
”အထွေထွေစစ်ဆင်ရေး နီးပြီလား”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အသံလွှင့်ဌာနဖြစ်တဲ့ PVTV နဲ့ တွေ့ဆုံခန်းမှာ NUG ကာကွယ်ရေးဝန်ကြီးက တော်လှန်ရေး အလှည့်အပြောင်းဖြစ်ဖို့ အထွေထွေထိုးစစ်ကို မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်၊ အထွေထွေထိုးစစ်ဆိုတာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တပြည်လုံးမှာ ဟန်ချက်ညီညီ ထိုးစစ်ဆင်ဖို့ဖြစ်တယ်လို့ ပြောကြားသွားခဲ့တယ်။
အင်တာဗျူးမှာဖြေသွားတဲ့ တပြည်လုံးမှာ ဟန်ချက်ညီညီဆိုတဲ့ စကားစုကိုကြည့်ရင် တပြည်လုံး ဆိုတဲ့သဘောကို ပထဝီနိုင်ငံရေးနဲ့ ထင်ဟပ်နားလည်ဖို့လိုပြီး ဟန်ချက်ညီညီ ဆိုတဲ့သဘောကို လက်ရှိ စစ်ရေးအခြေအနေနဲ့ တော်လှန်ရေး စတင်ကတည်းက ယနေ့ထိ စစ်ရေးအနေအထားတွေကို အနည်းဆုံး အကြမ်းနားလည်ထားဖို့ လိုအပ်မယ်လို့ ယူဆတယ်။
‘လက်ရှိ စစ်ရေးအခြေအနေ’
လက်ရှိ စစ်ရေးအခြေအနေကိုကြည့်ရင် စစ်တပ်ဘက်က နောင်ချို၊ သပိတ်ကျဥ်း၊ မိုးဗြဲနဲ့ မြဝတီ သင်္ကန်းညီနောင်တို့ကို လွန်ခဲ့တဲ့ လေးလလောက်ကနေ ခုချိန်ထိ ဆက်တိုက် ပြန်လည်သိမ်းယူနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ဘက်က ကျောက်ဖြူနဲ့ ဗန်းမော်ကို ထိုးစစ်ဆင် တိုက်ခိုက်ပေမယ့် ထင်တိုင်းမပေါက်ဘဲ ပြန်လန်ကျနေတာတွေ့ရတယ်။ သေဆုံးနဲ့ ဒဏ်ရာရသူ အများအပြားဟာလည်း စစ်တပ်ဘက်ကပဲ ဖြစ်နေတယ်။ ဒါက ဘာကိုဖော်ပြသလဲဆိုတော့ ပြန်ပေးလိုက်ရတဲ့ မြို့ရွာတွေမှာ တော်လှန်ရေးအင်အားစုဘက်က ထိမ်းချုပ်ထားနိုင်တာဟာ ရခိုင်နဲ့ ကချင်ဘက်လောက် ခိုင်မာမှုမရှိလို့ ဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်တယ်။
အခိုင်အမာတပ်စွဲပြီး ပတ်ပတ်လည်မှာ အခြေခံစခန်းတွေ တည်ဆောက်ထားနိုင်မယ်၊ ထောက်ပို့ကွင်းဆက်တွေကိုလည်း ထိန်းချုပ်ထားနိုင်မယ်ဆိုရင် ကနေ့ပြောနေတဲ့ ထိပ်တိုက် ရင်မဆိုင်ချင်သေးလို့ ပြန်ဆုတ်ပေးလိုက်ရတဲ့ လှုပ်ရှားစစ် ဆိုတာမျိုးထက် ပိုပြီး ခုခံကာကွယ်နိုင်စွမ်း ရှိနေမှာဖြစ်တယ်။ တဘက်ကပြန်ကြည့်ရင် လက်ရှိ စစ်တပ် ပြန်သိမ်းပိုက်သွားတာလည်း ဒီပုံစံပဲဖြစ်တယ်။ အရင် မြောက်ပိုင်း ၃ ဖော် တိုက်အားမျိုးနဲ့ ပြန်တိုက်ရင် ဒီနယ်မြေတွေဟာ လပိုင်းအတွင်း အလှည့်အပြောင်း ပြန်ဖြစ်နိုင်တဲ့ အခြေအနေပဲဖြစ်တယ်။
စစ်တပ်ဟာ လတ်တလော နေရာပေါင်းစုံကို လှည့်ပတ်တိုက်နေရတာမှာ ရည်ရွယ်ချက် ၂ ခု ရှိနေနိုင်တယ်။ ပထမတချက်က နှစ်ကုန် ရွေးကောက်ပွဲမတိုင်မီ ထိန်းချုပ်နယ်မြေတွေ ပြန်ရလာဖို့ဖြစ်ပြီး ဒုတိယတချက်က တရုတ်နဲ့ တခြား ထောက်ခံပံ့ပိုးပေးနေတဲ့ နိုင်ငံတွေ အားရှိရှိ ဆက်လက် ရပ်တည် ထောက်ခံပေးနေအောင် ဖြစ်တယ်။
ဒီတော့ လက်ရှိ စကမတိုက်နေတဲ့ စစ် ၃၆၀ (စစ်ကို ၃၆၀ ဒီဂရီ) လှည့်ပတ်တိုက်ခိုက်နေတဲ့ပုံစံဟာ ၂၀၂၅ မကုန်ခင်အထိ ဆက်သွားနေမှာဖြစ်တယ်။ ဒီ စစ် ၃၆၀ ကို ပြန်တိုက်ဖို့ တော်လှန်ရေး (အထူးသဖြင့် NUG) ဘက်ကဘယ်လိုပုံစံမျိုး ရွေးချယ်သွားမလဲ။
‘မြန်မာ့ပထဝီနိုင်ငံရေး’
၂၀၂၁ စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ပြီးကတည်းက ကနေ့အထိ စစ်ပွဲတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ အားသာချက် အားနည်းချက်တွေကို မြန်မာ့ပထဝီနိုင်ငံရေး (အထူးသဖြင့် မြေမျက်နှာသွင်ပြင်နဲ့ စစ်တပ် ဗဟိုအာဏာ ထိန်းချုပ်စီးဆင်းမှု) နဲ့ ဆက်စပ်ပြီး ကြည့်မယ်ဆိုရင် မဟာဗျူဟာအရ အချက်အချာကျတဲ့ ဗဟိုစစ်တိုင်းတွေ၊ ဝိုင်းပတ်စစ်တိုင်းတွေနဲ့ အနားသတ်နယ်မြေ (နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးဇုံ) တွေအဖြစ် ခွဲခြားကြည့်ဖို့ လိုမှာဖြစ်တယ်။
ဗဟို စစ်တိုင်းတွေအဖြစ် နေပြည်တော်နဲ့ မန္တလေးတိုင်းကို သတ်မှတ်ရမှာဖြစ်တယ်။ ဝိုင်းပတ် စစ်တိုင်းတွေအဖြစ် စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးကို သတ်မှတ်နိုင်မယ်။ ဒီ စစ်တိုင်း ၅ ခုမှာ စစ်ကိုင်းကလွဲလို့ ကျန်စစ်တိုင်းတွေမှာ စစ်တပ်ရဲ့ထိန်းချုပ်မှုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုထက် အနည်းနဲ့အများ သာလွန်နေတဲ့သဘော တွေ့ရတယ်။ ရန်ကုန်၊ ဧရာဝတီနဲ့ ရှမ်းပြည်ဟာ စစ်ရဲ့သက်ရောက်မှုနဲ့ အကျပ်အတည်းတွေကြားကပဲ ပုံမှန်နီးပါး လည်ပတ်နေတယ်။ ဒီအခြေအနေတွေကြောင့် စစ်တပ်ရဲ့ ဗဟိုအာဏာစီးဆင်းမှုဟာ ရပ်တန့်မသွားခဲ့တာဖြစ်တယ်။
ဒီနေရာမှာ ၂ ချက် စဥ်းစားကြည့်ဖို့လိုတယ်။
၁။ ပထမအချက်က အီးအေအိုတွေရဲ့ အထောက်အပံ့မပါဘဲ ဒီစစ်တိုင်းတွေကို NUG နဲ့ ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေ သက်သက်နဲ့ တိုက်နိုင်မလား ဆိုတာနဲ့
၂။ NUG မပါဘဲ ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေက အီးအေအို အထောက်အပံ့တွေချည်း သက်သက်နဲ့တိုက်နိုင်မလား ဆိုတာပါ။
ဒီ ၂ ချက်ကို အစွဲကင်းကင်းနဲ့ ဖြေနိုင်မယ်ဆိုရင် စစ်ရေးကို အထောက်အပံ့ပေးမယ့် နိုင်ငံရေးနဲ့ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ စုစည်းနိုင်ဖို့ဆိုတာကို ဘယ်အခြေခံနဲ့ လုပ်ရမယ်ဆိုတာ ထင်ရှားလာမှာဖြစ်တယ်။
အထွေထွေထိုးစစ်ကို ဟန်ချက်ညီညီတိုက်ဖို့ ဆိုတာကိုကြည့်ရင် အနားသတ် နယ်မြေတွေဖြစ်တဲ့ (ဥပမာ) တနင်္သာရီနဲ့ မွန်ဟာ ထိုးစစ်ဆိုတာထက် ထိမ်းစစ်ဆိုတာမျိုးကိုသာ ပြုလုပ်သင့်တဲ့ အခြေအနေမျိုးဖြစ်တယ်။ ဆိုလိုတာက တခြားစစ်တိုင်းတွေမှာ စစ်ပွဲတွေ ပြင်းထန်လာတဲ့အချိန် အနားသတ်နယ်မြေတွေက တပ်တွေ စစ်ပွဲနယ်မြေတွေကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းမသွားနိုင်အောင် ထိန်းထားဖို့ အဓိကတိုက်ရမယ့် ပုံစံမျိုးလို့ ယူဆကြည့်ဖို့ဖြစ်တယ်။
ချင်းနဲ့ ကရင်နီလည်း ဒီသဘောမျိုး ဖြစ်နေနိုင်ပေမယ့် ကရင်နီဟာ အခြေအနေအရ ဗဟိုစစ်ဧရိယာအတွင်း လိုက်ပါသွားနိုင်တဲ့ နေရာနဲ့ အခြေအနေမျိုး ရှိနေတာကို တွေ့ရမှာဖြစ်တယ်။ ရှမ်းတောင်ဟာ အင်အားမကြီးပေမယ့် ဒီနေရာမှာတော့ ကရင်နီနဲ့ သဘောချင်းအတူတူ ဖြစ်နေနိုင်တယ်။
ဧရာနဲ့ ရန်ကုန်တိုင်းတွေကတော့ လက်ရှိစစ်မှာ အဓိကကျတဲ့အပိုင်းက ပါဝင်နိုင်ဖို့မရှိဘူး။ ဒီပြည်နယ်နဲ့တိုင်းတွေဟာ စစ်တပ်အပြိုမှာ ပါဝါကွက်လပ်မဖြစ်အောင် စီစဥ်နိုင်ဖို့နဲ့ စစ်မှုထမ်းဥပဒေကို အပေါ်အဆင့်တခုကနေ ကြိုတင်ဖြေရှင်းနိုင်တဲ့ သီးခြား မြို့ပြစစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်တဲ့ လေ့ကျင့်မှု၊ တာဝန်ခွဲဝေပေးမှုနဲ့ ချိတ်ဆက်ထောက်ပံ့နိုင်မှုတွေ လိုအပ်နိုင်တဲ့သဘော တွေ့ရတယ်။ NUG ဘက်က အလျင်အမြန်လေ့လာပြီး စစ်ဆင်ရေးတွေနဲ့အပြိုင် ဆောင်ရွက်သင့်တဲ့ အနေအထားဖြစ်တယ်။
‘လေးဘက်လေးတန်’
ဗဟိုစစ်တိုင်းတွေကို ဝင်ရောက်ဖို့ အရှေ့ဘက်အခြမ်း (ရှမ်း) ဟာ ဟင်းလင်းပွင့်နေတဲ့ သဘောဖြစ်တယ်။ အဓိကမောင်းနှင်အားဟာ အနောက်ဘက် ရခိုင်နဲ့ မြောက်ဘက် ကချင်မှာရှိနေပြီး တောင်ဘက် ကရင်ကို အနောက်နဲ့မြောက်လိုဖြစ်ဖို့ ဘယ်လို ပြောင်းလဲရယူနိုင်မလဲ ချိန်ဆကြဖို့ဖြစ်တယ်။
တပြိုင်တည်းမှာ ကချင်ကို ကမ္ဘာ့နည်းပညာစီးပွားရေးနဲ့ စျေးကွက်က မျက်စေ့ဒေါက်ထောက်ကြည့်နေပြီး ရခိုင်ဟာ ရိုအရေးနဲ့ ကမ္ဘာ့နိုင်ငံရေးအင်အားစုတွေရဲ့ စောင့်ကြည့်ခြင်း ခံနေရတယ်။ ကရင် BGF ကို တရုတ်က ပြန်ဖော့ပေးလိုက်ပေမယ့် အမေရိကန်က နိုင်ငံတကာ ရာဇဝတ်မှုခင်းတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပြန်တယ်။
နိုင်ငံရေးမှန်ရင် လိုကယ်ပဲလို့ ဆိုကြတယ်။ တော်လှန်စစ်ကိုတော့ စစ်တပ်ဟာ တရုတ်အထောက်အပံ့ယူ၊ အကျပ်အတည်းကြီးတခုကနေ လည်ပြီး လွတ်ထွက်သွားဖို့ အပြင်းအထန် အားထုတ်လာတဲ့ သဘောဖြစ်တယ်။ သို့သော် စစ် ၃၆၀ ကို ရည်ရှည်တိုက်နိုင်တဲ့ အင်အားတော့ မရှိတော့တာကို တွေ့ရတယ်။ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကသာ နောက်ထပ် အချိန်နဲ့ နောက်တခါ အခြေအနေ မပေးမိဖို့သာဖြစ်တယ်။
#ကျော်ဇောခိုင် #NewsAnalysis
#TheCall #ခေါ်သံ
Be the first to comment