14
ညီမင်းဆက်
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၅)’

ဆိုင်ကို အားလုံးနေသားတကျ ခင်းကျင်းပြီးလို့မှ နာရီဝက်မရှိသေးဘူး၊ လူကြီးလမ်းကြောင်းရှိလို့ ဆိုင်တွေ ပြန်သိမ်းပိတ်ရမယ် ဆိုတဲ့အမိန့်က ကိုပေါက်စီနားထဲ သံရည်ပူ လောင်းချလိုက်သလိုပဲ။ ဆိုင်ခင်းထားလို့ မောနေတဲ့အမောတောင်မှ သေသေချာချာ ပြေပြေပျောက်ပျောက် မဖြစ်သေးဘူး ရောင်းလို့မရဘဲ ပြန်သိမ်းရမယ်ဆိုတော့ ကိုပေါက်စီ တော်တော် စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ အမိန့်ကြောင့် ကိုပေါက်စီတို့ ဈေးဆိုင်တန်းတခုလုံးလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတယ်။
ရောင်းမရဘူးဆိုတဲ့ အမိန့်နဲ့ တဆက်တည်း စည်ပင်ဝန်ထမ်းတွေနဲ့ ရဲတွေရောက်လာပြီး ဈေးဆိုင်တန်းထဲ ခင်းကျင်းထားတဲ့ ခုံတွေ၊ စားပွဲတွေ၊ အိုးခွက်ပန်ကန်တွေကို အတင်းကာရော သိမ်းဟယ်ဆည်းဟယ် ဖြစ်လာတာမို့ ကိုပေါက်စီလည်း ထွေလီကာလီ ထပ်မစဉ်းစားနိုင်ဘဲ ခင်းထားပြီးဖြစ်တဲ့ ဆိုင်ခုံလေးတွေ အပြေးအလွှားသိမ်းပြီး လွတ်ရာဘက်ဆီ တွန်းလှည်းကို တွန်းလာဖြစ်ခဲ့တယ်။
ဈေးတန်းမှာရှိတဲ့ ဆိုင်ရောင်းသူတွေလည်း ကိုပေါက်စီလိုပဲ ခင်းကျင်းထားတာလေးတွေ ကပြာကယာ သိမ်းဆည်း ပြီး လွတ်ရာလမ်းကြားတွေဆီ၊ လမ်းထောင့်အကွယ် နေရာတွေဆီ ရွှေ့ကြ၊ ပြောင်းကြ ဖြစ်ကုန်ကြတယ်။ ဒီလိုအကြောင်းကိစ္စမျိုးက မကြာခဏလို ကြုံတွေ့နေကြဆိုတော့ ဇာတ်တိုက် လေ့ကျင့်ရည်ဝနေတဲ့ သရုပ်ဆောင် အဖွဲ့သားတွေလို အားလုံး မြန်မြန်သွက်သွက်မို့ ဈေးတန်းနေရာလည်း ခဏလေးအတွင်းမှာပဲ တံမြက်စည်းလှဲသိမ်းပြီး ပုံးထဲပစ်ထုတ်လိုက်တဲ့ အမှိုက်အစုလို ပြောင်ခါရှင်းလင်းသွားတယ်။
ကိုပေါက်စီတို့ ဈေးဆိုင်တန်းနေရာကို စည်ပင်ဝန်ထမ်းနဲ့ ရဲတွေ ရှင်းလင်းပြီး ခဏနေတော့ စစ်သားတချို့ ရောက် လာပြီး အသေးစိတ် စစ်တာ၊ ဆေးတာလုပ်တယ်။ ဈေးဆိုင်တွေမရှိတော့ဘဲ လမ်းပေါ် ထီးထီးကြီး ကျန်ရစ်နေတဲ့ စည်ပင်အမှိုက်ပုံးကို လူကြီးလမ်းကြောင်းမှာ အမှိုက်ပုံးတောင် လမ်းဘေးမရှိစေနဲ့ဆိုပြီး စည်ပင်ဝန်ထမ်းတွေကို ဖယ်ခိုင်းတာတွေ့ရတယ်။
စစ်သားတွေတွေ့တော့ အရင်တခါလို ထပ်ဖြစ်ရင် ဒုက္ခပဲလို့ ကိုပေါက်စီ စိုးရိမ်မိသွားတယ်။ လမ်းကြောင်းဆိုပြီး စည်ပင်နဲ့ ရဲတွေက ဆိုင်တွေပိတ်ခိုင်း ရှင်းလင်းတာမျိုး ရှိတတ်ပေမဲ့ တအောင့်လောက်ကြာရင် ကိုပေါက်စီတို့ ဆိုင် တွေ ပုံမှန်အတိုင်း ပြန်ခင်းရောင်းချလို့ ရတတ်ပေမဲ့ စစ်သားတွေ ပါလာပြီဆိုရင်တော့ ဆိုင်တွေ လုံးဝ ထွက်မရတော့ဘဲ ပိတ်လိုက်ရတာမျိုးဖြစ်တယ်။
အရင်တခါတုန်းကလည်း လူကြီးလမ်းကြောင်းဆိုပြီး စစ်သားတွေ ရောက်လာလို့ ကိုပေါက်စီတို့ဆိုင်တွေ လုံးလုံး ပိတ်လိုက်ရပြီး တစိမှမရောင်းရဘဲ အရင်းဆုံးခဲ့ရတာမို့ အခုတခါလည်း အဲဒီလိုထပ်ဖြစ်မှာကို ကိုပေါက်စီ စိုးရိမ်နေ မိတာဖြစ်တယ်။
တကယ်တမ်းတော့ အဆမတန် မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အရာရာ ဆိုးရွား ကျပ်တည်းလာရင်း ဝင်ငွေထွက်ငွေ မမျှမတဖြစ်လာတဲ့ လောကဓံမှာ ဟိုကဒီကပေးတဲ့ အကြံဉာဏ်တွေကို အကြောင်းပြုပြီး ကိုပေါက်စီလည်း အဲဒီဆိုင်တန်းလေးမှာ ထမင်းဟင်းရောင်းတဲ့ တွန်းလှည်းဆိုင်လေး ဖွင့်ဖြစ်ခဲ့တာ မကြာသေးဘူးဖြစ်တယ်။
ကိုပေါက်စီတို့ဆိုင်တန်းက မွန်းလွဲသာသာအချိန်လောက်မှာ စခင်းပြီး ညပိုင်း ၈ နာရီ၊ ၉ နာရီလောက်အထိ ရောင်း ချလေ့ရှိတဲ့ ပျံကျ ဈေးဆိုင်တန်းတခုပါပဲ။ ဈေးဆိုင်တန်းအနီးမှာရှိတဲ့ ဆေးရုံကြီးတခုနဲ့ ဝန်ထမ်းလိုင်းခန်းကို အဓိ ကအားထားပြီး ရောင်းချနေတဲ့ ဆိုင်တန်းပေါ့။
ဆိုင်တွေကလည်း ထမင်းဆိုင်၊ အသုပ်စုံဆိုင်၊ ဆေးရုံမှာလိုအပ်တဲ့ စုံစီနဖာ ပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်၊ ရေသန့်တို့၊ အအေးတို့၊ ပေါင်မုန့်၊ ကိတ်မုန့်တို့ စတာလေးတွေ ရောင်းတဲ့ဆိုင်၊ နွားနို့၊ ဆန်ပြုတ် ရောင်းတဲ့ဆိုင် စသဖြင့် အစုံပါပဲ။
ဆိုင်လို့သာ အမည်ခေါ်ရပေမဲ့ အတည်အကျ သတ်သတ်မှတ်မှတ် မဟုတ်ပါဘူး။ လက်တွန်းလှည်းပေါ် လိုအပ်တဲ့ ပစ္စည်းတွေတင်ပြီး အဆင်ပြေသလို ခင်းကျင်း ရောင်းချနေရတာမျိုးပါပဲ။ အဲဒီလို ရောင်းရနိုင်ဖို့အတွက်က သိတဲ့အ တိုင်း ဆိုင်ရာပိုင်ရာကို တရားဝင်ရော၊ တရားမဝင်ရော ပေးကမ်းထားရတာဖြစ်တယ်။
ဘယ်လိုပဲ ပေးကမ်းထား ပေးကမ်းထား။ အခုလိုမျိုး ပိတ်ရမယ်၊ သိမ်းရမယ်ဆို ကိုပေါက်စီတို့ ဘယ်သူ့ကို အဖေ၊ အဘ ခေါ်ရမယ် မသိတော့ဘူး။ ကိုပေါက်စီတို့အတွက်က ပိတ်ဆိုပိတ်၊ သိမ်းဆိုသိမ်းရုံကလွဲလို့ တတ်နိုင်တာ ဘာမှ ရှိမနေခဲ့တဲ့ အဖြစ်ပါပဲ။
ကိုပေါက်စီ ဒီတွန်းလှည်းဆိုင်ကလေး ဖွင့်ဖြစ်ခဲ့တဲ့ သုံးလေးလအတွင်း လူကြီးလမ်းကြောင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆိုင်ခင်းထားတာတွေ ပြန်သိမ်းပြီး ကြောင်လက်သည်းဝှက်သလို ပုန်းကွယ်သိုလျှိုခဲ့ရတဲ့အဖြစ်တွေက ဆိုင်ခင်းပြီး ရောင်းရတဲ့အဖြစ်ထက် ပိုတောင်များသေးတယ်လို့ ဆိုရမယ်။
ဒါက ကိုပေါက်စီတို့လို ပျံကျဆိုင်တွေတင်လားဆိုတော့ မဟုတ်ဘူး။ အခုနောက်ပိုင်း လူကြီးလမ်းကြောင်းဆိုတဲ့ အ ကြောင်းမှာ စစ်သားတွေရောက်လာရင် တရားဝင်ဆိုင်ခန်းနဲ့ ရောင်းတဲ့ဆိုင်တွေတောင် ပိတ်သိမ်းပေးရတာမျိုးထိ တွေ့နေရတာဖြစ်တယ်။
ဟိုအရင်တုန်းကတော့ အခုလို ကိုယ်တိုင် လမ်းဘေးဈေးမရောင်းဘူးတော့ အဖြစ်အပျက်တွေကို အဝေးကသာ မြင်သိရတာမျိုးရှိပေမဲ့ လက်တွေ့ ကိုယ်တိုင်ကြုံရတဲ့အခါ ၊ အဲဒီလို ကြုံရတဲ့အဖြစ်က သေနတ်ကိုင်ထားသူတွေရဲ့ အမိန့်အာဏာအောက်မှာ ဖြစ်တဲ့အခါ အရာရာကို ရေငုံနှုတ်ပိတ်နေရုံကလွဲလို့ ကိုပေါက်စီတို့အတွက် တခြားအဖြေက ရှိမနေခဲ့ဘူး။
ဈေးဆိုင်တန်းအနီး လူကြီးလမ်းကြောင်းဆိုတဲ့ အကြောင်းပြချက်မှာ တပ်စွဲနေရာယူထားတဲ့ စစ်သားတွေရဲ့ အဝေး ဘေးကင်းလွတ်ကျွတ်ရာနေရာမှာ ဆိုင်တွန်းလှည်းကို ရပ်ထားရင်း လမ်းကြောင်းမြန်မြန်ပြီး မြန်မြန်ပြန်ကြမှ အေး မယ်လို့ ကိုပေါက်စီ စိတ်ထဲမှာ ပြောနေမိတယ်။
အဲဒီလိုမဟုတ်ဘဲ ဆိုင်လုံးလုံးမရောင်းရလို့ ဒီတခါသာ အရင်းထပ်ဆုံးရင်တော့ ဈေးရင်းအတွက် ချေးယူထားတဲ့ ငွေတိုးတွေ တရစ်ရစ်တက်ရင်း တအစ်အစ် ပိုနစ်ဦးမယ့် အဖြစ်ကိုတွေးရင်း ကိုပေါက်စီရင်ထဲ တစုံတရာက ဆုတ်စွဲ ဖိနှစ်ထားသလို လေးလံ ကျပ်ခဲနေတော့တယ်။