စစ်ရေးစစ်ရာ တပတ်တာ (၄၃)

by The Call
“စစ်ရေးစစ်ရာ တပတ်တာ (၄၃)”
■ နောင်လူသစ်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်မှ စက်တင်ဘာလ (၂၁) ရက်နေ့အထိ
☆ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၆၈) ကြိမ်ထက်မနည်း ရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို မြန်မာစစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး အလုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်မှုနှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း မြန်မာစစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၁၂ လုံးကျော် ကျဲချ တိုက်ခိုက်မှုများပါဝင်သည်။
☆ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂၃) ဦးထက်မနည်း သေဆုံးခဲ့ရသည်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်သင်တန်းဖွင့်ရန် ပြင်ဆင်နေသည့် စစ်သင်တန်းကွင်းကို မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၈ ) ခုရှိ မြို့နယ်ပေါင်း (၂၃) မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
☆ ရန်ကုန်တွင် မြို့ပြ ပျောက်ကျားတိုက်ခိုက်မှု (၂) ကြိမ် ရှိခဲ့သည်။
☆ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုများက စက်တင်ဘာလ (၁၅) ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ကို မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
☆ ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်တပ်က အင်အားထောင်ချီသုံး၍ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
☆ ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ထိစပ်နေသည့် အထက်မင်းလှမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်လာကြောင်း သတင်းများဖေါ်ပြကြသည်။
☆ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
☆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်း ရွာများတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းအဖွဲ့များ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းများဖေါ်ပြကြသည်။
☆ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများ၌ တိုက်ပွဲပေါင်း (၁၄ ) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းဖေါ်ပြချက်များအရ တပတ်တာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဘက်က (၄၈) ဦးထက်မနည်း သေဆုံးခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၅) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။

Related Posts

Leave a Comment