ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြဒိုင်ယာရီ (၈)

by The Call
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြဒိုင်ယာရီ (၈)’
◼️ညီမင်းဆက်
တအိမ်တယောက် မလာမနေရ ဆိုတဲ့အမိန့်က ကိုပေါက်စီတို့ရပ်ကွက်လေးထဲ တောမီးလောင်သလို တမဟုတ် ချင်း ပျံ့သွားတယ်။ အကြောင်းက လူကြီးလာမယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံ ပြောကြားလိုတဲ့အတွက် ကြောင့် ဖြစ်တယ်လို့ဆိုတယ်။ ရပ်ကွက်ရာအိမ်မှူးက လက်ကိုင်အသံချဲ့စက်နဲ့ ရပ်ကွက်အနှံ့ လိုက်အော်တယ်။
ဒီတခါလည်း တနေကုန်ဦးမှာလား မသိဘူးလို့ ကိုပေါက်စီ တွေးမိတယ်။ အခုတလော တအိမ်တယောက် မလာမနေရ ဆိုတဲ့အမိန့်နဲ့ ဆင့်ခေါ်တာတွေ ကိုပေါက်စီတို့ရပ်ကွက်ထဲ ခဏခဏလို ဖြစ်နေခဲ့တယ်။
ရွေးကောက်ပွဲမှာ မဲပေးရမယ့် အီလက်ထရောနစ် မဲပေးစနစ်အကြောင်း ရှင်းပြမှာမို့ဆိုပြီး ဆင့်ခေါ်တာတမျိုး၊ ရပ် ကွက်သူ ရပ်ကွက်သားတွေကို ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးက အသိပေးချင်တာ ရှိလို့ဆိုပြီး ဆင့်ခေါ်တာတမျိုး စုံနေတာပါပဲ။
အဲဒီလို ဆင့်ခေါ်ပြီဆိုရင် စုရပ်နေရာဆီ ဆင့်ခေါ်ထားတဲ့ အချိန်မတိုင်မီ တနာရီလောက် အလိုကတည်းက ရပ်ကွက်သူရပ်ကွက်သားတွေက ကြိုရောက်နေရပြီး လူကြီးရောက်မလာမချင်း တမျှော်မျှော် စောင့်ရတော့တာပါပဲ။ လူခွဲရှိတဲ့ မိသားစုမျိုးဆိုရင်တော့ သိသိသာသာ အလုပ်အကိုင်မပျက်ပေမဲ့ လူခွဲမရှိတဲ့ အိမ်မျိုးဆိုရင်တော့ အဲဒီလိုနေ့မျိုး တနေကုန် အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာမျိုးပါပဲ။
အလုပ်အကိုင် ပျက်မှာကြောက်လို့ ဆင့်ခေါ်တာကို မသွားဘဲလည်း မနေရဲဘူး။ ဆင့်ခေါ်တာ မလာဘူးဆိုပြီး စာရင်းမှတ် ပြဿနာအရှာခံရတာက အလုပ်အကိုင်ပျက်တာထက် ပိုဆိုးလို့ အလုပ်ပျက်လည်း ပျက်ပါစေတော့ဆိုပြီး သွားနေကြရတာမျိုးပါပဲ။
တခါတလေ လူကြီးပွဲမှာ ရပ်ကွက်သူရပ်ကွက်သားက နည်းနေလို့ဆိုပြီး လူကြီးအမြင်မှာ ကြည့်ကောင်းအောင် နီး စပ်ရာ အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေကိုခေါ်ပြီး ဝင်ထိုင်ခိုင်းတာမျိုးလည်း ရှိသေးတယ်။ ကလေးတွေခမျာ ဗိုက်ဆာလည်း ထမင်းမစားရ၊ စာသင်ခန်းထဲလည်း စာမသင်ရနဲ့။
ကိုပေါက်စီတို့ ကျောင်းသားဘဝတုန်းကလည်း အခုလိုပါပဲ။ ဘာမှမထူးပါဘူး ။ ကားလမ်းမဘေး နေပူပူ မိုးရွာရွာ မိုးမလင်းခင်ကတည်းက ရပ်စောင့်နေရပြီး ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေလို့ အအော်ခိုင်းလို့ အသံပြာအောင် အော်ခဲ့ရပြီး လက်မောင်းပြုတ်မတတ် လက်ပြခိုင်းခံခဲ့ရတာ။ အဲဒီတုန်းကလည်း ရပ်ကွက်ထဲ တအိမ်တယောက် မ လာမနေရဆို ပြူးပြဲနေအောင် သွားခဲ့ကြရတာပဲ မဟုတ်လား။
အခုလည်း မလာမနေရဆိုပြန်တော့ အဲဒီခေတ်ကြီးနဲ့ အဲဒီစနစ်ကြီး ဘယ်လောက်ကြာအောင် ထပ်ပြီး လည်နေဦး မှာလဲလို့ ကိုပေါက်စီ မချင့်မရဲ အတွေးဖြစ်ရတယ်။
လူကြီးက နေ့လယ် ၁ နာရီ လာမယ်ဆိုတော့ ကိုပေါက်စီတို့ တရပ်ကွက်လုံး ၁၂ နာရီလောက်ကတည်းက စုရပ်မှာ ကြိုစောင့်နေရတယ်။ ရပ်ကွက်ရဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကတော့ မနက် ၉ နာရီလောက်ကတည်းက မျက်စိ နောက်အောင် ပြာယာခတ်နေခဲ့ကြတယ်။
ထင်ထားတဲ့အတိုင်းပဲ။ စတင်ချိန် နေ့လယ် ၁ နာရီဆိုပေမဲ့ လူကြီးဆိုသူက ၂ နာရီကျော်လောက်မှ ရောက်လာ တယ်။ နေ့လယ် ၁၂ နာရီလောက်ကတည်းက သူ့ကို ထိုင်စောင့်နေရတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကို အားနာ ကြောင်း တခွန်းမှမပြောဘဲ အခုလို ဆင့်ခေါ်ရတဲ့အကြောင်းကတော့ လာမယ့်ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေး ကြဖို့ ပြောလိုတာပဲဖြစ်တယ်လို့ ဆိုတယ်။ လူကြီးပြောစကားကြားတော့ ကိုပေါက်စီစိတ်ထဲ မျက်ခနဲ ဖြစ်သွားမိတယ်။
ရွေးကောက်ပွဲမှာ မဲပေးတယ် မပေးဘူးဆိုတာ မဲဆန္ဒရှင်ပြည်သူရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်ကိစ္စပါပဲ။ ဒါကို မဖြစ်မနေ မဲပေးရမယ်လို့ ဖိအားပေး ပြောဆိုလာတာမျိုးကတော့ အတော်ဆိုးရွားတယ်လို့ ကိုပေါက်စီ ယူဆမိတယ်။ ပြီးတော့ ဒီ ရွေးကောက်ပွဲဆိုတာကလည်း ပြည်သူက အစစ်အမှန်လိုလားတဲ့ ရွေးကောက်ပွဲမျိုးမှ မဟုတ်တာ။ မဲပေးချင်မှ ပေးမှာပေါ့လို့ ကိုပေါက်စီစိတ်ထဲ လူကြီးပြောစကားကို တုံ့ပြန်ငြင်းဆိုနေမိတယ်။
လက်တွေ့မှာတော့ လူကြီးဘာပြောပြော ကိုပေါက်စီအပါအဝင် ရပ်ကွက်သူရပ်ကွက်သားအကုန်လုံး လက်ညှိုး ထောင် ခေါင်းငြိမ့်ရုံကလွဲပြီး မကျေနပ်တာ၊ မကျေလည်တာရှိလည်း ဘယ်သူမှ ထမပြောရဲကြပါဘူး။ ပုခုံးပေါ်က အပွင့် အခက် အခွေတွေနဲ့ တသွေး တသံ တမိန့်သမားတွေရဲ့ ဇာတိက ဘူးပေါက်တာမလိုချင်၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အတွေးကလွဲလို့ ခေါင်းထဲ ကျန်တဲ့အကြောင်း ရှိနေခဲ့တာမှ မဟုတ်တာ။
ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့အကြောင်းကို လူကြီးက သူစကားပြောတဲ့ တလျှောက်လုံးမှာ ထပ်ခါတလဲလဲ ထည့်ပြောတယ်။ ရွေးကောက်ပွဲမှာ မဲပေးပါမှ တိုင်းပြည်က လွှတ်တော်ကြီးပေါ်လာပြီး ဘယ်လိုတွေ ပြောင်းလဲ ကောင်းမွန်လာမှာ ဆိုတဲ့အကြောင်း မစားရဝခမန်းဆိုတယ်။
တဆက်တည်းမှာပဲ လွှတ်တော်ပေါ်လာမှ ပြည်သူတွေ စိတ်ဒုက္ခရောက်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုတာကြီးကိုလည်း လွှတ်တော်မှာ ဆွေးနွေးပြီး ဆိုင်းငံ့တာ၊ ပယ်ဖျက်တာမျိုးတွေ အချိန်မရွေး လုပ်လို့ရတယ်လို့ လူကြီးက ပြောလာတော့ ကိုပေါက်စီစိတ်ထဲ အဲဒီလူတွေကို အတော့်ကိုမှ စိတ်ပျက်မုန်းတီးစိတ် ဖြစ်မိသွားတယ်။
ခွေးပါးစပ်ကနတ်စကားထွက် ဆိုသလို ပြည်သူကို အမျိုးမျိုး ဒုက္ခပင်လယ်ဝေစေပြီး တိုင်းပြည်ကို ကပ်ကြီးသုံးပါး ဆိုက်ရောက်စေတဲ့ လူတစုရဲ့ ပါးစပ်ကနေ တိုင်းပြည်အတိဒုက္ခရဲ့ ကယ်တင်ရှင်လေသံမျိုး ဒင်းတို့ဖြင့် ပြောထွက် တယ်လို့ ကိုပေါက်စီ အတွေးပေါက်ရင်း စိတ်ပျက် မုန်းတီးစိတ် ပိုဖြစ်ရမိတာဖြစ်တယ်။
ကိုယ် စိတ် ခန္ဓာ သုံးပါးစလုံးမှာ ဒင်းတို့ကို မကျေနပ်၊ မုန်းတီးရွံရှာပေမဲ့ လိုက်လျောညီထွေ လက်ညှိုးထောင် ခေါင်း ငြိမ့်နေရတဲ့ ကိုယ့်အဖြစ်ကို တွေးမိပြီးလည်း မခံချိသာ ခံစားရစိတ် ဖြစ်မိသွားတယ်။
အဲဒီနောက်ပိုင်း လူကြီးက ဘယ်လိုစကားမျိုးတွေ ဆက်ပြောနေခဲ့လဲ ကိုပေါက်စီနားထဲ သေချာမကြားမိတော့ဘူး။ လွတ်နေတဲ့ ခွေးသရမ်းကြီး တဝုတ်ဝုတ် အဆက်မပြတ် ဟောင်နေသံသာ အတွေးထဲ၊ စိတ်ထဲ ကြားနေမိတော့တယ်။
.

Related Posts

Leave a Comment