
‘သန်းခေါင်ထက်ပင် ညက ပိုနက်နိုင်ပါဦးမည်လား’

“ပုဇွန်တွေ မီးဖုတ်ပြီးကြပြီလား၊ မီးတွေကျွမ်းနေအောင်လည်း မဖုတ်ကြနဲ့ဦးနော်။ မီးမျှင်းမျှင်းနဲ့ ဖုတ်။ ပြစမ်း ငါ့ကို ဟိုတကောင်။ အေး ပြီးရင် အမည်းတွေကို သေချာ ခြစ်ထုတ်ပစ်။ ငါးသလောက်ပေါင်းအိုးလည်း မီးမပြတ်စေနဲ့ ဦး၊ လက်ဖက်ရည်ကို အေးဖေကို ဖျော်ခိုင်းနော်။ သူဖျော်တာ ကောင်းတယ်။ အိုးနဲ့ များများ ပြင်ခိုင်း။ လူက ၁၅ ယောက်လောက် လာကြမှာ။ အချိန်က ဘယ်လောက်ရှိနေပြီတုံး၊ ငါ ဆံပင်ပြင်ဖို့ အချိန်မှ ရပါဦးမလားမသိဘူး။ ဟဲ့ တိုးတိုး တိုးတိုးရေ သွားစမ်းဆံပင်ဆိုင်က မကေသီကို ဖုန်းဆက်။ ငါ ဆိုင်လာဖို့ မအားလို့ အိမ်ကို သူတို့ဆီက ကောင်မလေးတယောက်လွှတ်ပေးပါလို့ ပြော။ ဆံပင်အတုကို အကောက်စွပ်မှာ လို့။ ငါ့မှာရှိတယ် သူတို့လုပ်ပေးဖို့ပဲ လူလိုတာ။ သွား ငါ ပြောတာတွေ မမေ့နဲ့ သေချာ ဆက်၊ ဖုန်းနံပါတ်သိလား။ ငါ့ ဖုန်းထဲမှာ ကေသီလို့ရေးထားတယ်။ နင် ရှာတတ်ရဲ့လား။ သွား သွား မြန်မြန်” ဒေါ်မေကျော့ရှင်းသည် သီလရှင်ဝတ်မှ ထွက်ခါစ ဖြစ်သဖြင့် ကတုံးဆံပင်ပေါက် တိုနံ့နံ့ ဖြစ်၍ နေသည်။ မျက်နှာမှာ မိတ်ကပ် နှုတ်ခမ်းနီကို ညီညာစွာ ခြယ်သထားသဖြင့် အသက် ၆၀ ကျော်ဟု မထင်ရအောင်ပင် နုပျိုနေသည်။
တအိမ်လုံးမှာ ယောက်ယက်ခတ်နေ၏။ ညနေလာမည့် ဧည့်သည်များအတွက် ပြင်ဆင်နေကြရသည်မှာ ယား၍ပင် မကုတ်နိုင်အားကြပေ။ ထိုစဉ် အိမ်ရှေ့ ဆင်ဝင်မှနေ၍ အမျိုးသမီးတယောက် ခပ်ကုပ်ကုပ်ဝင်လာသည်။ ဒေါ်မေကျော့ရှင်း မီးဖိုချောင်မှ ထွက်အလာ ထိုအမျိုးသမီးနှင့် ဧည့်ခန်းတွင် ဆုံမိကြ၏။
“ဟော မခင်အေး အတော်ပဲ အတော်ပဲ။ လာပါချေဦးရှင် ကျွန်မ အင်္ကျီတထည် လက်ချုပ်လိုက်ဖို့ လိုနေတာ။ ဆိုင်တွေကလည်း အဲဒီ တထည်လောက် လက်ချုပ်လိုက်ဖို့ ပေးလိုက်ရင် တလ ကိုးသီတင်းနေမှ ပြန်ရတော့တာ။ ကိုယ့်ဖာကိုယ် လုံးလိုက်ရင် ၁၅ မိနစ် မကြာဘူးမို့လား။ ကျွန်မကလည်း မျက်စိ မကောင်းတော့ဘူး။ အပ်နဲ့ အပ်ချည် ထိုးရတာနဲ့တင်ကို တနာရီလောက်ကြာနေတာ။ အိမ်က ကလေးမတွေကလည်း လက်ချုပ်လိုက်ဖို့ တယောက်မှ အသုံးမကျဘူး။ လက်ချုပ်လိုက်တာကလည်း သေသေသပ်သပ်မှ ဖြစ်တာ။ မခင်အေးတို့လို စိတ်ရှည်ပြီး သေသပ်မှ ကျွန်မက ကြိုက်တာ။ လာပါချေဦးရှင် အပေါ်ကို” ဒေါ်ခင်အေးက ဒေါ်မေကျော့ရှင်းနောက်မှ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုကာ ခပ်ကုတ်ကုတ်ပင် အပေါ်ထပ် သို့ တက်လိုက်သွား၏။
ဒေါ်မေကျော့ရှင်းအခန်းသည် လင်းလင်းချင်းချင်းရှိကာ အေးစိမ့်နေသည်။ အပြင်နေပူပူမှ လာရသည့် ဒေါ်ခင်အေးက အသက်ကို ဝအောင်ရှူလိုက်သည်။ မွှေးလိုက်သည့် ဖြစ်ခြင်း။ အသီးနံ့လိုလို ဘာလိုလို။ ဘာတွေများ ဖြန်းထားပါလိမ့်နော်။
ဒေါ် မေကျော့ရှင်းက ပိုးသားအင်္ကျီတထည် ယူလာကာ ဒေါ်ခင်အေးကို လှမ်းပေး၏။ “ပိုးသားဆိုတော့ ပိုဂရုစိုက်ရတယ် မခင်အေးရဲ့။ သားသားကြီး လန်ဒန်ကနေ ပစ္စည်းတွေပို့တုန်းက အင်္ဂလန်ပိုး ဆိုပြီးတော့ ပို့လိုက်တာပဲ။ ဒီအရောင်က အမေနဲ့ မလိုက်ပါဘူးသားရယ် ပြောတာတောင် မရဘူး။ မေမေ ဝတ်ကို ဝတ်ရမယ်တဲ့။ ဒါနဲ့ပဲ လာမယ့်လ ကျရင် ဝါဆိုသင်္ကန်းကပ်ပွဲမှာ ဝတ်မလို့။ ကျွန်မက မခင်အေး မလာလို့မျှော်နေတာ။ မခင်အေးများ မလာရင်တော့ အိမ်က တယောက်ကို အခေါ် လွှတ်ရမှာ။ ဒါနဲ့ မခင်အေးမှာ ဖုန်းရှိပြီလား။ ကျွန်မ ကို ဖုန်းနံပါတ်လေးများရှိရင် ပေးထားဦးလေ”
“မရှိပါဘူး မမေရယ် အကြောင်းရှိရင်တော့ လူသာ အခေါ် လွှတ်လိုက်ပါ”
“အေးပေါ့ အေးပေါ့ ခုတော့ အေးဆေးနေဦးနော်။ ကျွန်မတို့ ခုညနေ အစ်ကိုကြီးရုံးက ဧည့်သည်တွေ ဖိတ်ထားတာ။ အိမ်မှာညစာကျွေးမယ်လေ။ တအိမ်လုံးကို မနားရတာ မနေ့ကတည်းက။ ဒါတောင် အချိုပွဲတွေက အရင်နေ့တွေကတည်းက စီစဉ်ထားလို့ မခင်အေးရေ။ လူ ၁၅ ယောက်ဆိုပေမယ့် အလှူတခုစာလောက်ကို ပြင်ရတာ။ မခင်အေး ဒူးရင်းသီးကြိုက်တယ် မဟုတ်လား။ တို့တွေ ဒီနေ့ ဒူးရင်းသီးတွေ ခွဲမယ်။ စားသွားဦး”
ဒေါ်ခင်အေးမှာ ဒေါ်မေကျော့ရှင်းပြောသည်များကို ခေါင်းညိတ်ပြလိုက် အပ်ပေါက် ထိုးဖို့ကြိုးစားလိုက်ဖြင့် မအားနိုင်အောင်ရှိသည်။ မျက်လုံးများသည် တိမ်စွဲစ ပြုနေပြီ ဖြစ်သဖြင့် တသက်လုံး ချုပ်လာခဲ့သော အပ်ပေါက်ကိုပင် မမြင်ချင်တော့ပေ။ ယခင်ကများ လက်ချုပ်လိုက်ရလျှင် တရက်ကို လေးငါးခြောက်ထည် လောက်ကတော့ အေးဆေး ချုပ်နိုင်ပါ၏။ ခုများတော့ ဒေါ်ခင် အေးသည် အပ်ပေါက်လေး ထိုးဖို့ပင် မနည်း မြင်အောင် ကြည့်နေရသည်။ လာရင်းကိစ္စကိုလည်း ဘယ်လို စ ပြောရမည် မသိသေး။
ဒေါ်မေကျော့ရှင်းသည် ကပျာကသီ ဖြင့်ပင် အခန်းထဲမှ ထွက်သွားပြန်သည်။
ထို့နောက် မိန်းကလေးခပ်ငယ်ငယ် တဦးးခေါ်ကာ အခန်းထဲ ပျာပျာ ပျာပျာဖြင့် ပြန်ဝင်လာပြန်၏။ “ကျုပ်မှာအေ ညည်း တို့ ဆိုင်ကိုလာဖို့ အချိန်မရလို့ အခေါ် လွှတ်ရတာ။ လုပ်စမ်းပါဦး။ ဆံပင်တု စွပ်ပါဦး။ သီလရှင် ထွက်ထားတာမှ ပြီးခဲ့တဲ့တပတ်က အေ။ ခုညစာပွဲ ရှိတော့ စွပ်ရပြန်ပေါ့။ အဲဒီမှာ ဟိုတခါ ဝယ်ပြီး မစွပ်ရဲလို့ထားထားတဲ့ အကောက်လေးလေ။ အေး အဲဒါလေးကို ထုံးမယ်နော်။ အကောက်ထုံးလေးပေါ့။ နားထင်နားလေးလည်း နှစ်မျှင် သုံးမျှင်ချပေးခဲ့ဦး။ ပန်းကတော့ သစ်ခွပဲ ကပ်ပန်လိုက်တော့မယ်။ ပန်းမပန် ရလည်း မနေတတ်ဘူး မခင်အေးရေ။ ကနေ့က သားသားငယ်အတွက် လုပ်ရတဲ့ ညစာဝိုင်းလေ။ သားသားငယ်ကို သူ့ အစ်ကိုရှိရာဆီ ပို့တော့မှာ။ ခုက သိတဲ့အတိုင်း သွားဖို့လာဖို့က ခက်တော့ သားသားငယ် အသွားလွယ်အောင်လို့ ဆိုင်ရာဆိုင်ရာတွေကို ဖိတ်ကျွေးရတာ။ သားသမီးတွေတော့ အနားမှာ တယောက်မှ မရှိကြတော့ဘူး မခင်အေးရေ။ ဒီလိုပါပဲ။ အသက်တွေကြီးလာတော့ လင်ကိုယ်မယားနှစ်ယောက်ပဲ ကျန်ရတာ။ ဒါနဲ့ အစ်ကိုလေးရော နေကောင်းလား ဘယ့်နှယ် နေသေးတုံး” ခုမှပင် မေးဖော်ရတော့သည်ဟု ဒေါ် ခင်အေးက သက်မ ပင့်လိုက်သည်။
“သူကတော့ ခု ကောင်းနေပါပြီ။ စားဝင်အိပ်ပျော်ပါပဲ”
“အေးအေး ကောင်းတယ်။ အများအကျိုး ရွက်သယ်ပိုးနေတုန်းပဲလား။ ပရဟိတကိုကိုလေးလေ သူ့ကို ပြောင်ပြီးခေါ်ကြတာ”
“သူကတော့ ရပ်ထဲရွာထဲ အကြောင်းရှိရင်တော့ ကူနေတုန်းပဲ”
“အေး အဲ့လိုကြားရတာ ဝမ်းသာတယ်။ သူ့ အစ်ကိုကြီး သိလည်း ဝမ်းသာရှာမှာ။ သူ့ညီ ကိုလည်း ချစ်ပါ့။ ဟိုရက်ကတောင် သူ့ညီအတွက်ဆိုပြီး သူ့ပုဆိုးတွေ ထုတ်နေသေးတယ်။ ပေးမလို့တဲ့။ မခင်အေးပြန်ရင် ယူသွားဦး”
ဒေါ်မေကျော့ရှင်း၏ ခင်ပွန်း ကိုကိုကြီးနှင့် ဒေါ်ခင်အေး၏ ခင်ပွန်း ကိုကိုလေးတို့မှာ ညီအစ်ကို အရင်းတွေ ဖြစ်ကြသည်။ ဘွဲ့အတူရခဲ့သော်ငြား ကိုကိုကြီးက ပေါင်းတတ်သင်းတတ်၊ လူရာဝင်အောင် နေတတ်သဖြင့် သက်ဆိုင်ရာဌာနများတွင် ရာထူးတဆင့်ပြီးတဆင့် တက်ကာ စီးပွားရေးဆန်သောအရာရှိတဦး ဖြစ်နေပြီ ဖြစ်သည်။ ကိုကိုလေးကတော့ မူလတန်းကျောင်းအုပ်ဆရာကြီးဘဝဖြင့်ပင် ပင်စင်ယူကာ အိမ်တွင် နားနေပြီ ဖြစ်သည်။ ငယ်ငယ်က ရခဲ့သော ဒူးဒဏ်ရာကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်ပေ။
ဒေါ်ခင်အေးသည် လက်ချုပ်လိုက်ရင်း သူ့ ရှေ့မှ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားသော ဒေါ်မေကျော့ရှင်း၏ ခြေဖမိုးများကို မြင်နေရသည်။ ဖြူဖြူပြည့်ပြည့်ဖောင်းဖောင်း ခြေဖမိုးလေးများ၊ ခြေချောင်းများသည် ဒေါ်ခင်အေးလို သွယ်ကျပြီး စင်းမနေသော်လည်း ဖြူဖြူတုတ်တုတ်တိုတိုဖြစ်သော်လည်း ခြေသည်းရှည်များထားကာ ပန်းရောင်ဆေးခြယ်လိုက်သည်တွင် ခြေသည်းအတိုအတိညှပ်ပြီး ဘာအရောင်မှ တင်မထားသော ဒေါ် ခင်အေး ခြေထောက်များထက်တော့ ပိုလှနေသည်မှာ အမှန်ဖြစ်သည်။
ပြီးတော့ သူတို့ခြေထောက်တွေက သံမံတလင်းကြမ်းကြမ်း၊ ပျဉ်ပြားကြမ်းကြမ်းတွေပေါ် နင်းရသော ခြေထောက်တွေမဟုတ်။ ပါကေးပေါ်၊ ကတ္တီပါကော်ဇောပေါ် နင်းရသည့် ခြေထောက်တွေ။ ကြုံရာဖိနပ်ကို ကောက်စွပ်ကာ အလောသုံးဆယ် လျှောက်ဖူးသော၊ ဈေးထဲဗွက်ထဲ နင်းဖူးသော ခြေထောက်တွေ မဟုတ်။ ဒေါက်ဖိနပ်အနိမ့်အမြင့်အစုံ၊ လမ်းလျှောက်ဖိနပ် အကောင်းစား၊ ပွဲတက်ဖိနပ် အကောင်းစားများကို စီးကာ ကားပေါ် ငြိမ်ငြိမ်လေး လိုက်ပါရသော ခြေထောက်များ မဟုတ်ပါလား။ တွေးနေရင်းပင် ဒေါ် ခင်အေးက ကိုယ့်ခြေထောက်များကို ကိုယ် သနားမိသေးတော့သည်။
လက်ချုပ်လိုက်ပြီးသော်လည်း ဒေါ်ခင်အေးမှာ မီးဖိုချောင်ထဲ ဝင်ပေးရပြန်သည်။ ငါးရံ့ခြောက်များ မီးဖုတ်ထားသည်ကို မွကာ ဆုံဆီလေး ဆမ်းပေးပါဦးဟူ၏။ ခိုင်းတတ်လေသော ဒေါ်မေကျော့ရှင်း၏ စကားများကြောင့် ဒေါ် ခင်အေးမှာ လာရင်းကိစ္စဆီကို မရောက်နိုင်ဘဲ တခုပြီး တခုသာ ကူနေရပြန်သည်။
ဧည့်သည်များရောက်လာလေသောအခါ ဒေါ်မေကျော့ရှင်းနှင့် ဦးကိုကိုကြီးတို့သည် လုံးဝကို မအားကြတော့ပေ။ ဒေါ်ခင်အေးမှာ အိမ်အကူ ကလေးများနှင့် နောက်ဖေးတွင် တပျော်ကြီး ကူလုပ်နေရ၏။
ဧည့်သည်များ ပြန်သွားသောအခါမှ အိမ်ရှေ့ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေသော ဒေါ်မေကျော့ရှင်းနားသို့ မယောင်မလည်နှင့် ကပ်ရ၏။ ညပင်မိုးချုပ်နေပြီ မဟုတ်ပါလား။
“မမေ”
“ဟင် ဪ မခင်အေး အေး ကျွန်မလည်း မေ့နေတာ။ မခင်အေးရောက်လာတာ ကျွန်မ ကံကောင်းတာပဲ။ ဟိုကလေးမတွေက ဘေးကနေ ခိုင်းမှ လုပ်တတ်ကြတာ။ ကျွန်မကလည်း မခိုင်းနိုင်တော့ မခင်အေးရှိနေတာ ကံကောင်းတာပဲ။ ကဲ မခင်အေး ညစာ စားသွားနော်။ ဒူးရင်းသီးတွေလည်း စားဦး နေပါဦး တိုးတိုးကို ဘူးနဲ့ ထည့်ခိုင်းလိုက်မယ် အိမ်က ကလေးတွေလည်း စားရတာပေါ့။ ဪ အစ်ကိုကြီး ပုဆိုးလေးတွေလည်း ယူဦး”
“အဲဒါထက်လေ မမေ ကျွန်မ အကူတောင်းစရာလေးရှိလို့” ဒေါ် မေကျော့ရှင်းက အကူ ဆိုသော စကားကြားသည်နှင့် မျက်ခုံးတက်တူးကြီးများ ပင့်တက်သွားပြီး ဒေါ် ခင်အေးကို ကြည့်လေသည်။
“ဒီလိုလေ” ဒေါ်ခင်အေးသည် အသံကို နှိမ့် လိုက်ကာ နှစ်ယောက်တည်းကြားနိုင်အောင် ဆိုသည်။
“ကျွန်မသားအကြီးကောင်လေ စစ်မှုထမ်း တာဝန်ထမ်းရမယ်လို့ လာခေါ်ကြ လို့။ ကျွန်မတို့မှာ သူ့ပဲ အားကိုးနေရတာ မမေရယ်။ သူပါသွားလို့ မရသေးဘူးမို့လား။ အဲဒါ ဘယ်လို လုပ်သင့်တယ် လာတိုင်ပင်တာပါ။ သူ့ အဖေကတော့ အစ်ကိုကြီးကို ပြောကြည့်ပြီး အစ်ကိုကြီးဆီကနေ အသိအချိတ်အဆက်နဲ့ လွတ်ကင်းအောင်လေးများ ပြောလို့ ရမလားလို့ပေါ့လေ။ ငွေလေးကြေးလေး လိုရင်တော့ ကျွန်မတို့ အိမ်ကို ရောင်းလိုက်ကြမလားလို့ပါ မမေရယ်။ အဲဒါ အစ်ကိုကြီးကို ပြောကြည့်ချင်တာ။ ကိုကိုလေးကလည်း ဒူးနာတော့ မသွားနိုင် မလာနိုင်ရှိတာနဲ့ ကျွန်မပဲ လာလိုက်ရတာ မမေ ကူနိုင်မယ်ဆိုရင် ပြောပေးပါဦး”
ဒေါ်ခင်အေးသည် ထိုမျှလောက်ပြောရရုံနှင့်တင် မောသွား၏။ တနေကုန် ကရားရေလွှတ်နေသော ဒေါ် မေကျော့ရှင်း မှာမူ ငြိမ်ချက်သားကောင်းနေတော့သည်။
ခဏမျှကြာသောအခါ သက်ပြင်းတချက် ချလိုက်ပြီး
“အကြီးကောင်ဆိုတော့ ဂျာရစ်ပေါ့။ အင်းနော် ဂျာရစ်တို့တောင် တာဝန်ထမ်းရမယ့် အရွယ် ရောက်နေပြီ။ ဒါကတော့ ဘယ်တတ်နိုင်မလဲ မခင်အေးရယ်။ သူ့ခေတ်သူ့အခါအရ ဖြစ်လာပြီပဲ။ တာဝန်ထမ်းရမယ့် အရွယ်ဆို တာဝန်ထမ်းလိုက်ကြတာပေါ့။ လူဆိုတာကလည်း တိုင်းပြည်တည်ဆောက်ရေးမှာက နှစ်မျိုး နှစ်စားရှိတယ် မခင်အေးရဲ့။ ဉာဏနဲ့တည်ဆောက်သူ၊ ကာယနဲ့ တည်ဆောက်သူပေါ့။ ကျွန်မသားတွေကျတော့ ဉာဏနဲ့တည်ဆောက်ဖို့ ဖြစ်လာတာ။ ဒါကြောင့် ပညာတွေ ဆည်းပူးရမယ် နိုင်ငံရပ်ခြားမှာ လေ့လာကြမယ်၊ ဒီလိုကနေတိုင်းပြည်အတွက် အလုပ်လုပ်ရမှာ။ ဂျာရစ်တို့ ကျတော့ ကာယနဲ့ တည်ဆောက်ရမယ့် သူတွေ မခင်အေးရဲ့။ ရှောင်နိုင်လို့ ဘယ်ရပါ့မလဲ မဟုတ်ဘူးလား။ ကျွန်မက မပြောပေးချင်လို့ မဟုတ်ပါဘူး။ ဒီလိုတာဝန်တွေဟာဒီလို ပြောပေးလို့ ဘယ်ရနိုင်ပါ့မလဲ။ ကျွန်မလည်း တတ်နိုင်မှာ မဟုတ်သလို ကိုကိုကြီးလည်း တတ်နိုင်လိမ့်မယ် မဟုတ်ဘူး မခင်အေးရဲ့။ မခင်အေး တို့လည်း အိမ်လေးရောင်းလိုက်ရင် နေဖို့ ထိုင်ဖို့ ခက်သွားမှာပေါ့။ ဂျာရစ်ကိုသာ နားဝင်အောင် ပြောပါ”
ဒေါ်ခင်အေးသည် ဒေါ်မေကျော့ရှင်း၏ ဆံပင်တုများကို ဆောင့်ဆွဲကာ ချွတ်ပလိုက်ပြီး အော်ဟစ်ချင်စိတ်ပေါက်လာတော့သည်။ သူ့သား နိုင်ငံခြားထွက်ရန် တံစိုးလက်ဆောင်များပင်မက ညစာစားပွဲကို မင်္ဂလာဆောင်တမျှ ခမ်းခမ်းနားနားကျင်းပနေပြီး မျက်နှာမွဲမိသားစုက သားကျ တာဝန်ထမ်းဆောင် လိုက်ပါတဲ့။ ငါလာမိတာ မှားတာပဲဟု ဒေါ်ခင်အေးက တွေးလေသည်။
တကယ်တော့ သူ့ခင်ပွန်း ကိုကိုလေးက မသွားစေချင်။ သွားလျှင် အကျိုးမရှိပြီကို အစဦးကတည်းက သိနှင့်ပြီဖြစ်သည်။ ဒါကိုပင် ကောက်ရိုးတမျှင်ပင် ဆွဲရဆွဲရ စိတ်ဖြင့် ဒေါ်ခင်အေးက ရောက်လာခြင်းဖြစ်၏။ ဒေါ်ခင်အေးသည် ထိုင်ရာမှ ထ လိုက်၏။ ကိုင်လာခဲ့သော လက်ကိုင်အိတ် အနက်လေးကို နောက်ဖေးမှ ဝင်ယူကာ နောက်ဖေးပေါက်မှပင် ပတ်၍ ထွက်ပြန်ခဲ့သည်။ ဒေါ်မေကျော့ရှင်း၏ အော်သံကိုလည်း ကြားရသေး၏။
“တိုးတိုးရေ အန်တီမခင်အေး ပြန်မယ်ဆိုရင် ဟင်းတွေ၊ ဒူးရင်းသီးတွေ ထည့်ပေးလိုက်ဖို့ မမေ့နဲ့ဦးနော်။ ကြီးကြီး နားတော့မယ် ငါ့ခေါင်းက ဆံပင်အတုကလည်း ယားချက်ပါအေ။ နောက်များတော့ အတုစွပ်ဖို့ မနည်းကြီး စဉ်းစားရတော့မယ်”
လင်းထိန်နေသော အိမ်ကြီးအတွင်းမှ ဒေါ်ခင်အေး တိတ်တဆိတ်ထွက်လာခဲ့သည်။ ညသည် မှောင်လွန်းလှ၏။ မှောင်သည့်လမ်းများသည် ဒေါ်ခင်အေးတို့အဖို့ မဆန်းတော့ပါ။ ဘယ်တကွေ့တွင် ဘာရှိပြီး ဘယ်နားရောက်လျှင် ဘယ်ပင်ပေါက်နေသည်ကို အမှောင်ထဲတွင်ပင် သိနိုင်နေပြီ ဖြစ်သည်။ သန်းခေါင်ထက်ပင် ညက ပိုနက်နိုင်ပါဦးမည်လား။ သန်းခေါင်ထက်ပင် ညက ပိုနက်နိုင်ပါဦးမည်လား။
Be the first to comment