6
ညီမင်းဆက်
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၇)’

ဒီရက်ပိုင်းတွေ မြို့ကြီးထဲ ကိုပေါက်စီ စက်ဘီးကို မနားတမ်း နင်းနေမိတယ်။ မြို့ရဲ့လမ်းမတွေဟာ မညီမညာ အဖု အထစ်တွေ ပိုများလာသလို မြို့သူမြို့သားတွေရဲ့ ဘဝကြမ်းတမ်းမှု အခက်အခဲတွေလည်း ပိုလာနေတာကို မြင်ရမိ တယ်။ လမ်းမထက် နေရာအစုံမှာ တွေ့နေရမြဲဖြစ်တဲ့ ခိုအုပ်တွေကို အတွေ့ရနည်းလာသလို လူငယ်လူရွယ်တွေနဲ့ သူတို့ရဲ့ တက်ကြွပျော်ရွှင်နေမှုလည်း မြို့ရဲ့နေရာအနှံ့ အတွေ့ရနည်းလာတာ ကိုပေါက်စီ သတိထားမိတယ်။
မြို့ကြီးထဲ မြို့သူမြို့သားတွေဟာ မြို့ကြီးအကြောင်းထက် ဘတ်ရိုက်ဖို့အကြောင်း၊ ပန်းရောင်ကတ်အကြောင်း၊ ပွဲ စားတွေအကြောင်း၊ PV၊ PJ တွေအကြောင်း ပိုအပြောများလာကြပြီး ကပ်ဘေးဆိုးကြီး ရောက်လာမှာကို ကြိုသိနေ တတ်တဲ့ အင်းဆက်သတ္တဝါတွေလို ကိုယ့်အိမ်ကိုယ့်ယာကနေ ပြောင်းရွှေ့စွန့်ခွာဖို့အရေးဟာ အခြားသော အရာတွေထက် ပိုမိုဦးစားပေးရတဲ့ကိစ္စ ဖြစ်လာနေခဲ့ကြတယ်။
လူတကိုယ်လုံးထရပ်ပြီး ရှိရှိသမျှခွန်အားကို စက်ဘီးခြေနင်းပြားဆီ ပို့လွှတ်ကာ ကုန်းအတက်ကိုကျော်လွန်ဖို့ အား စိုက် နင်းတက်ရတဲ့အဖြစ်လို မြို့သူမြို့သားတွေဟာ မြို့ကြီးကိုစွန့်ခွာဖို့ လုံ့လဥဿဟ ပြုနေခဲ့ကြတာဖြစ်တယ်။
စက်ဘီးကို မြို့ကြီးရဲ့ အကျိုအကြားတွေပါမကျန် ကိုပေါက်စီ မနားတမ်း နင်းနေမိခဲ့တယ်။ Slowdown အတား အဆီးတွေကို ဖြတ်နင်းတဲ့အခါ စက်ဘီးဟာ တဒုတ်ဒုတ်တုန်ခါသလို မြို့ကြီးတခုလုံးရဲ့ လေထုထဲမှာ နိပွန်မြေ အိပ်မက်တွေ၊ အဘူဒါဘီမြို့တော်နဲ့ ခြင်္သေ့မြို့တော်ဆီသို့ အိပ်မက်တွေဟာ တဝေါဝေါ မြည်ဟီးနေခဲ့တယ်။
ကိုပေါက်စီ စက်ဘီးနင်း ရောက်လေရာ အရပ်တိုင်းမှာ မြို့ကြီးသားတွေရဲ့ ဘာသာစကားအပြင် မျိုးစုံသော ဘာသာ စကားအသံတွေဟာ အလှမွေးငါးကန်ထဲက အောက်ဆီဂျင်စက် လည်ပတ်နေမှုမှာ ရေတွေ အမြှုပ်ထ တပွက်ပွက် ဖြစ်နေသလို မြို့ကြီးထဲ ပလုံစီဖြစ် ရှိနေခဲ့တယ်။
ဂရိ အတွေးအခေါ်ပညာရှင် ဟီရာကလီတပ်စ်က မြစ်တမြစ်ထဲ ရေနှစ်ခါချိုးလို့ မရဘူးလို့ဆိုတယ်။ အစဉ်အမြဲ ရွေ့ လျားနေခြင်းရဲ့ သဘောသဘာဝကို ပမာပြု ညွှန်းဆိုခဲ့တဲ့ အရာပဲဖြစ်တယ်။ မြို့ကြီးထဲ ကိုပေါက်စီ စက်ဘီးကို မနားတမ်းနင်းဖြစ်ခဲ့ရာ လမ်းမတွေနဲ့ အကျိုအကြားနေရာတွေထဲမှာ မြို့ကြီးကို စွန့်ခွာသွားသူတွေရဲ့နေရာဆီ မြို့ကလေးဆီကနေ စွန့်ခွာလာသူတွေ အစားထိုး ရောက်လာနေကြသလို အစဉ်အမြဲ ရွေ့လျားဖြစ်ပျက်နေခြင်းဟာ ကုန်းအဆင်းကို အရှိန်ခပ်ပြင်းပြင်း ဖိနင်းလိုက်တဲ့ စက်ဘီး ဘီးတွေလို တရိပ်ရိပ် ပြေးနေခဲ့တယ်။
မြို့ကြီးဆီရောက်လာတဲ့ ဘာသာစကားတွေကလည်း အဲဒီ ရွေ့လျားခြင်းရဲ့ အဓိပ္ပါယ်တွေပဲဆိုတာ စက်ဘီးမှာ ဘာ အသံမြည်ရင် ဘယ်အစိတ်အပိုင်း ဘာဖြစ်နေပြီဆိုတာ သိသလို ကိုပေါက်စီ သိနေခဲ့တယ်။
ဒီရက်တွေထဲ မြို့ကြီးရဲ့ အခြားဘက်ဆီ စက်ဘီးကို နင်းသွားကြည့်မယ်လို့ စိတ်ကူးမိပေမဲ့ မြို့ကြီးထဲမှာပဲ ကိုပေါက်စီ စက်ဘီးကို မနားတမ်း နင်းနေဖြစ်ခဲ့မိတယ်။ မြို့ကြီးထဲက မြို့သူမြို့သားတွေရဲ့ ဇာတ်လမ်းရုပ်ရှင်ဟာ မြို့ကြီးရဲ့ အ ခြားတဘက်စီ ကိုပေါက်စီ စက်ဘီးဦးမလှည့်နိုင်အောင် ဆွဲဆောင်ထားခဲ့တယ်။
မြို့ကြီးထဲ လမ်းမတွေဟာ ဆောင်းဥတုညတာလို ပိုမို မှောင်မိုက် ရှည်လျားလာနေခဲ့ပြီး မြို့သူမြို့သားတွေဟာ တခဏပြီးတခဏ အနာဖေးခွာခံရတဲ့ ဒဏ်ရာလို သွေးထွက်သံယိုမှုတွေနဲ့ ပိုမိုရင်းနှီး အသားကျလာရင်း ခေတ်ကြီးထဲ တထစ်ပြီးတထစ်၊ တရစ်ပြီးတရစ် ပြုတ်ကျ နာကျင်နေကြတာကိုလည်း ကိုပေါက်စီ တွေ့ရမိတယ်။
တခါတရံ မြို့သူမြို့သားတွေဟာ အခြားသော သူစိမ်းတရံတွေကို အသာထား၊ ရေမျက်နှာပြင်ထဲမြင်ရတဲ့ ကိုယ့်ပုံရိပ်မှာတောင် ကိုယ်တိုင်ပြန်ပြီး ထိတ်လန့်နေကြရတာ၊ ကိုယ့်အရိပ်နဲ့ ကိုယ်မှာ သဟဇာတ မဲ့နေကြတာကိုလည်း မြို့ကြီးထဲ စက်ဘီးကို မနားတမ်းနင်းရင်း ကိုပေါက်စီ သတိထားမိခဲ့တယ်။
မြို့ကြီးထဲ တာဝေးခရီးရှည် ပြိုင်ပွဲတခုလို ကိုပေါက်စီ စက်ဘီးကို နင်းနေမိခဲ့တယ်။ လမ်းမတွေနဲ့ အကျိုအကြား တွေပါမကျန် စက်ဘီးကို မနားတမ်း ကိုပေါက်စီ နင်းနေခဲ့မိတယ်။ မြို့ရဲ့လမ်းမတွေဟာ ထင်မှတ်မထားတဲ့ အရာရာကို ဖြစ်ပျက်ဖို့ အသင့်ရှိနေခဲ့ပြီး အဲဒီအရာတွေကို မြို့သူမြို့သားတွေဆီရောက်အောင် အချိန်ပြည့် ဖန်တီး လှုံ့ဆော်ဖို့ လူအုပ်ကြီးကလည်း အသင့်ရှိနေတာကို ကိုပေါက်စီ စက်ဘီးနင်းရင်း သတိထားမိခဲ့တယ်။
မြို့ကြီးထဲ လမ်းတွေပျက်စီးနေသလို၊ အမှိုက်တွေပိတ်ဆို့နေသလို၊ ရေမြောင်းတွေ ရေမစီးတော့သလို ရိုးသားဖြောင့် မတ်မှုနဲ့ လူကိုလူလို မြင်သိမှုတွေဟာ အဲဒီလူအုပ်ကြီးကြားမှာ ပျောက်ဆုံးနေခဲ့တာကို ကိုပေါက်စီ တွေ့ရမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြို့ကြီးထဲ စက်ဘီးကို ကိုပေါက်စီ ခွန်အားရှိသမျှ အားကုန်နင်းနေမိတယ်။
ဆာလောင်မှုတွေကို ပျိုးကြဲချရင်း မြို့ ကြီးရဲ့တသားတည်းရှိနေမှု၊ မြို့သူမြို့သားတွေရဲ့ လက်ရည်တပြင်တည်း ရှိမှု တို့အတွက် တည်ဆောက်ထားခဲ့တဲ့ အခင်းအကျင်းတွေကို မျိုးသုဉ်းပျက်စီးစေပြီး ဖန်တီးသုခဘုံအတွက် မြို့သူမြို့ သားတွေရဲ့ အသွေးအသားကို ကုန်ကြမ်းအဖြစ် သုံးစွဲဖို့ အားထုတ်နေတဲ့ မြို့ကြီးရဲ့ အခြားဘက် အရပ်ဒေသဆီက ပွဲတော် အတုအယောင်အကြောင်း မြို့သူမြို့သားတွေကို သတင်းစကားပေးနိုင်ဖို့ ကိုပေါက်စီ စက်ဘီးကို အားကုန်နင်းရင်း ရှာဖွေကြည့်နေမိတယ်။