Timbuktu မြို့ထဲက လူတွေ

by The Call
‘Timbuktu မြို့ထဲက လူတွေ’
◼️ ညီလင်းအိမ်
မာလီနိုင်ငံမှာရှိတဲ့ တိမ်းဘတ်တူး မြို့ကလေးက မြို့လို့သာ မည်ကာမတ္တပြုရတာ သာမန် ဇနပုဒ်သာသာ နေရပ်ကလေးပါပဲ။ ရိုးသားအေးဆေးလှတဲ့ တောသူတောင်သားတွေသာ ရှိကြပြီး ဒေသရဲ့ ဓားမဦးချ အလုပ်တွေနဲ့ပဲ အသက်မွေး ရပ်တည်ကြတယ်။ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြသလို ဘာသာတရားအပေါ်မှာလည်း သက်ဝင်ယုံကြည်ကြပြီး အလ္လာအသျှင်မြတ်ရဲ့ အရိပ်အောက်မှာပဲ ငြိမ်းချမ်းစွာ၊ ဘဝကို ရောင့်ရဲတင်းတိမ်စွာနဲ့ နေထိုင်ကြသူတွေဆိုတာ ထင်ရှားတယ်။ ဒီမြို့ကလေးမှာ သမိုင်းဝင် အဆောက်အဦးတွေ ရှိတာကလွဲလို့ ဘာမှ ထွန်းကားပေါကြွယ်ဝတဲ့ အရပ်လည်း မဟုတ်။ မွေးမြူရေး၊ စိုက်ပျိုးရေး အလုပ်လေးတွေနဲ့ပဲ အသက်ရှင် ရပ်တည်နေကြရတဲ့ ဒေသတခု ဖြစ်တယ်။
ဒီလိုနဲ့ ၂၀၁၂ ခုနှစ်အရောက်မှာတော့ အစ္စလာမ်းမစ် အစွန်းရောက် အိုင်အက်စ်တွေက လက်နက်အားကိုးနဲ့ပဲ ဒီမြို့ကလေးကို သိမ်းပိုက်လိုက်ကြသတဲ့။ ရောက်ရောက်ချင်းမှာပဲ ဗိုလ်ကြီးလို့ ထင်ရတဲ့သူက ဘယ်က သိမ်းယူလာတယ် မသိတဲ့ ကားအကောင်းစားကြီးနဲ့ မြို့ဝန်းကျင်က သဲသောင်လွင်ပြင်တွေမှာ ပတ်မွှေနေတယ်။ ပြီးနောက်မှာတော့ ဂျူးတွေအပေါ်ကို နာဇီတွေက အမိန့်ပြဌာန်းသလို တင်းကြပ်လှတဲ့ ဘာသာရေး အမိန့်တွေကို ထုတ်ပြန်ကြတော့တယ်။ ဒေသခံတွေကို အချိန်ပြည့် ဝတ်စုံအပြည့်နဲ့ပဲ ဝတ်ဆင်ကြရမယ်။ ယုတ်စွအဆုံး သားငါးရောင်းချပြီး အသက်မွေးတဲ့ အမျိုးသမီးတွေမှာလည်း ငါးခုတ်ရင်တောင် လက်အိတ်မချွတ်ရ။ ပြီးလျှင် ဂီတတူရိယာများနဲ့ သီဆို တီးမှုတ်ခြင်းကို လုံးဝ ခွင့်မပြု၊ ဘောလုံးအားကစားခြင်း ကိစ္စကိုလည်း တားမြစ်ပြန်သလို ဆေးလိပ်တောင် သောက်ပိုင်ခွင့် မရှိ။
လက်အိတ်ကြီးစွပ်ပြီး သားငါးရောင်းချဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အမျိုးသမီးကြီးခမျာမှာ ဘယ်လိုမှ သည်းညည်းမခံနိုင်တော့။ သူတို့ ရှေ့မှာပဲ သတ်ချင်ရင် သတ်ပါစေတော့ သဘောနဲ့ အော်ဟစ်ပေါက်ကွဲပါသတဲ့။ အစွန်းရောက်ပြီး လူစိတ်ပျောက်နေကြတဲ့ သူတို့တွေကတော့ ဘာကိုမှ အလျဉ်းပြုခြင်း မရှိပါဘူး။ လက်နက်အားကိုးနဲ့ပဲ ခွန်အားမဲ့ ပြည်သူတွေကို အနိုင်ကျင့် ဖိိနှိပ်ကြပါတော့တယ်။
ဒေသခံတွေ အတွက်တော့ ငရဲဘုံအတွင်းကို ရောက်ရှိရတဲ့ ကာလတွေ ဖြစ်လာတယ်။ လူသတ် လက်နက်တွေ ကိုင်စွဲထားတဲ့ အိုင်အက်စ်တွေဟာ မြို့ရဲ့ နေရာအနှံ့ကို စောင့်ကြပ်ပြီး သူတို့ ချမှတ်ထားတဲ့ ဥပဒေနဲ့ အညီ မနေထိုင်သူကိုတွေ့ရင် အပြစ်ပေးအရေးယူကြတယ်။ သူတို့အဖို့်မှာ ဒီလိုဒေသထဲကနေ ဘာတွေများ ရယူနိုင်ကြမှာမို့လို့လဲ။ စားဝတ်နေရေး ဖူလုံရုံမျှသာ အလုပ်လုပ်ကိုင်ပြီးတဲ့နောက်မှာ အလ္လာအသျှင်မြတ်ရဲ့ အရိပ်အောက်မှာပဲ ခိုလှုံကြသူတွေ၊ တချို့ကတော့ ကန္တာရလေပြည်တွေ တိုးဝှေ့တိုက်ခတ်တတ်တဲ့ ညခင်းတွေမှာ မိသားစုလိုက် ဝိုင်းဖွဲ့ သီချင်းဆိုကြတာ။ ဒီလိုနဲ့ပဲ ဘဝနောက်တရက်ကို ဆက်လက်ကူးမြောက်ရဖို့ အားမွေးကြရသူတွေ အရပ်မှာ သူတို့ ဒီနေရာကို သိမ်းပိုက်လိုက်ရလို့ ဘာတွေများ အကျိုးအမြတ်တွေ ရှိလာနိုင်မှာတဲ့တုန်း။
သူတို့မှာတော့ ဒီလို ငါးရောင်းသူကို လက်အိတ်စွပ်ခိုင်းတာတို့၊ လူသိရှင်ကြား လက်မထပ်ဘဲ သားသမီး ရှိလာတဲ့ စုံတွဲတွေကို ကျောက်ခဲနဲ့ ပစ်ပေါက်စေပြီး သတ်ဖြတ်ပစ်တာတို့။ တရားစီရင်ခြင်း အမှုမှာလည်း ဘယ်သူက မှားမှား မှန််မှန် ငွေများများပေးနိုင်တဲ့သူကို အနိုင်ရ ကျေအေးပေးလိုက်တာတို့။ ဒီလိုနည်းနဲ့ အုပ်ချုပ်ရတာတွေကိုပဲ အင်မတန် မှ အရသာတွေ့နေကြတဲ့ လူ့တိရစ္ဆာန်များပေါ့။
ဘဝရဲ့ ရောင့်ရဲတင်းတိမ်ရခြင်း အဓိပ္ပါယ်အတွက် နှစ်သက်အားရဖို့ အဖြေရှာချင်ကြလည်း အဲဒီလို လူတွေ အုပ်စိုးတဲ့ အရပ်မှာ ဘယ်သူမဆို ဒုက္ခရောက်ပျက်စီးကြရတယ်။ မြို့ကလေးရဲ့ မနီးမဝေးက လဟာပြင်အရပ်မှာပဲ တဲကလေးထိုးပြီး နေကြတဲ့ မိသားစုကလေးမှာ ဘာအပူအပင် သောကရယ်မှ ရှိမနေကြ။ အိမ်ထောင်ဦးစီး ဖခင်ဟာ ဂီတနဲ့ပဲ သူ့မိသားစုကလေးကို နူးညံ့သာယာမှုတွေကို လွှမ်းခြုံနွေးထွေးစေခဲ့တယ်။ အသက်မွေးဝမ်းကျောင်းအလုပ်အတွက်တော့ နွားတွေ မွေးထားတယ်။ ဒီနွားတွေကိုပဲ ရောင်းချရင်း စားဝတ်နေရေးအတွက် ဖူလုံလိုက်စေတာ။ အိုင်အက်စ်အဖွဲ့ထဲက ခေါင်းဆောင်ဆိုတဲ့သူကပဲ ကားမောင်းလေ့ကျင့်ရင်းနဲ့ ဒီလူ့ရဲ့ ဇနီးသည်ကို သဘောကျနေသတဲ့။ သူ့စိတ်ထဲမှာ သူ့မယားလိုချင်ရင် သူ့လင်လှံနဲ့ထိုးချင်တဲ့ စိတ်သဏ္ဍာန်တွေ ကူးလူးနေတဲ့ပုံ။
ငရဲဘုံထဲမှာ နေရမှတော့ ဘယ်လိုကောင်းမွန်တဲ့ ကြမ္မာလမ်းဆိုတာ ရှိလာမှာလဲ။ တရက်မှာတော့ လူပါးဝ ရိုင်းစိုင်းတဲ့ တံငါသည်က သူ့ထောင်ထားတဲ့ ငါးဖမ်းပိုက်တွေ ပျက်စီးတာဟာ သူတို့မိသားစုပိုင် နွားအုပ်ထဲက နွားကြောင့်ဆိုပြီး နွားတကောင်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်။ နွားအုပ်တွေကို ထိန်းကျောင်းပေးရတဲ့ အမောင်နွားကျောင်းသားငယ်လေးက ငိုကြီးချက်မနဲ့ ပြေးလာရင်း တိုင်ကြားချိန်မှာ လူဖြောင့်လူအေးကြီး ဖြစ်တဲ့ အိမ်ထောင်ဦးစီး Kidane မှာ စိတ်မထိန်းနိုင်တော့။ ဖွက်ထားတဲ့ သေနတ်တလက်ကို ယူငင်သွားရင်း တံငါသည်နဲ့ အသက်လုတိုက်ပွဲတွေ ဖြစ်သွားတော့တယ်။
ချောင်းရေပြင်ဟာ ကိုတံငါသွေးတွေနဲ့ နီစွန်းသွားတော့တယ်။ ဒီအမှုက အိုင်အက်စ်တို့ လက်ထဲရောက်တော့ ဘယ်လိုများ ဖြစ်မယ် ထင်ပါသလဲ။ ငေးကြည့်သူ ကျနော့်အဖို့ လေးပင်တဲ့ သောကများစွာနဲ့ ဒီလိုအေးချမ်းလှတဲ့ အရပ်ဒေသကလေးကို ဘာကြောင့်များ ရက်စက်သွေးပျက်ဖွယ်ရာတွေကို တွန်းပို့ရက်ကြသလဲ။ တရားခံက ဘယ်သူတွေလဲ။ ပြန်လည်တိုက်ထုတ်နိုင်စွမ်း မရှိတဲ့ ဒေသခံတွေ အပြစ်လား။ ဒီကောင်တွေကို မွေးဖွားပေးလိုက်ကြတဲ့ သူတို့ မိဘတွေရဲ့ စနက်လား။ ဘုရားတွေရဲ့ လျစ်လျူရှု့မှုကြောင့်လား။
တရုတ်နဂါးရုပ်ကြီး လူးလွန့်နေသလို သဲပွင့်သဲမှုန်တွေ လူးလွန့် ကခုန်သွားတဲ့ လွင်ပြင်ကြီးထဲမှာ အိုင်အက်စ်တွေကနေ တရားစီရင်ခြင်း အမှုတွေကို ပြုလုပ်နေကြတယ်။ သူတို့ကိုယ်သူတို့ တလောကလုံးကို ထိန်းသိမ်းအုပ်ချုပ်နိုင်တဲ့ အသွင်မျိုးတွေနဲ့လေ။ မြို့ကလေးကတော့ ဒီသတ္တဝါတွေအောက်မှာ မှောင်အတိရောက်ခဲ့ပြီ။ ဘောလုံး မကစားရဆိုလို့ သဲကွင်းထဲမှာ မက်ဆီ နံပါတ်ပါတဲ့ အင်္ကျီတွေဝတ်ထားပြီး ဘောလုံးမပါဘဲ ဘောလုံးကစားနေကြသူတွေရဲ့ မြင်ကွင်းကို ကြည့်ကြည့်ကြပါဦး။
ဒါဆိုရင် တိမ်းဘတ်တူး လို မြို့ကလေးထဲက လူတွေရဲ့ ဘဝတွေက ယင်းတနေရာထဲမှာပဲ ရှိနေတာ ဟုတ်ရဲ့လား။ ကျနော်တို့ ပြည်အဖို့ရော တိမ်းဘတ်တူးမြို့နဲ့ ဘာထူးသလဲ။ အပြစ်မဲ့ ပြည်သူပြည်သား တွေ အပေါ်ကို အကြောက်တရားတွေ၊ ရက်စက်မှုတွေနဲ့ပဲ အနိုင်ကျင့် ချယ်လှယ်ချင်ကြတဲ့ အဲဒီလူတန်းစားတွေကရော အိုင်အက်စ်လို အဖွဲ့အစည်းနဲ့ ဘာများထူးမခြားနား ဖြစ်နေလို့လဲ။ ကိုယ့်ပြည်က ကျေးလက်နေ လူတန်းစားတွေရော၊ မြို့ပြလူတန်းစားတွေမှာရော အိုင်အက်စ်လို နောက်ပါ လူရမ်းကားတွေရဲ့ နေရာတကာ အနိုင်ကျင့်စော်ကားဖိနှိပ်တာတွေကို ကျောကော့အောင် ခံနေရတယ်။
သားငါးစျေးတန်းက ငါးသည်ကို လက်အိတ်မချွတ်ခိုင်းသလို၊ သိချင်းဆိုမိတဲ့ မိန်းကလေးကို ကြိမ်ဒဏ်ပေးပစ်သလို သူ့ဘာသာ နေထိုင်နေကြတဲ့ ရိုးသားကြိုးစားစွာနဲ့ ရှာဖွေပြီးမှ တည်ဆောက်ထားကြတဲ့ အိုးအိမ်ခြံမြေကစလို့ သေနတ်အားကိုး၊ အဖွဲ့အစည်းအားကိုးနဲ့ အတင်းမောင်းချ နှင်ချပြီး မောင်ပိုင်စီးဖို့ ကြိုးစားတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲ လူစုတ်လူယုတ်တွေအထိ ဒီလူတွေဟာ အိုင်အက်စ်လို လူ့တိရစ္ဆာန်တွေနဲ့ ဘာမှ မကွာခြားလှတဲ့ သတ္တဝါတွေ ဖြစ်ကြတယ်။ အခုဆိုရင် ဒီလူတွေလုပ်သမျှကို ကျောကော့အောင် ခါးစည်း ခံစားနေကြရတာကို မြင်ရတယ်။
တိမ်းဘတ်တူးမြို့ကလေးမှာတော့ သိပ်မကြာခင်မှာဘဲ ဝိုင်းဝန်းတိုက်ထုတ်မှုကြောင့် အိုင်အက်စ်တွေ ကြာရှည် အနိုင်ပိုင်းခွင့်မရ။ ထွက်ပြေးကြရတယ်။ ကျနော်တို့ပြည်မှာတော့ ဒီလူတွေ မင်းမူလို့ နေဆဲ။ သူတို့ အနိုင်ကျင့် ယုတ်မာသမျှကို ခံစားနေကြရဆဲ။
ဒီလိုလူတွေ နောက်မရှိလာစေဖို့ မျိုးဆက်သစ် လူငယ်တွေမှာ အသက်တွေပေးပြီး တွန်းလှန် တိုက်ခိုက်နေကြရဆဲ။
ဒါဟာ တိမ်းဘတ်တူး မြို့နဲ့ ဆင်တူလှတဲ့ ကျနော်တို့ နိုင်ငံအကြောင်း ရုပ်ရှင်စစ်စစ် ဆိုပါတော့။
( “Timbuktu” ရုပ်ရှင်က ၂၀၁၄ ခုနှစ် Cannes ရုပ်ရှင်ပွဲတော်မှာ Palme d’Or ဆုအတွက် ယှဉ်ပြိုင်ခဲ့သလို ၂၀၁၅ ခုနှစ် အော်စကာဆုပေးပွဲမှာလည်း Best Foreign Language Film ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ နိုင်ငံတကာက ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကိုလည်း အခိုင်အမာရရှိခဲ့ပြီး ၂၁ ရာစုရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တကားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ် )
ရုပ်ရှင်ရည်ညွှန်း – Timbuktu Movie ( 2014 )

Related Posts

Leave a Comment