
‘ထွက်ပေါက်ရှာကြသူများ’

မျက်မှောက်ခေတ် လူသားတိုင်းမှာ အိမ်ရယ်၊ မိသားစုရယ်၊ အသိုက်အမြုံဆိုတာရယ်ကို လိုအပ်ကြတာပါပဲ။ စာတွေအရ ရှေးရှေးခေတ်ကတည်းက လူသားတွေဟာ ဂူတွေထဲမှာ၊ တွင်းကြိုတွင်းကြားထဲမှာ စလို့ စုပြုံပြီး နေထိုင်လာခဲ့ကြတာမဟုတ်လား။ ဆိုတော့ အဲဒီလိုကနေ တိုက်တာ အဆောက်အဦ စလို့ လူနေမှုစံတွေ တိုးတက်လာပေမဲ့ လူသားတယောက်ရဲ့ ရှိရင်းစွဲလိုအပ်မှုဆိုတာမျိုးက ခမ်းနားတဲ့အိမ်တလုံးမဟုတ်။ အပြန်ပြန်အလှန်လှန် အမှီသဟဲပြု မှီခိုလို့ရမယ့် လူသားရိပ်မြုံတခုသာ ဖြစ်ပါတယ်။
ဒါကြောင့် အချို့လူတွေက မိမိချက်မြှုပ်အိမ်ကိုပဲ လွမ်းကြသူတွေ။ ကနဦးဘဝတလျှောက် သိကျွမ်းလာခဲ့ကြတဲ့ မွေးရပ်ဌာနေကိုပဲ အပြေးလှမ်းချင်ကြသူ။ အမေ့အိမ်ကိုပဲ လွမ်းကြရသူ စလို့ ဒါက လူသဘောသဘာဝရဲ့ ဖြစ်ပျက်မြဲ အကြောင်းအရာတွေ ဖြစ်ပါတယ်။ သို့ပေတဲ့လည်း အဲဒီလူ့အဖွဲ့အစည်းဆိုတာကြီးကပေးတဲ့ ထရော်မာတွေကို ဘယ်လိုမှ မခံစားနိုင်ကြလွန်းလို့ လူ့အဖွဲ့အစည်းနဲ့ ဝေးရာ အရပ်ကို ပြေးကြတဲ့လူတွေကိုကြတော့ရော ကျနော်တို့တွေ ဘယ်လို နားလည်ပေးကြမလဲ။ ဗုဒ္ဓဘာသာမှာတော့ တရားထူး တရားမြတ်ရချင်ရင် ကိလေသာအချုပ်အနှောင်နဲ့ ဝေးရာ လူတွေနဲ့ဝေးရာဖြစ်တဲ့ တောတောင်ရဂုံ သာရိပ်မြုံမှာ တရားဓမ္မ ဆောက်တည် ရှု့မှတ်မှ ဖြစ်တာလို့ ဆိုကြပါတယ်။ ဒါကလည်း အခြေခံအမြင်နဲ့ ကြည့်ရင်တော့ လက်ခံရမယ့် အချက်ပါပဲ။
အဲဒီလို လူဘုံထဲကနေ ဝေးရာပြေးတဲ့သူတွေကို ကြည့်လိုက်ရင် ဒီအဖွဲ့အစည်းကပေးတဲ့ ဒေါသ မောဟဒဏ်တွေကို မခံနိုင်တဲ့အဆုံး စိတ်အေးငြိမ်းရာ အရပ်ကို ရှာဖွေကြရတာဖြစ်တာကိုး။ စာရေးသူ ကျနော် ပဲခူးရိုးမဘက်မှာ ခဏနေဖြစ်တော့ ကရင်တိုင်းရင်းသားကြီးတွေနဲ့ ဆုံရတယ်။ သူတို့က ရေနံဆီ ဒီဇယ်ကလေးတွေလိုအပ်ပြီဆိုရင် ကျနော်တို့ သစ်ထုတ်စခန်းတွေဆီကို ပေါက်လာလေ့ရှိပါတယ်။ အသင့်ပါလာတဲ့ လက်လုပ် ဖင်ခုထိုင်ရတဲ့ သစ်သားခုံကလေးတွေနဲ့ အလဲအလှယ်လုပ်ပြီး ဒီဇယ်လေးတွေ တောင်းလေ့ရှိကြတယ်။ ဘာလုပ်ဖို့လဲ အဘ လို့ မေးလိုက်ရင် ညရေးညတာ မီးခွက်ကလေးထွန်းဖို့လို့ပဲ ဖြေတတ်တယ်။ ကျနော်တို့တွေ သစ်ကားနဲ့ တောပေါ်တက်တိုင်းလည်း သူတို့တွေက ကားကြုံစီးလေ့ရှိကြတယ်။ ညမှောင်မှောင်ကြီးမှာပဲ တောထဲကို ရောက်သွားလည်း တောရိပ်တွေထဲကို မကြောက်မရွံ ဝင်သွားကြတာပဲ။ ဒို့ကရင်တွေက အသက်ကြီးလာရင် တောကို မှီချင်တာပဲကွ။ တောထဲက သစ်ပင်တွေအောက်နေရတာ ငြိမ်းချမ်းတယ်။ ဝမ်းတစ်ထွာအတွက်လည်း ဒီတောတောင်ထဲကနေ အသာလေးရှာစားလို့ရတယ်။ သစ်ဥ သစ်ဖုတွေ တူးစားလို့ရတယ်။ အမဲလိုက်လို့ရတယ်။ ငါးစားချင်လည်း ဒီက ချောင်းထဲမှာ အသာလေးဖမ်းလို့ရတယ်။ ဒို့အတွက် ဘာမှ မလိုအပ်ဘူးတဲ့။
ဆက်လက်ပြီးတော့လည်း ကျနော်ဟာ ဂျာမန် ရုပ်ရှင် Nowhere In Africa ကို သတိရမိပြန်ပါတယ်။ အာဖရိကက အဖိုးအို အဖွားအိုတွေဟာ သေခြင်းတရားနဲ့ ဘဝထဲက တွယ်ငြိရာတွေမှန်သမျှကို စွန့်လွှတ်ရဖို့အတွက် ပျော်ရွှင်ကြတယ်ဆိုတဲ့ အကြောင်းတွေ။ ကျနော်တို့မှာတော့ အသက်ကြီးရင့်လာလေ ဘဝထဲက ချစ်ရသူတွေ။ ရှာဖွေထားတဲ့ ဥစ္စာ စည်းစိမ် ဂုဏ်သိမ်တွေ။ အဲဒီ တိုက်တာ အဆောက်အဦ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းထားတဲ့ ပျက်လွယ်ပျောက်လွယ်တဲ့ အရာတွေကို စွဲလမ်းအမြစ်တွယ်ရင်း။ ပြီးတော့ မိမိကိုယ်ကိုယ် နှမြောတသရင်းနဲ့ သေဆုံးကြရခြင်းအမှုကို အင်မတန်မှ ကြောက်ရွံ့ရုန်းကန်ကြပေမဲ့ သူတို့တွေကြတော့ ထွက်သက် မကုန်ဆုံးခင် ရက်တွေကပဲ ကျန်ရစ်သူမိသားစုတွေဟာ တောတောင်ထဲက သစ်ပင်ရိပ်အောက်တွေမှာ ထားပစ်ခဲ့ကြတယ်။ ထားခံခဲ့ရသူရော၊ ကျန်ရစ်သူတွေရော သောကဗျာပါဒတွေ ဝမ်းနည်းပူဆွေးနေတာမျိုးတွေလည်း ဖြစ်မနေကြ။
သစ်ပင်ရိပ်ကလေးအောက်မှာ မီးကင်ထားတဲ့ အမဲသားခြောက်ကလေးတွေ ချထားသလို အသွင်မျိုးနဲ့ သေငယ်ဇောနဲ့ မျောနေကြတဲ့ အဖိုးအို အဖွားအိုတွေဟာ မျက်လုံးကလေးကို မှိတ်ရင်းနဲ့ပဲ သေခြင်းတရားရဲ့ လာရောက်ခေါ်ငင်မှုအပေါ်ကို အေးချမ်းတိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေကြတယ် ဆိုတဲ့ အကြောင်းတွေပေါ့။
ဒီလိုနဲ့ Into The Wild ထဲက လူ့ဘဝကြီးကို ရွံရှာမုန်းတီးတဲ့လူငယ်။ ကိုရီးယားရုပ်ရှင် Castaway ထဲက ရှုံးနိမ့်လူသားတယောက်အကြောင်း။ ဒီ Leave No Trace မှာကျတော့ရော။ တောတောင်ထဲမှာပဲ မှီခိုရှင်သန်ကြတဲ့ ဖခင်နဲ့ မိတဆိုး ကလေးမလေးတို့ ဘဝတဲ့။ ကြည့်ရသူ ကျနော့်မှာ ထုံးစံအတိုင်း လူ့အဖွဲ့အစည်းရဲ့ ကိုက်ခဲမှုတွေ အကြောင်းကို စဉ်းစားရင်း သူတို့တွေကို ကြည့်ရင်း နာကျင်လို့ မဆုံး။ ဖခင်ဖြစ်သူက စစ်ပွဲရဲ့ ကိုက်ခဲမှုတွေကနေ စိတ်ဒဏ်ရာ ဗလပွနဲ့ လွင့်စင်ကျလာတဲ့ လူတယောက်။ သူ့ခမျာမှာ ဘယ်လိုမှ လူမှုဘုံထဲမှာ ရှင်သန်လို့မရ။ အဲဒီထဲမှာနေရရင် စိတ်ဖိစီးမှုတွေ စိတ်ဒဏ်ရာတွေက ဘယ်လောက် နှိပ်စက်ခံနေရသလဲ ဆိုတာ သူပဲ သိမြင်တဲ့ပုံ။ သို့ပေတဲ့လည်း သမီးကလေးကိုပါ ချစ်ရှာတော့ သူတယောက်တည်းလည်း တောတောင်ထဲမှာ မနေနိုင်ရှာ ။
ဒီတော့ သမီးကလေးမှာပါ ဒုက္ခရောက်ရတယ်။ သူ့အဖေနဲ့အတူ တောကြီးမျက်မည်းထဲမှာပဲ အတူနေထိုင်ရင်း ကြီးပြင်းလာရတယ်။ သူတို့နှစ်ဦးသားကို ငေးကြည့်ရင်းနဲ့လည်း မေးခွန်းတွေက တသီတတန်း။ ဒီထဲက စစ်ပြန်ဖခင်ကြီးကတော့ လူတွေရဲ့ အဲဒီမေးခွန်းတွေကို ဖြေရမှာကြောက်လို့ကို ဒိတောတောင်ထဲမှာပဲ နေချင်တာတဲ့။ ကျနော့်အတွက် မေးခွန်းတွေကတော့ အဲဒီလိုတော့ မဟုတ်။ ဒီကမ္ဘာ ဒီမြေက ဘယ်လိုဖြစ်ပြီး သူပိုင်တာ၊ အစိုးရပိုင်တာ၊ ဘယ်ကောင်က ပိုင်တာမျိုး ဖြစ်သွားရတာလဲပေါ့။ သူတို့သားအဖနှစ်ယောက် အဲက ဘေးမဲ့ဥယျာဉ်ထဲမှာ နေကြတာကို မင်းတို့ အဲသလို နေမရဘူး။ ဒါက ပြည်သူပိုင် ဥယျာဉ်မို့လို့ ဆိုပြီး ဖမ်းခေါ်သွားတာမျိုးတွေ။ ပြီးတော့ အင်မတန် စိတ်ညစ်စရာကောင်းတဲ့ ဆိုက်ကိုလော်ဂျီ မေးခွန်းတွေပါ ထပ်ဖြေရင်း ဒီလိုမနေနဲ့ ဒီလိုနေဆိုပြီး သူ့သဘာဝနဲ့သူ နေနေကြတဲ့ လူသားနှစ်ယောက်ကို လူသားစည်းမျဉ်းဆိုတာကြီးထဲကို အတင်းဆွဲထည့်လိုက်တာတွေက မှန်သလား။ ဒီမိုကရေစီ ရှု့ထောင့်အရ ဖြောင့်မတ်တဲ့ တရားစီရင်ဆိုတာ ဟုတ်ရဲ့လား စသဖြင့်ပေါ့လေ။
ကြယ်တွေမမြင်ရရင် အိပ်မပျော်တဲ့ဖခင်ကြီးက သူတို့ကို ဘယ်လိုပဲ လူ့ဘုံထဲ ပြန်သွင်းသွင်း လူလုပ်အိမ်ယာတွေကနေ ထွက်ပြေးဖို့ ကြိုးစားပြန်တာပဲ။ ဒါပေတဲ့လည်း ဒီသူ့သမီးလေးကျတော့ လူ့လောကကြီးက အဲသလောက် မရက်စက်ဘူးလို့ မှတ်ထင်လာတဲ့ပုံ။ ဖခင်ကြီးနောက်ကို ဆက်လိုက်ခဲ့ပေမဲ့ တောတောင်ထဲမှာ နေထိုင်ရတာကို မပျော်ပိုက်လာတော့တဲ့ အကြောင်း။
ကျနော့်မှာ သူတို့သားအဖကို ကြည့်ရင်း ဘဝထဲက လေးလံနေတဲ့ ဖိစီးမှုတွေကို ပြန်လည် စဉ်းစားမိပြန်တယ်။ တောင်စဉ်ရေမရ ရှုပ်ယှက်ခတ်နေပုံတွေ။ ဒီအဖွဲ့အစည်းကြီးထဲမှာ ကျွမ်းမြဆဲ ကြမ်းပိုးတကောင်ရဲ့ အသက်ငင်မှုမျိုးနဲ့ အလုအယက် ကပ်တွယ်နေပုံတွေ။ အရင်းရှင်ဈေးကွက်ကြီးထဲက မဝယ်ရမနေနိုင်အောင် ဖမ်းစားမြှူဆွယ်နေကြတဲ့ ပစ္စည်းအတု၊ အောင်မြင်မှု အတု၊ ဂုဏ်သိမ်အတု စတာတွေထဲမှာပဲ နစ်မြုပ်ဆာလောင်ရင်း အာသာငမ်းငမ်း တပ်မက်နေပုံတွေ။ လူသားတယောက်မှာ တကယ်စင်စစ်ရော အဲဒီအရာတွေဟာ မရှိမဖြစ် အရေးပါနေတာရော သေချာရဲ့လား။
တောထဲသွားရရုံ ရေနံဆီထည့်ရတဲ့ မီးအိမ်။ တကိုယ်စာ အမိုးလုံရုံ ပြုလုပ်ဖို့ လိုအပ်တဲ့ ခုတ်ဖြတ်စရာ ဓားကိရိယာ အနည်းငယ်။ ကျောတခင်းစာ အိပ်ရာ။ ဝမ်းဝရုံစားဖြစ်တဲ့ အစားအသောက်တနပ်စာ။ ဒါထက်ပိုပြီး လူသားတစ်ယောက်ရဲ့ 80 ကီလိုသာသာ ခန္ဓာတခုအတွက် ဘာတွေ အများအပြား လိုအပ်နေသေးတုန်း။ သူတို့ကို ငေးရင်း စဉ်းစားလိုက် တွေဝေလိုက်နဲ့။
ရုပ်ရှင်ကို ဆက်ငေးလိုက်ချိန်မှာတော့ သားအဖနှစ်ယောက်ဟာ တောကြီးမျက်မည်းထဲမှာပဲ မိုးတွေ တဖွဲဖွဲနဲ့ ဒုက္ခတွေ့နေပုံတွေ။
ရုပ်ရှင်ရည်ညွှန်း – Leave No Trace Movie ( 2018 )
Be the first to comment