ်ဝန်း တခုကိုလည်း အလွတ်သဘော စုစည်းနိုင်ခဲ့တာ တွေ့ရတယ်။ ဒီပွဲကို ဦးဆောင် ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်တွင်းမှာ သူ့ပါဝါ ကျဆုံးခန်းကို ရောက်လာပြီ၊ နောက်ဆုံးရက်တွေ နီးကပ်လာနေပြီလို့ ထင်ကြေးပေး ပြောဆိုနေတဲ့ သတင်းတွေကို ရှီကျင်းပင်ဘက်က အတန်အသင့် ပြန်လည် ချေဖျက်ပြနိုင်ခဲ့တယ်လို့တော့ ပြောရမှာဖြစ်တယ်။

ရှီကျင်းပင်ဟာ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ချမှတ်ခဲ့တဲ့ ငါးနှစ်သက်တမ်း ၂ ကြိမ် ပါဝါအပြောင်းအလဲ လုပ်ရမယ်ဆိုတဲ့ သဘောတရားကို သူ့လက်ထက်မှာ ပြုပြင်ပြောင်းလဲခဲ့ပြီး ၂၀၂၂ သက်တမ်းကုန်ချိန်မှာ နောက်ထပ်ငါးနှစ် (၂၀၂၂-၂၀၂၇ တတိယသက်တမ်း) ကို ဆက်လက် ရယူခဲ့တယ်။ အဲဒီအချိန်ကစလို့ သူ့အာဏာကို ဆန့်ကျင်တိုက်ခိုက်မှုတွေဟာ နှစ်တိုင်းမှာ ထွက်ပေါ်လာလေ့ရှိပြီး ၂၀၂၄ ခုနှစ်မှာ ပိုပြီး ထင်ရှားလာတာကို တွေ့ရတယ်။ ၂၀၂၅ မေလမှာ သူ လူမြင်ကွင်းနဲ့ သတင်းတွေပေါ်ကနေ နှစ်ပတ်ခန့် ပျောက်သွားချိန်ကစလို့ သူ့ကျန်းမာရေး ချို့ယွင်းလာမှု (ဖြစ်နိုင်ဖွယ်ရှိတဲ့ ခွဲစိတ်ကုသမှုတွေကို) ခန့်မှန်းပြောဆိုလာကြတယ်။

တရုတ်နိုင်ငံရေးကို ကျွမ်းကျင်တဲ့ လေ့လာသုံးသပ်သူတဦးရဲ့ အဆိုအရ ရှီကျင်းပင်ရဲ့ ပြဿနာဟာ ကျန်းမာရေးမဟုတ်ဘဲ တရုတ်စီးပွားရေးကို ခိုင်မာ‌အောင် မကိုင်တွယ်နိုင်မှု ဖြစ်တယ်လို့ဆိုတယ်။ တကယ်တော့ စီးပွား‌ရေးပြဿနာ ဆိုရာမှာလည်း ပေါ်လစီအမှားကြောင့် ဆိုတာထက် တည်ဆောက်ပုံ အမှားကြောင့်ဖြစ်တယ် (တနည်းပြောရရင် စီးပွားရေးစနစ်ရဲ့ အတွင်းမှာကို အမှားရှိနေတာကို ဆိုလိုတယ်) လို့ ကောက်ချက်ချတာ တွေ့ရတယ်။ ဆိုလိုတာက လက်ရှိ တရုတ်စီးပွားရေးစနစ်ဟာ အရင်းစနစ်ပဲဖြစ်တယ်။ တရုတ်တွေကတော့ ဒါကို တရုတ်ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ ဆိုရှယ်လစ်စနစ်လို့ နာမည်ပေးတယ်။ ဘယ်လိုနာမည်ပဲပေးပေး စျေးကွက်စီးပွားရေးဆိုတာဟာ အရင်းစနစ်နဲ့ မောင်းနှင်တာဖြစ်တယ်။ ဗဟိုက ဦးဆောင်အမိန့်ပေးတဲ့ စျေးကွက်စီးပွားရေးစနစ်ဆိုတာ တချိန်မှာ သေချာပေါက် ကျဆုံးမှာပဲဖြစ်တယ်လို့ အရင်းစနစ်ရဲ့ နာမည်ကျော် စီးပွားရေးပညာရှင်တွေက သဘောထား ပေးခဲ့ပြီးသားဖြစ်တယ်။ ဆိုတော့ တရုတ်စီးပွားရေးဟာ တရားကိုယ်မှာကို အမှားရှိနေတာဖြစ်တယ်။

(မှတ်ချက်။ နီရိုလစ်ဘရယ်ရဲ့ ခေါင်းကိုင်ဖခင် နှစ်ဦးထဲက တဦးအဖြစ် ထင်ရှားတဲ့ သြစတြီးယန်း-အင်္ဂလိပ် စီးပွားရေးပညာရှင် ဟိုင်းယက် (Friedrich Hayet) ဟာ သူ့ရဲ့ နာမည်ကျော် The Road to Serfdom – 1944) မှာ ဒီသဘောတရားဖြစ်တဲ့ စျေးကွက်ကို ဗဟိုအာဏာကနေ ချုပ်ကိုင်မောင်းနှင်မယ့် စီးပွားရေးစနစ်ရဲ့ ကျဆုံးခန်းကို သတိပေး ရေးသားခဲ့တယ်။ ၁၉၈၈ မီလ်တန် ဖရိုက်မင်း ဟောပြောပွဲတခုကြောင့် တရုတ်ကိုရောက်တော့ ပါတီအထွေထွေအတွင်းရေးမှူး ကျောက်ကျိယန်ကဖိတ်လို့ ၂ နာရီကြာ တွေ့ဆုံတယ်။

(၁၉၈၉ မှာ တိန့်ရင်မင် အရေးအခင်းကြောင့် တိန့်ရှောင်ဖိန်ဦး‌ဆောင်တဲ့ တရုတ်ခေါင်းဆာင်မှုက ကျောက်ကျိယန် ကို ထိန်းသိမ်းလိုက်ပြီးတဲ့နောက်မှာ ဘေဂျင်းမြို့တော်ဝန်က ဆန္ဒပြသူတွေကို မိန့်ခွန်းတခု ဖတ်ပြခဲ့တယ်။ အဲဒီမှာ ပါတီခေါင်းဆောင် ကျောက်ကျိယန်ဟာ အမေရိကန် အစွန်းရောက် လစ်ဘရယ် စီးပွားရေးပညာရှင်တဦးနဲ့ တွေ့ပြီး ပါတီရဲ့ ဆိုရှယ်လစ်အစဥ်အလာကို လစ်ဘရယ်အရင်းစနစ်နဲ့ အစားထိုးဖို့ ကြိုးစားခဲ့တယ်လို့ ဖော်ပြခဲ့တယ်။)

‘ခေါင်းဆောင်မှု ၃ နေရာ’
တရုတ်မှာ ရှီကျင်းပင်ရဲ့ တတိယသက်တမ်း တိုးချဲ့ဦးဆောင်မှုနဲ့ ပတ်သက်လို့ အမြဲလို ဝေဖန်ရေးသားတဲ့ သတင်းဌာနတခုရဲ့ အဆိုအရ နှစ် ၈၀ ပြည့် အခမ်းအနားမှာ ဒုတိယအဆင့် ခေါင်းဆောင်ဖြစ်တဲ့ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ကျန်းယို့ရှာ (Zhang Youxia) ဟာ ပထမအဆင့် ခေါင်းဆောင်တွေနဲ့ တတန်းထဲထိုင်နေတာကို ထောက်ပြ ပြောဆိုလာခဲ့တယ်။ တရုတ်သတင်းတွေကို ဝေဖန်သူတိုင်းမှာ သဘောတူတဲ့အချက်ကတော့ ကျန်းယို့ရှာဟာ လက်ရှိ စစ်တပ်ကို ဦးဆောင်နေပြီ ဆိုတာပဲဖြစ်တယ်။ ရှီကျင်းပင်ရဲ့ စစ်ကော်မရှင်ဥက္ကဋ္ဌ ရာထူးဟာ ဟန်ပြပဲ ရှိတော့တယ်လို့ဆိုတယ်။

ဒါပေမယ့် ရှီကျင်းပင်နဲ့ ပေါ်လစ်ဗျူရို ဦးဆောင်ကော်မတီ ၇ ဦးနဲ့ ဒုသမ္မတတို့ဟာ အခမ်းအနားမှာ ရှေ့ဆုံးတန်းမှာတတန်းထဲထိုင်နေတာဟာ အခြေအနေတွေကို ထိန်းသိမ်းထားနိုင်တယ်လို့ ဖော်ပြနေသလိုဖြစ်တယ်။ (မှတ်ချက်။ ဒုသမ္မတရာထူးဟာ အဆောင်အယောင် ရာထူးသာဖြစ်၊ လက်ရှိ ဒုသမ္မတဟာ ၂၀၁၇-၂၂ ရဲ့ ပေါ်လစ်ဗျူရို ဦးဆောင်အဖွဲ့ဝင်ထဲမှာ ပါပေမယ့် ၂၀၂၂ ပြန်ဖွဲ့တော့ ချန်လှပ်ခံထားရပြီး ၂၀၂၃ မှာ ဒုသမ္မတ ရာထူးကိုရတယ်။ ထရမ့်သမ္မတ ကျမ်းကျိန်အခမ်းအနားကို တက်ဖို့ စေလွှတ်ခံရသူဖြစ်တယ်။ ရှီကျင်းပင်နဲ့ နီးစပ်သူလို့ ဆိုနိုင်ပေမယ့် အတွင်းစည်းထဲက မဟုတ်ဘူးလို့ လေ့လာသူတွေက သတ်မှတ်တယ်။)

လက်ရှိအနေအထားကို ပြန်သုံးသပ်ရရင် စစ်တပ်ကို ကျန်းယို့ရှာ ဦးဆောင်မှု ပေးနေတယ်ဆိုရာမှာ ဖြစ်နိုင်ခြေရှိနေတာ တွေ့ရပေမယ့် နောက်ကွယ်က ဟူဂျင်တောင်အုပ်စုရဲ့ ထောက်ခံမှုနဲ့ တစင်ထောင်နေတယ်ဆိုတဲ့ အနေအထားမှာတော့ လေ့လာသူတချို့ကြား ကွဲပြားတဲ့အမြင်တွေရှိနေတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ၂၀၂၂ ရှီကျင်းပင် အာဏာ ဆက်ယူခဲ့စဥ်တုန်းက သူက အဓိက ထောက်ခံပေးခဲ့သူ ဖြစ်လို့ဖြစ်တယ်။ ရှီကျင်းပင်ကို ဆန့်ကျင်သူတွေ အတွင်းမှာကိုပဲ လက်ရှိသက်တမ်းကို ၂၀၂၇ အထိ ထိန်းခေါ်သွားပြီး တည်တည်ငြိမ်ငြိမ် ပြောင်းလဲလိုသူတွေနဲ့ လာမယ့် အောက်တိုဘာ ၄ ကြိမ်မြောက် ဗဟိုကော်မတီ စုံညီအစည်းအဝေးမှာ ပါဝါကို စတင် ခွဲဝေပေးဖို့ဆိုတဲ့ သဘောထားကို ဆွဲကိုင်ထားသူတွေ ရှိနေတာကိုလည်း တွေ့ရတယ်။

ရှီကျင်းပင်အနေနဲ့ ဖြစ်နိုင်ရင် ပါဝါကို ထိပ်မှာ သူတဦးတည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားနိုင်ဖို့ဆိုတာ သံသယဖြစ် ဖွယ်ရာမရှိ။ ဒါပေမယ့် ဘယ်လိုပဲ အဖွဲ့အစည်းတွေနဲ့ လက်သင့်ရာအာဏာရှင်တွေ စုစည်း အကောင်အထည်ဖော် ပေမယ့် အရင်းစနစ်ရဲ့ စီးပွားရေးပြဿနာတွေဟာ အစိတ်အပိုင်းတခုကို စျေးကွက်အတွင်းမှာ စျေးကွက်ကိုယ်တိုင်က ဖြေရှင်းပေးလိုက်တာဖြစ်ပြီး အစိတ်အပိုင်းတခုမှာ အစိုးရက ဝင်ရောက် ထိန်းကျောင်းပေးရတာမျိုးဖြစ်တယ်။ ဆိုလိုတာက ရှီကျင်းပင် ပုံစံသာမဟုတ်၊ ထရမ့်ရဲ့ အရင်းစနစ်ကို ထိပ်ကကိုင်ပြီး ကုန်သွယ်ရေးစစ်နဲ့ အလှည့်အပြောင်းလုပ်မယ်ဆိုတဲ့ ပုံစံသည်ပင်လျှင် အကျပ်အတည်းတွေ့နေတဲ့ အမေရိကန်စီးပွားရေးကို ပြောင်းလဲမှု (Reform) မဟုတ်ဘဲ ရမ်းကားမှုသဘော သက်ဝင်တာကို တွေ့ရတယ်။

ရှီကျင်းပင်ဟာ လက်ရှိအနေအထားကို ကောင်းမွန်အောင် ကိုင်တွယ်ထားနိုင်သည် ဆိုဦးတော့ ရာသက်ပန် အာဏာရှင်ဘဝကို စွန့်လွှတ်ဖို့ကတော့ အနှေးနဲ့အမြန် ဖြစ်လာမှာပဲဖြစ်တယ်။ လက်ရှိ ရှီကျင်းပင်၊ ပေါ်လစ်ဗျူရို ဦးဆောင်ကော်မတီနဲ့ တရုတ် ပါတီခေါင်းဆောင်ပိုင်းမှာ စဥ်းစားနေတာက ဖြစ်လာမယ့် အပြောင်းအလဲက လက်ရှိအာဏာရခေါင်းဆောင်တွေက ဦးဆောင်တဲ့ အပြောင်းအလဲလား (ရှီကျင်းပင်ကိုယ်တိုင် ရွေးချယ်တဲ့ နောက်ထပ် ပါတီခေါင်းဆောင်လား) ဒါမှမဟုတ် အတိုက်အခံအုပ်စုက ‌ရွေးချယ်လာမယ့်သူလား ဆိုတာပဲဖြစ်တယ်။

ရှီကျင်းပင်က ရွေးနိုင်ခဲ့ရင် လက်ရှိ ဦးဆောင် ပေါ်လစ်ဗျူရိုရဲ့ အသက်အငယ်ဆုံးနဲ့ နံပါတ်စဥ် ၆၊ ရှီကျင်းပင်ရဲ့ အနီးကပ်လူယုံ၊ ရှီကျင်းပင် ခေါင်းဆောင်မှုသဘောတရားကို လိုက်နာသူ၊ အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်သူနဲ့ သိပ္ပံနဲ့နည်းပညာပိုင်းဆိုင်ရာမှာ နောက်ခံရှိသူ တိန့်ကျူစန်း (Ding Zuexiang) ဖြစ်လာနိုင်ခြေရှိတယ်။ အတိုက်အခံအုပ်စုက အားသာခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းက ဦး‌ဆောင် ပေါ်လစ်ဗျူရိုနဲ့ ဒုဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၂၂ မှာ ဦးဆောင် ပေါ်လစ်ဗျူရိုကနေ ဖယ်ရှားခံရသူ၊ ဟူဂျင်တောင်ရဲ့ပါ တီလူငယ်အုပ်စု နောက်ခံထဲကဖြစ်ပြီး ရှီကျင်းပင်သက်တမ်းအပြီးမှာ ပါတီခေါင်းဆောင် ဖြစ်လာနိုင်သူလို့ တစ်ပေးခံရသူ၊ ဟူဂျင်တောင် အထွေထွေညီလာခံမှာ အစည်းအဝေးခန်းထဲက ဆွဲထုတ်ခံရတာ သူ ဦးဆောင်ပေါ်လစ်ဗျူရိုထဲ ပြန်ပါမလာလို့ဆိုပြီး ထင်ကြေးပေးခံရသူ ဟူချွန်ဟွာ (Hu Chunhua) ဖြစ်ဖို့ နီးစပ်နေတယ်လို့ ခန့်မှန်းကြတာ တွေ့ရတယ်။

ပါတီအထွေထွေအတွင်းရေးမှူး ရာထူးကို တဘက်ဘက်က စိတ်ကြိုက်ခန့်နိုင်ခဲ့ရင် သမ္မတရာထူးကတော့ နှစ်ဘက်စလုံးက လက်ခံနိုင်မယ့် ကြားလူတဦးဦး ဖြစ်လာနိုင်ခြေရှိတယ်လို့ တရားဝင်နဲ့ တရားမဝင် သတင်းခန့်မှန်းချက်တွေကို သုံးသပ်ကြည့်ပြီး ကောက်ချက်ချရင် သင့်မယ်လို့ ယူဆရတယ်။

#ကျော်ဇောခိုင် #NewsAnalysis
#TheCall #ခေါ်သံ⁩

About The Call 783 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*