ဝါဒဖြန့်သူ (ဇာတ်သိမ်းပိုင်း)

‘ဝါဒဖြန့်သူ’
(ဇာတ်သိမ်းပိုင်း)
◼️ဆူးနတ်သံ
“ကျ​နော်တို့က တပ်မှူး ကိုအောင်မြင်တို့ တပ်ကဖြစ်ကြောင်း သိထားပြီး ဖြစ်ပါလိမ့်မယ်။ စာသင်နှစ်ဝက်လည်း ကျိုးခဲ့ပါပြီ။ ကျ​နော့်အနေနဲ့ ဒီဒေသကို စရောက်ကတည်းက ကျ​နော် ခြေချလိုက်တဲ့ နယ်မြေဟာ ကျ​နော် မရှိတော့ရင်တောင် ဆက်သွားလို့ရအောင် ဖန်တီးပေးချင်တာ အရင်းခံ မေတ္တာစိတ်ပါ။ ကျ​နော်ဟာ အာဏာသိမ်းလိုက်တဲ့ အချိန်မှာ ဘွဲ့မရရှိလိုက်တဲ့ တက္ကသိုလ်ကျောင်းသူတဦးပါ။ ပညာရေးက ဘာလဲဆိုတာထက် ပညာရေးက ဘာလို့လဲဆိုတာကို ဒီဒေသကို မိတ်ဆက်ဖို့ ရောက်လာရတဲ့ သဘောပါ။ ကျ​နော့်မှာ ပညာရေးအပေါ် ထင်မြင်ယူဆချက် ရှိပါတယ်။ ပညာရေးဟာ လူချမ်းသာတို့အတွက် ဂုဏ်ပုဒ် ဖြစ်ပြီး လူဆင်းရဲတို့အတွက် လွတ်မြောက်ရာလမ်း ဖြစ်တယ်။ ပညာရေးဟာ အကြွင်းမဲ့ အတွေးအခေါ် အကြွင်းမဲ့ လွတ်မြောက်ရေးကိုလည်း ပေးစွမ်းသေးတယ်လို့ ယူဆထားပါတယ်။ မေးကြပါ။ ဖွင့်ဟကြပါ။ ကျ​နော်တို့ မပြေလည်နိုင်တဲ့ ပြဿနာတွေ မရှိနိုင်ပါဘူး။” ဟူ၍ပဲ တိုတိုထိထိ ကျ​နော် စကားဖြတ်လိုက်ပါတယ်။
အားလုံး တီးတိုး တီးတိုး စကားသံတွေ ပြောရင်း ကိုဉာဏ်ဝင်းစကားအတိုင်းပဲ မေးကြပါတော့တယ်။ တက္ကသိုလ် တက်ရဦးမှာလား။ တက္ကသိုလ် ဘယ်မှာလဲ။ ဘွဲ့ရရင် ပြည်တွင်းက အလုပ်ခန့်မှာလား။ ပြည်တွင်းက အာဏာရှင်ပေးတဲ့ တက္ကသိုလ်က ဘွဲ့တွေနဲ့ ဘာတွေကွာခြားသွားမလဲ။ သူတို့ကလေးတွေမှာ ပညာရေး အနာဂါတ် တကယ်ရှိတာလား မေးကြပါတော့တယ်။
အားလုံးမေးခွန်းတွေ မေးပြီးတယ်ဆိုရင်ပဲ ဆရာ ဆရာမတွေ အားလုံးကိုယ်စား ကျ​နော်ပဲ ဖြေပေးပါရစေလို့ အေးဆေးကြည် ပြောလိုက်ပါတယ်။ “အခြေခံပညာရေးဟာ လမ်းလျှောက်သင်တာ ဖြစ်တယ်။ ကလေးတယောက်က လမ်းလျှောက် မသင်ဘဲ လမ်းသွားတတ်တာ မဖြစ်ဖူးသေးဘူး။ သဘာဝကျဆုံး အချက်က အခြေခံပညာ ပြီးဆုံးထားရင် ဒီကနေ့ တော်လှန်ရေးအောင်မြင်ရင် ဒါမှမဟုတ် မြေပြင်တက္ကသိုလ်တွေ ဖွင့်နိုင်လာရင် ကျ​နော်တို့ ကလေးတွေ သင့်တော်ရာ တက္ကသိုလ်ကို တက်ခွင့်ရှိပြီးသား ဖြစ်မယ်။ 2015 သမ္မတ ဦးထင်ကျော်လက်ထက် ပြောင်းလဲ ပြဌာန်းထားတဲ့ စနစ်သစ်အခြေခံပညာရေးမှာ လိုအပ်တဲ့ အတွေးအခေါ်အခြေပြု ပညာရေး ဖြစ်နေတာ တွေ့ရတယ်။ ဒီအခြေခံပညာရေးသာ ပြီးဆုံးထားရင် ကျ​နော့်လို ဘွဲ့မရရှိထားတဲ့ တက္ကသိုလ်ကျောင်းသူတယောက်နဲ့ ယှဉ်နိုင်တယ်။ ဆက်လေ့လာမယ်ဆို ဒီ့ထက် တီထွင်ကြံဆဉာဏ်တွေလည်း ထွက်လာမှာပဲ။ တောထဲမှာ ကျ​နော် တော်လှန်ရေး ရဲဘော်ဖြစ် နေပေမဲ့ ကျ​နော်ဟာ မြို့ပေါ်အခြေအနေကို အမြဲစောင့်ကြည့်နေတဲ့သူပါ။ မြို့ပေါ်ကလေးတွေဟာ GED, IGCSE ဘယ်လိုတက်ကြပါစေ ကျ​နော်တို့ စနစ်သစ် အခြေခံပညာရေး ပြီးဆုံးတဲ့ကောင်တွေက အဲ့ဒီကောင်တွေထက် မလျော့တဲ့ အရည်အချင်း အပြည့်ရှိပြီးသား ဖြစ်နေမယ်လို့ အာမခံတယ်။ ကျ​နော်တို့ ပညာရေးကို ဘယ်လို သင်ကြားနေရပါစေ ပညာသင်ကြားသူ ကျောင်းသား/သူတွေဟာ ပြီးဆုံးနေတဲ့ ပညာရေးအဆင့်အတန်းကနေ ဆက်လက် တက်လှမ်းကြဖို့ ကြံစည်အားထုတ်နေသရွေ့ လမ်းစတွေ ရှိလာမှာပါပဲ။ ကျောင်းသား ရာထောင်ချီ ရှိလာရင် ကျောင်းတွေ ထပ်ဆောက်ရတော့မယ်။ ကျောင်းသား ရာထောင်ချီ အတန်းကုန် ပြီးဆုံးသွားရင် ကျောင်းသား ရာထောင်ချီအတွက် တက္ကသိုလ် ဖြစ်အောင် ကြိုးစားကြလိမ့်မယ်။ ဘယ်သူတွေက တက္ကသိုလ်ဖွင့်မှာလဲ မဟုတ်ဘူး။ အဲ့ဒီ အခြေခံ ပညာရေး ပြီးဆုံးထားတဲ့ ကျောင်းသား/သူတွေက တက္ကသိုလ်ဆိုတာကို စတင် ဖန်တီးလိမ့်မယ်။ စာသင်ကျောင်းနဲ့ ကျောင်းသား/သူတွေ ရှိနေမှ သွားနေတဲ့ အကြွင်းမဲ့ လွတ်မြောက်ရေး ဖြစ်ပေါ်လာမယ်။ အာဏာရှင် ကွင်းဆက် မျိုးတုန်းသွားလိမ့်မယ်” ဟု အေးဆေးကြည် နိဂုံးချုပ်ပြီး စကားပိတ်ပေးလိုက်ပါတယ်။
မိဘတယောက်က ဆရာမပြောတာ ကျွန်တော် ထောက်ခံတယ်။ ကျွန်တော့်သား ခုနှစ်တန်းကောင်ဟာ အရင်က လယ်ယာမြေလုပ်ရင် ဝိုင်းမကူတတ်ဘူး။ ကလေးပီပီ တောအလုပ်တွေ ပျင်းတယ်။ အခု ဆရာမ‌တို့ ဒီကျောင်း စရောက်ပြီး ကျောင်းမှာ ဆရာမ အေးဆေးကြည် က ပြောတယ်။ လူဆိုတာ ကိုယ်စားတဲ့အသီးအရွက် စိုက်တတ်ရသလို ကိုယ်စားတဲ့ ထမင်းချက်တတ်ရမယ်တဲ့။ အခု တောအလုပ်တွေကော သူ့အမေထမင်းချက်တွေကော ဝိုင်းကူတာပဲ။ အခြေခံသိစိတ်တာဝန်ဆိုတာ ကျောင်းပညာရေးကစတယ်လို့ ဆိုချင်တယ်ဗျာ။ တော်လှန်ရေးအသိုင်းဝိုင်းက ပညာရေးဟာ အာဏာရှင်ပညာရေးထက် အများကြီး သာတယ်။ စိတ်စေတနာတွေ အခုလို အတွေးအခေါ်ပညာရေးတွေ ဒီအသိုင်းဝိုင်းမှာ ပေါက်ဖွားလို့ တော်လှန်ကြ တာပဲ။ ကျ​နော်ကတော့ အခြေခံပညာရေး ပြီးဆုံးသည်ထိ ‌သားကို ကျောင်းထားမယ်။ တက္ကသိုလ် တက်စရာမရှိသေးရင် အဲ့ဒီစာတွေပဲ အထပ်ထပ် ပြန်လေ့ကျင့် ဖတ်မှတ်ခိုင်းမှာပဲဟု ကျောင်းသားမိဘ တုန့်ပြန်ချက်ကို ရပ်မိရပ်ဖတွေနဲ့ ဆရာ ဆရာမတွေ သဘောကျကုန်ကြတော့တယ်။ အဲ့အချိန်ကျမှပဲ အစည်းအဝေး ပြီးဆုံးတော့တယ်။
အစည်းအဝေး ရလာဒ်ဟာ အပေါင်းလက္ခဏာပြပါတယ်။ စာသင်နှစ်ကုန်ထိ ကျောင်းသားဦးရေ လျော့ကျမသွားပါဘူး။ ကျောင်းထွက်နှုန်း နည်းလာပြီး ကျောင်းကလည်း ကျောင်းနဲ့တူစွာ သပ်ရပ်သန့်ရှင်း လာပါတော့တယ်။ မိဘ၊ ဆရာ ပူးပေါင်းရင် ကျောင်းသားစွမ်းရည်မြင့်လာတာ သဘာဝပါပဲ။ စာသင်ကျောင်းဟာ အေးဆေးကြည်၊ နွေးနွေးအောင်၊ ခင်မေတို့နဲ့ တသားတည်း ဖြစ်လာပါတယ်။ အစည်းအဝေးပြီးကတည်းက သတင်းစကားဟာ ဌာနချုပ်အထိ ပေါက်ကြားသိရှိနေကြသလို ကိုဘရန်လင်းတို့ မဟာမိတ်တပ်ကလည်း သဘောကျစွာ ကျောင်းတွင်း ထူးချွန်ဆုပေးပွဲများ အားကစားပွဲများ ကျင်းပပေးပြီး ဝန်းရံကြ ပါတော့တယ်။
တစထက် တစ ကိုဘရန်လင်းလည်း ‌စာသင်ကျောင်းကို အလာစိပ်လာပါတော့တယ်။ နွေးနဲ့ ခင်မေတို့ကတော့ မမကြည်ကို လာဝိုက်နေတာလို့ ပြောနေကြပေမဲ့ အေးဆေးကြည်အနေနဲ့ ကိုဘရန်ဝေးဟာ အဲ့လောက် စည်းကမ်းမဲ့မည့်သူမဟုတ်ကြောင်း သိရှိနားလည်ထားပါတယ်။ ကိုဘရန်ဝေး၊ ကိုဆန်းမောင်၊ သျှိုင်းအောင်နဲ့ တင့်နိုင်ဟာ မဟာမိတ်တပ်က ရဲဘော် ညီအစ်ကို မောင်နှမတွေပဲ မဟုတ်ပါလား။
ကျောင်းဆင်းပြီးစ ညနေခင်းမှာပဲ ထင်တဲ့အတိုင်း သျှိုင်းအောင်နဲ့အတူ ကိုဘရန်‌လင်း ရောက်ချလာတယ်။ ကြက်ကချင်ချက် ရဲဘော် အကြည်တို့ဖို့ လာပေးတာတဲ့။ နွေးနဲ့ခင်မေ ကတော့ အိန္ဒြေဆယ်ထားတဲ့ မျက်နှာပေးနဲ့ အသာယာ လှမ်းယူလိုက်ပါတယ်။ ကိုဘရန်လင်းကပဲ ရဲဘော် အကြည်ကို စစ်ရေးလက်ရှိအခြေအနေကို ဆွေးနွေးပါရစေဦးလို့ ဆိုလာပါတယ်။ နွေးနဲ့ခင်မေတို့နဲ့ ရှေ့နောက် လမ်းလျှောက်လိုက်လာရင်း တည်းတဲ့အိမ်ထိ ကိုဘရန်လင်းလည်း စကားတပြောပြော လိုက်လာတယ်။ ရန်သူ့သတင်းတွေအပြင် မြေပြင်အနေအထားမှာ အလယ်ပိုင်းထိ ထိုးဖောက်ရင် လိုအပ်ချက်တွေ အခုတစ်ခေါက် ပွဲကတာတွေ အချိန် ကြာမြင့်အောင် အချိန်မဆွဲဘဲ ဒရကြမ်း ဝင်တိုးပြီး ပစ်ရှင်း ရှင်းခဲ့ရတာတွေ အစရှိသည် ပြောရင်း တည်းအိမ်ရဲ့ အိမ်ပေါက်ဝရောက်တော့ ခြေလှမ်းရပ်တန့်သွားတော့တယ်။ မဝင်တော့ဘူးလား အေးဆေးကြည်အပြော ကို ကျ​နော်တို့ကစပြီး စည်းကမ်းရှိတော့ အခြား ယောက်ျားလေး ဧည့်သည် မလာတော့ဘူးပေါ့ဗျာ။ မဝင်တော့ပါဘူး။ ကျ​နော်တို့က မဟာမိတ်တပ် ရဲဘော် မောင်နှမတွေမလား။ ဆွေးနွေးစရာတွေကတော့ အများကြီးပဲ။ ဦးရင်မြင့်တို့အိမ် ညကျရင် လာခဲ့ပါလား ရဲဘော်လို့ ပြောလာခဲ့တော့ နွေးနဲ့ခင်မေ သဘောကို မေးမြန်းပြီး လာခဲ့ပါမယ်လို့ အေးဆေးကြည် ပြောလိုက်ပါတော့တယ်။
အေးဆေးကြည်တို့ ဒီဒေသကလေးရောက်တာ ဘာလိုလိုနဲ့ တနှစ်ခွဲရှိပြီ။ တိုးတက်လာတာတွေ ရှိသလို ပြင်ဆင်ဖြည့်စွက်ရတာတွေ ရှိလာတယ်။ လူမှုရေးဟာ အရှုပ်အထွေးဖြစ်ရာ အကြောင်းတရားမို့ ဥက္ကဌ ဦးရင်မြင့်အိမ်ကို အလုပ်ကိစ္စကလွဲ မသွားကြပါ။ လူမှုရေး စည်းကမ်းထားတတ်လို့လည်း လုပ်သမျှ လုပ်ငန်းဆောင်တာ အောင်မြင်လာတာလို့လည်း တွေ့ရတယ်။ ဒီပညာ‌ရေးအောင်မြင်မှု ခရီးစဉ်မှာ ကိုဘရန်‌ လင်းနဲ့ ပတ်သက်ပြီးလည်း အဖုအထစ် မဖြစ်စေချင်ပါ။ ကိုဘရန်လင်းလည်း အဖြစ်ခံလိမ့်မည် မဟုတ်ပါ။ ဒါ အရှိတရားပဲ မဟုတ်ပါလား။
နောက်နေ့ အားချင်းပဲ ကိုဘရန်လင်းတို့ တပ်မဟာ ရှေ့တန်းထွက်သွားကြတာ ကားအစီးအရေ အတွက်များစွာနဲ့ မြင်ရတယ်။ သျှိုင်းအောင်၊ ဆန်းမောင်၊ တင့်နိုင်တို့က လက်ပြသွားပေမဲ့ ကိုဘရန်လင်းက အပြုံးတချို့နဲ့ပဲ ခေါင်းညိတ်အသိမှတ်ပြုသွားတယ်။ ပွဲကြီးကြီး ကဖို့ကလွဲ ဘာရှိရမှာလဲ။ ရွာထဲကလည်း စစ်ရှောင်ဖို့ ပြင်ကြရတာပေါ့။ နွေး၊ ခင်မေနဲ့ အေးဆေးကြည်တို့သာ ပြင်ဆင်စရာ မလိုကြပါ။
အဝတ်သုံးစုံ ထည့်ထားတဲ့ ကျောပိုးအိတ်ထဲ ဓားမြှောင်ကိုယ်စီ၊ မီးခြစ်နဲ့ ဆေးဝါး အစုံလင် ပါတာပဲ။ စစ်မျက်နှာ ဖြန့်ကျက်လာတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို ပြိုင်ဆင်းလာတဲ့ ရန်သူ့စစ်ကြောင်းဟာ ရွှေကူမြို့ကနေ ငါးရက်တာအတွင်း ဒုတ်ထိထိ ရောက်လာမှာပဲ။ ဘာမဆို ကျင့်သားရ ရင်ဆိုင်ရန် အသင့်အနေအထားပါ။ နွေးနဲ့ ခင်မေ ကိုတော့ အတော်ကြီး စိတ်ပူမိသား။ ဒီညီမလေးတွေဟာ အေးဆေးကြည်အတွက် ရဲဘော်ရဲဘက်စိတ် တွန်းအားတွေပါပဲ။ အကြီးပီပီ ကာကွယ်ပေးချင်တယ်။ ဒီညီမလေးတွေ ဒီဒုက္ခတောတွေ လွတ်မြောက်တဲ့အထိ ကျန်းကျန်းမာမာ အန္တရာယ်ကင်းကင်း ရှိစေချင်တယ်။
အေးဆေးကြည်တို့ ခန့်မှန်းတဲ့အတိုင်း ရန်သူ့စစ်ကြောင်းဟာ သူတို့နဲ့တမိုင်အတွင်းမှာ ရောက်ရှိလာကြပြီလို့ စကားပြောစက်ကနေ သတင်းပို့ကြတယ်။ အဓိက ကတော့ လူထုလုံခြုံရေးပဲ။ ကတုတ်ကျင်း အခိုင်အမာဆီ ကလေးတွေနဲ့ ပြည်သူတွေကို အကြိုအပို့ လုပ်ပေးရင်း ဘေးကင်းရေး အစီအစဉ်ကလည်း တတွတ်တွတ် ပြောပေးနေရပါတယ်။ ရန်သူ့စစ်ကြောင်းနဲ့ ထိပ်တိုက်မတွေ့ဆုံရေးက အဓိက ပြည်သူ အသက်ရှင်ဖို့အဓိက ‌ဖြစ်ကြောင်း အေးဆေးကြည်၊ ခင်မေနဲ့နွေးကော လေ့ကျင့်သားရနေကြပါတယ်။
ကိုဘရန်လင်းတို့ မဟာမိတ်တပ်တွေဟာ ရန်သူကို အဟန့်အတား ဖြစ်အောင်ထိ နေ့မအိပ် ညမအိပ် ထိတွေ့တိုက်ပွဲ အသံတွေဟာ အေးဆေးကြည်တို့နဲ့ နီးကပ်သထက် နီးကပ်လာပါတော့တယ်။ ရန်သူရဲ့ ဖွင့်လာတဲ့ စစ်မျက်နှာ နှစ်ကြောင်းပြိုင်မှာ ကောင်းကင်ကနေ တဝေါဝေါ တိုက်လေယာဉ်သံတွေကလည်း နေ့ညမစဲ ကြားနေကြရပါတော့တယ်။ ကိုယ့်ကိုယ်ကို မပူတတ်တဲ့ အေးဆေးကြည်ဟာ လူထုဘေးကင်းရေး အဓိကပဲလို့ စိတ်မှတ် မှတ်သားနေပါတော့တယ်။
စစ်ရှောင်လူထုအတွက် ရှေ့ပြေးကင်းအဖွဲ့ ငါးယောက်ဆီက သတင်းအရ ရန်သူ့စစ်ကြောင်းဟာ ကျေးရွာတွေ ကွင်းပတ်ပြီး တောနင်းလာကြောင်း သတင်းပါးလာတယ်။ တောခပ်အုပ်အုပ်ဆီ စစ်ရှောင်နေကြရတဲ့ ပြည်သူလူထုနဲ့ ရန်သူ ထိပ်တိုက်မတိုးဖို့ဆို ကျေးရွာ ကာကွယ်ရေးဘက်က အဖွဲ့တွေနဲ့ ရန်သူကျွံ မလာခင် ခံစစ်ကြောင်း အရေးပေါ်စီမံမှ ရတော့မှာလို့ ချက်ချင်း ဆုံးဖြတ်လိုက်တယ်။ ခင်မေနဲ့ နွေး လူထုနဲ့ အတူ မိုင်ဝက်ခရီး ဒီတောတောင်ကနေ ဆုတ်ရမယ်။ မမကြည်က ကျေးရွာကာကွယ်ရေးတွေနဲ့အတူ ခံစစ် ပြင်ရင်း ကျန်ခဲ့မယ်။ လူထုကို မိမိအသက်နဲ့လဲပြီး ကာကွယ်ပါ။ မြန်မြန် ဆုတ်သွားကြတော့။ အခု မမကြည် တို့ ရှေ့ပြေးကင်းဆီ သတင်းပါးလိုက်တော့မယ်။
ကျေးရွာကာကွယ်ရေး အယောက်ငါးဆယ်လောက်ကို တပ်စုသုံးစုသဖွယ် ခွဲထုတ်ပစ်လိုက်ပြီး ရှေ့ ပွိုင့်နေရာ တိုးမယ့်လူတွေကို အတွေ့အကြုံရှိပြီးသား လူတွေ ထပ်ရွေးချယ်ရပါတယ်။ ကျည်ဘယ်လောက် ကျန်သလဲ။ သေနတ်အစေ့ လူအစေ့လောက်ငှရဲ့လားအပြင် လက်နက်ကြီး ပစ်ကူအတွက် ငါးယောက် သုံးယောက် တစုစီ ပြန်ခွဲတမ်းချရင်း အေးဆေးကြည်ရှေ့ပွိုင့်သမားတွေနဲ့ အတူ ကင်းပုန်းဝပ်ဖို့ နေရာယူ ကြတော့တယ်။ အချိန်ဟာ နေဝင်စပြုပြီ ဖြစ်တယ်။
ကျေးရွာ ကာကွယ်ရေးထဲ ပါလာတဲ့ ကိုဉာဏ်ဝင်းဟာ ကင်းပုန်းဝပ်ရင်း လေသံတိုးတိုးနဲ့ ‌မအေးဆေးကြည် ကဗျာရေးတတ်တယ်ဆို ကျွန်တော်ကြားမိလို့ ကဗျာတပုဒ်ရွတ်ပြပါလားဗျ။ ကျ​နော်က အခုမှ နဖူးတွေ့ ဒူးတွေ့ ရှေ့တန်းတကယ်လိုက်ရတာမို့ပါ။
မကြောက်ပေမဲ့ စိတ်လှုပ်ရှားလို့ပါဟု ပြောလာတဲ့ ကိုဉာဏ်ဝင်းကို
“ငါတို့ဦးခေါင်းထက်
အမြှောက်ဆံတွေ ပြန့်ကြဲလာသလို
ငါတို့ ခန္ဓာ အပိုင်းအစတွေ
ပြန့်ကြဲကြရလိမ့်မယ်
ဘယ်အလံအောက်က တိုက်ခိုက် တိုက်ခိုက်
အာဏာရှင်ကို မြေမြုပ်ပေးမယ့် အသွေးအသားပါ
ဒီမိုကရေစီ သီချင်းတွေ တေးသီရင်းလေ။” လို့ အေးဆေးကြည် ရွတ်ပြလိုက်တော့ ကိုဉာဏ်ဝင်း သေနတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပစ်လိုက်တယ်။
“ဘယ်အလံအောက်က တိုက်ခိုက် တိုက်ခိုက်
အာဏာရှင်တွေ မြေမြှုပ်ပေးမယ့် အသွေးအသားပါ
ဒီမိုကရေစီ သီချင်းတွေ တေးသီရင်းလေ” ရင်ထဲလှိုင်းခတ်အသံပြု ရွတ်ဆိုလိုက်ပါတယ်။
ညဉ့်ဆယ်နာရီအထိုးမှာ စကားပြောစက်ကနေ “သုံးနာရီထောင့်ကနေ ပုစဉ်းလာ ပုစဉ်းလာ ရထားလား ရထားလား” “ရထား ရထား” အသံပြုကြရင်း ရန်သူ့လေယာဉ်ပျံနဲ့အတူ ရန်သူ့စစ်ကြောင်းကို အသံနားစွင့်ထားလိုက်ကြတယ်။ ရန်သူ့လေယာဉ် ကျေးရွာထဲ ဗုံးချသံ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားရပြီး လေယာဉ်ပျံတဝေါဝေါဟာ အသံစဲစ ပြုလာပြီ ဖြစ်တယ်။
အချိန်ကား မနက် သုံးနာရီထိုးလုပြီ ဖြစ်တယ်။ သေနတ်သံနဲ့ လက်နက်ကြီးသံ ရောနှောထွက်လာတဲ့ အသံတွေ ကြားလာရပြီ ဖြစ်တယ်။ အေးဆေးကြည်နဲ့ ရွာသား ခြောက်ယောက်ပါတဲ့ ရှေ့ပွိုင့်သမားတွေ နားမျက်စေ့ အစွမ်းကုန်ဖွင့်ထားရင်း အကွာအဝေးကို အေးဆေးကြည် ခန့်မှန်း တွက်ဆနေရတယ်။ ကိုဉာဏ်ဝင်း ကျ​နော့် အတွေ့အကြုံအရ အသံတွေ အရမ်းမြိုင်လွန်းနေတယ်။ ရန်သူက စက်ဝိုင်းပုံ ဝိုက်မိရင် ကျ​နော်တို့ ပိတ်မိလိမ့်မယ်။ တန်ပြန်စစ်ပဲ ဖွင့်ရတော့မယ်။ တပ်စု တစု ကျ​နော် ခေါ်သွားမယ်။ ဘယ် တောင်ပံဘက်ကနေ မြှားတော့မယ်။ ဒီအဆုံအတိုင်းသာ ကိုဉာဏ်ဝင်းတို့က ရန်သူကျွံလာရင် ပစ်ရင်း ဆုတ် ခွာလိုက်တော့ဗျာ။ အေးဆေးကြည် မှာလိုက်ရင်း တပ်စုတစုနဲ့အတူ အင်ဖက်တွေပေါ် ခပ်ဖွဖွနင်းရင်း မိုင်းတွေကို နှစ်ပြလောက်ထိ ထောင်ခိုင်းထားလိုက်တယ်။
အေးဆေးကြည် တွေးထားတဲ့အတိုင်း ရန်သူ့စစ်ကြောင်း အ‌ယောက်ငါးဆယ်လောက်က သူတို့နဲ့ မျက်နှာချင်းဆိုင် အနေအထားထိ ပစ်ဝင်ဝင်လာတယ်။ ရန်သူ့စစ်ကြောင်း ခါးတဝက်အရောက်မှာ မိုင်းကြိုး‌တွေ ဆွဲလိုက်ကြရင်း ဖရိုဖရဲဖြစ်နေတဲ့ ရန်သူတွေကို တယောက် ငါးချက်ပစ်စီ ပစ်ရင်း မြှားခေါ် ဆုတ်ခွာကြတယ်။ တရကြမ်း ရန်သူကလည်း ပြန်ပစ်နေကြတော့ လက်နက်ကြီး ပစ်ကူသမားကို ကာပစ်ထပ်ပစ် ပေးကြရတယ်။ ဘယ်တောင်ပံ ဆုံမှတ်အထိ ပစ်လိုက် ပြေးလိုက်ကနေ ဆုံမှတ်မှာတော့အပီအပြင် တွယ်ပစ် ကြတော့တယ်။
တနာရီခွဲအကြာ ပစ်ပြီးတော့ ကျည်မလောက်တော့ကြောင်း ပြောလာကြတော့ အေးဆေးကြည်ဟာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်တယ်။ အေးဆေးကြည်နဲ့ ရွာသားငါးယောက်ကို ချန်ခဲ့ပြီး လက်နက်ကြီး ကျည်အချို့သာ ပေးခဲ့ပြီး ဆုတ်ခွာရန် ပြောလိုက်ပါတော့တယ်။ တိုက်ပွဲဟာ သုံးနာရီကျော်ထိ ခုခံရင်း အေးဆေးကြည် အပါအဝင် ရွာသားငါးယောက်ကျဆုံးခဲ့ပြီး ရန်သူ့စစ်ကြောင်းငါးဆယ်ကျော်ဟာ ဆယ် ဂဏန်းကျော်ကျော်နဲ့သာ ဆုတ်ခွာသွားကြတော့တယ်။
အေးဆေးကြည် ကျဆုံးကြောင်း မိခင်တပ်ရင်းဆီ သတင်းရောက်ရောက်ချင်း တပ်မှူး ကိုအောင်မြင်၊ အသိန်း၊ လူမောင်တို့နဲ့အတူ ရဲဘော်ဆယ်ယောက်ဟာ ဈာပနကို ပြင်ဆင်ကြရန် ဆင်းလာကြပါတော့တယ်။
အမိန့်ပြန်တမ်းစာ ‌ရေးနေရင်း ကိုအောင်မြင်ဟာ မျက်ရည်စတချို့ ဝေ့ဝဲကျလာရင်း ရဲဘော် အကြည်ရေ “အသက်ခန္ဓာ မရှိတော့ပေမဲ့ လွတ်မြောက်သွားခဲ့ပြီလား ရဲဘော် ညီမလေး” လို့ ရေရွတ်မိတယ်။ ခင်မေနဲ့ နွေးဟာ အေးဆေးကြည် မျက်နှာလေး ကြည့်ရင်း မမကြည်ရေ မပြီးဆုံးသေးတဲ့ တော်လှန်ရေး လွတ်မြောက်ရေးဆီ ခင်မေနဲ့နွေး ဆက်လျှောက်ပါမယ်လို့ မျက်ရည်စများနဲ့ တီးတိုးဆိုလိုက်ကြတယ်။
အမိန့်ပြန်တမ်းမပြန်ခင် ကိုအောင်မြင်ဟာ “ရဲဘော် အေးဆေးကြည်ဟာ ကဗျာစာပေ ရေးစပ်သလို ကဗျာစာပေ ချစ်မြတ်နိုးသူပါ။ သူ့အတွက် ကျွန်တော် ကဗျာ ရေးစပ်လာပါတယ်။ အမိန့်မပြန်ခင် ရွတ်ဖတ်ပါရစေ” ဟု ဆိုကာ ကဗျာ စရွတ်ပါတော့တယ်။
” အရေးတော်ပုံ ညီမလေး”
ခွပ်ဒေါင်းအလံဘေး
ရဲဘော် ညီမလေးရေ ……
မျက်နှာကလေး ဝင်းပပ
ကျောင်းသားတေးကို သေနတ်လွယ်ပြီး သီဆိုလို့
နိုင်ငံတော် လွတ်မြောက်မှ
ကျောင်းသား လွတ်မြောက်မယ် မဟုတ်လား
ရင်ဘတ်မှာ ကျည်ဆန်ရာတွေ အထပ်ထပ်
ဈာပနတေးတွေ အစ်ကို ဆိုရပြီပေါ့
လက်ထဲက သေနတ်အစား
ဖတ်စာအုပ်တွေ ရကြပါစေ လူငယ်တို့ရေ
ရဲဘော် ညီမလေးဟာ
အသက်ဓာတ်ပေးရင်း တော်လှန်ရေးမီးစာထည့်ခဲ့ပေါ့။
ရဲရင့်ပြောင်မြောက် သတ္တိသွေး
ဘယ်သူ့သွေးလဲ
ဘယ်သူ့သွေးလဲ
ကျောင်းသားတို့သွေး
ကျောင်းသားတို့သွေး
ရဲဘော်ညီမလေးဟာ တာဝန်ကျေခဲ့ပြီ။
နိုင်ငံတော်ခရီးကို
သေနတ်သံတွေ တရကြမ်းပစ်ပြီး
ပြေးဝင်ပျောက်ကွယ်သွားတဲ့ ညီမလေးရေ
သွားနှင့်ပါ …….သွားနှင့်ပါ
ကျောင်းသားသမိုင်းထဲ
ပန်းတပွင့်ဟာ နီစွေးစွေး ရဲရင့် ‌
ကောင်းကင်က လမင်းထက် ထွန်းလင်း
ဒို….ရေ……မီ….ဖာ
ဒီမိုကရေစီ တေးကို ရေးစပ်ခဲ့ပြီ။ ” လို့ ကဗျာရွတ်သံအကြား ကိုအောင်မြင်ဟာ မျက်ရည်များနဲ့ အသံတိမ်ဝင်သွားပါတော့တယ်။ အမိန့်ပြန်တမ်း ဆက်ဖတ်ဖို့ အသိန်းဟာ တုန်ရီစွာ စာရွက်ကိုင်ရင်း “ရဲဘော် အေးဆေးကြည် ကိုယ်ပိုင်အမှတ် ၁ဝ၄၅၊ ကျောင်းသားတပ်သည် ဩဂုတ်လ 14 ရက်၊ 2025 ကင်ပွန်းခြုံ၌ ရန်သူတို့နဲ့ ထိတွေ့တိုက်ပွဲဆင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ပြီ ဖြစ်သည်။ ရဲဘော်သည် ကျွန်တော်တို့တပ်နဲ့ မသက်ဆိုင်တော့ပေ။ သင်သွားလိုရာ သွားနိုင်ပါပြီ။ သင်သွားလိုရာ သွားနိုင်ပါပြီ။ အမိန့် ကိုအောင်မြင် တပ်မှူး။” ဟုဖတ်ရင်း အသိန်းရဲ့ အသံဟာ ရှိုက်သံ ပါသွားပါတယ်။
ကိုဘရန်လင်းတို့ မဟာမိတ်တပ်နဲ့ ကျောင်းသားတပ်က ရဲဘော်တွေဟာ ကျဆုံး ရွာသားငါးယောက်နဲ့ အေးဆေးကြည်အား ပြိုင်တူ သေနတ်ပစ်ဖောက် အလေးပြုလိုက်ကြပါတော့တယ်။ ကင်ပွန်းခြုံရွာလေးရဲ့ သုဿန်မှာလည်း သေနတ်သံများ မစဲတော့အောင် ရှိနေပါတယ်။ သုဿန်ရဲ့ ညောင်ပင်ပေါ်က ကျေးငှက်များပင်လျှင် လန့်ပျံကြကုန်တော့တယ်။
အုတ်ဂူအနီရောင် ဂူ ခြောက်ဂူဟာ အကြွင်းမဲ့ လွတ်မြောက်ရေးကို ဆော်ဩလှုံ့ဆော်နေသယောင် လိုက်ပါပို့ဆောင်သူတို့ရဲ့ ရင်ထဲ လှိုင်းထန်ကျန်ရစ်ကြတော့တယ်။ ငယ်ရွယ်နုပျိုသူ လုံမပျိုလေးနဲ့ လူငယ် လူပျိုလေး ‌ခြောက်ယောက်ဟာ နိုင်ငံတော်ကို ငြိမ်းချမ်းရေး တန်းတူညီမျှရေး၊ လွတ်လပ်ရေး အက္ခရာများ သွေးနဲ့အသက်နဲ့ ရင်းပြီး ရေးခြစ်ပုံဖော်သွားကြပါပြီ။
“အုတ်ဂူထဲ လဲလျောင်း
ဈာပနတေးကိုမျှ ကြားကြရပါသလား
မျှော်ရည်ရာ ခရီးမှာ
ငါတို့ သူသေကိုယ်သေ
အလံတလွင့်လွင့် ပန်းဝင်တဲ့အခါ
နှောင်းလူတို့ ကောင်းစားရစ်ကြပါစေ။”
About The Call 802 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*