After You

by The Call
‘After You’
◼️ စုသဲမွန်
After You ဆိုတဲ့ စာသားကလေးကို မထင်မှတ်ဘဲ ဒီရက်ပိုင်းကြားခွင့်ရခဲ့ချိန် အတော်လေး ကျမစိတ်ထဲ သဘောကျမိတယ်။ After You ဆိုတာ ‘မင်းအရင်သွားပါ၊ မင်းအရင်စားပါ” ဆိုတာမျိုး ကိုယ်မဟုတ်တဲ့ တခြားတယောက်ယောက်ကို ဦးစားပေး လိုက်တာမျိုး၊ အဲ့ဒီလိုဦးစားပေးလိုက်လို့ ကိုယ့်အတွက် နစ်နာသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ မနစ်နာဘဲ ကိုယ့်ရဲ့လက်ရှိအခြေအနေ တွေက ဘာမှထွေထွေထူးထူး ယိမ်းယိုင်ပြောင်းလဲသွားတာမျိုး မဖြစ်တာလည်းဖြစ်နိုင်တယ်။ သေချာတာတခုကတော့ ကိုယ့်ရဲ့အတ္တစိတ်ကို တခြားလူအတွက် စဉ်းစားပေးတတ်တဲ့နောက်ကို ရွေ့လိုက်နိုင်ခြင်းဆိုတာကို တွေးလိုက်မိတာပါပဲ။
After You က ကျမတို့မိသားစုမှာတော့ ထွေထွေထူးထူးကျင့်ယူရတဲ့ ကိစ္စမျိုးတော့မဟုတ်ဘူး။ ဘယ်အရာမဆို အညီအမျှ ကြိုက်လွန်းတဲ့ ညီမျှခြင်းစိတ္တဇနဲ့ ကြီးပြင်းခဲ့သူ အဖေရဲ့ ပျိုးထောင်မှုအောက်က ကျမတို့ညီအစ်မတွေနဲ့ အတူနေ မိသားစုဝင် ညီအစ်မဝမ်းကွဲတွေအတွက်တော့ After You က မထူးခြားတဲ့ အကျင့်တခုလိုတောင်ဖြစ်နေတယ်။ လူငါးယောက် ပန်းသီးငါးလုံး၊ လိမ္မော်သီးငါးလုံးရှိရင်တောင် အချိုအချဉ်မတူမှာစိုးလို့ တလုံးစီကို ငါးစိတ်စိတ်၊ ငါးမွှာ မွှာပြီးခွဲဝေပြီးချိန် အဖေ့ဆီက After You ကို အမြဲမြင်ရလေ့ရှိတယ်။ သူကကျန်တဲ့ မိသားစုဝင်လေးယောက်ကို “ကဲ ဘယ်အပုံယူမှာလဲ ကြိုက်တာယူ”ဆိုပြီး သူကတော့ နောက်ဆုံးရွေးကျန်ကို ယူလေ့ရှိတယ်။ ဒီတော့ ဟိုနေ့က ကျမရဲ့အသိဆရာမက စကားဝိုင်းလေးမှာ After You ခေါင်းစဉ်နဲ့ ကိုယ့်ဘဝမှာဖြစ်ဖြစ် ကိုယ့်လတ်တလောအခြေအနေမှာဖြစ်ဖြစ် ကြုံတာလေးတွေရှိရင် မျှဝေပေးဖို့ပြောလာတော့ ကိုယ်နဲ့ ရင်ဘတ်ခြင်းတူ တော်လှန်ရေးခရီးကြမ်းကို ကြံ့ကြံ့ခံလျှောက်လှမ်းနေတဲ့ သူတွေဆီက တယောက်တမျိုးစီ အတွေးတွေကြားလာရချိန် ကျမစိတ်ထဲ အတော်လေးသဘောကျမိတယ်။
အဲ့ဒီမှာ တယောက်က After You နဲ့ပတ်သက်ပြီး သတိထားမိတာကတော့ မြန်မာလူမျိုးတွေမို့ ဘက်စ်ကားစီးချိန် နေရာလွတ်သွားရင်ကိုယ်မထိုင်ဘဲ အသက်အရွယ်ကြီးသူတွေနဲ့ အမျိုးသမီးတွေကို ဦးစားပေးတတ်တဲ့ မြန်မာတွေရဲ့စိတ်နဲ့ အပြုအမှုကို အရင်ဆုံး သတိတရပြောပြတယ်။ ဒီကမြို့ကျဉ်းကျဉ်လေးမှာတော့ ဘတ်စ်ကားတစီးမှတောင်မရှိဘဲ စက်ဘီး၊ ဆိုင်ကယ်နဲ့ တက္ကစီတွေသာ ရှိတာမို့ ဒီအလေ့အကျင့်ကို တခုတ်တရ သတိတရရှိသူက မြန်မာပြည်ကိုလွမ်းနေတာ။ ကျမတို့ရဲ့ အဓိပ္ပါယ်မဲ့သလိုဖြစ် နေတဲ့ရှင်သန်မှုထဲ တခုခုဆို ကိုယ့်နိုင်ငံကို သတိတရရှိတဲ့စိတ်ကလည်း ဘယ်အချိန်မဆို ရေကာတာကျိုးပြီး စီးဆင်းနေတဲ့ရေတွေလိုပဲ တားမရဆီးမရဖြစ်လေ့ရှိတာပါပဲ။
ဒီတော့တခြားတယောက်က ပြောတယ်။ မြန်မာတွေကလေ တန်းစီတဲ့စနစ်မှာ သိပ်အားနည်းတာ။ အထူးသဖြင့် Buffetတွေ စားဖို့တန်းစီရင် အကြီးဆုံးအသားတုံးတွေ၊ အကောင်းဆုံးအစားအစာတွေကို ပန်းကန်ထဲအမောက်ကြီးထည့်ပြီး စားတတ်ကြတာ။ အဲ့ဒီလိုအချိန်မျိုးမှာ After You လုပ်ဖို့သိပ်နှောင့်နှေးကြတာ။ နောက်လူအတွက် ကျန်ချင်ကျန်မကျန်ချင်နေ ကိုယ်စားရရင်ပြီးရော ဆိုတဲ့စိတ်နဲ့ လုပ်ပေါက်တွေကိုမြင်ရင်သိပ်ရှက်တာပဲ။ ဟုတ်ပါတယ်။ ဒါမျိုးတွေ ကျမတို့ အတွေ့အကြုံအရ သတိတရပြန်ရှိမိပြန်တယ်။
စနစ်တခုက မြန်မာပြည်မှာ အမြဲကစဉ့်ကလျားနဲ့ တည်ဆောက်ရှင်သန်နေတော့ တခုခုတန်းစီရ မယ်ဆိုရင်အရှေ့ဆုံးမှာပဲ နေချင်တာ။ ကြားဖြတ်တာ။ တယောက်လောက်နဲ့ ဘာမှမဖြစ်ပါဘူးဆိုပြီး လှစ်ကနဲမျက်နှာပြောင်ပြောင်နဲ့ လိုင်းထဲတိုးဝင်တတ်တာတွေမြင်တိုင်း After You ဆိုတဲ့ အကျင့်ဟာ ကျမတို့ရဲ့ မူရင်းအခြေခံစိတ်ကလေးမှာ ကိန်းအောင်းနေတတ်ရင်တောင် တခါတရံ အလိုလောဘ စိတ်တွေ၊ တာဝန်မဲ့တဲ့အသိနဲ့ ရေသာခိုတတ်တဲ့ ဉာဉ်တွေကြောင့် ရှက်စရာအဖြစ်အပျက်တွေ မရည်ရွယ်ဘဲ ဖြစ်သွားတတ်လို့လေ။
အတွေးတောင်မဆုံးသေးဘူး။ အကိုတယောက်က ဖြတ်ပြောတယ်။ ”ကျ​နော့်အတွက်တော့ After You နဲ့ ပတ်သက်ပြီးမျှဝေပါဆိုရင် ဘဝတခုလုံးနဲ့တောင် ဆိုင်တယ်လို့ပြောရမယ်”တဲ့ ။ အားလုံးရဲ့အကြည့်တွေနဲ့ ကျမရဲ့အတွေးကလည်း ရပ်ဆိုင်းသွားပြီး သူ့ဆီအာရုံစိုက်မိသွားတယ်။ “ကျ​နော့် သားလေးက ဗကသကျောင်းသားခေါင်းဆောင်လေ။ သိတဲ့သူတွေလည်းသိပါတယ်။ ကျ​နော့်သားလေးတို့ရဲ့ safe house ကို စစ်တပ်က ရုတ်တရက်ဝိုင်းလာတော့ အားလုံးထွက်ပြေးကြတယ်။ တယောက်မှမရှိတော့တဲ့အချိန် သူအုတ်တံတိုင်းကို ကျော်တက်ဖို့လုပ်ချိန် မိန်းကလေးငယ်လေးတယောက်ပဲ ကျန်နေခဲ့တယ်။ သူကကိုယ်လွတ်ရုန်းပြီး ပြေးလို့ရပေမယ့် သူမပြေးဘူး။ မိန်းကလေးကို ပြေးလို့ရအောင် သူကူညီလိုက်လို့ စကစလက်မှာ ကျွန်တော့်သားလေးခေါင်းကို သေနတ်နဲ့ပစ်သတ်လို့ ရက်ရက်စက်စက် ကျဆုံးခဲ့ရတယ်။ ဒါက After You ရဲ့ အဓိပ္ပါယ်က ပြန်တွေးလိုက်တိုင်း ကျ​နော့်အတွက် ဘယ်လောက်လေးနက်သလဲ။ ဘယ်လောက်နာကျင်စိတ်ထိခိုက်ရသလဲ ဆိုတာကိုပြောပြချင်တာပါ။
ဒါပေမဲ့ ကျ​နော် ကျ​နော့်သားရဲ့ အများကို ကိုယ်ကျိုးစွန့် ကူညီချင်တဲ့စိတ်ကို လေးစားဦးညွှတ်ရင်း ကျ​နော့်စိတ်ကို အမြဲဖြေသိမ့်ခဲ့ပါတယ်“။ စကားဝိုင်းကခေတ္တတိတ်ဆိတ်သွားပြီးမှ “အကို့ကို ကျမ ကောင်းကောင်းနားလည်တယ် ။ စိတ်လည်း မကောင်းပါဘူးအကို” ဆိုပြီး မိန်းကလေးတယောက်က ဖျတ်ခနဲဝင်ပြောတယ်။ “ကျမအတွက်တော့ အခုတပတ်အတွင်း After You လုပ်တာတွေ အရမ်းများသွားပြီး ဘဝက နေပျာ်စရာမကောင်းဘူး။ ရှင်သန်စရာမကောင်းဘူး။ တမိသားစုတည်းနေလို့မရတဲ့အချိန်မှာ တခြားမိသားစုတွေနဲ့ အတူပေါင်းနေရတိုင်း ကျမအတွက်တော့ အနစ်နာခံတဲ့ စိတ်က ကျမကိုယ့်ကိုယ်ကိုယ် မချစ်တတ်သလိုဖြစ်နေတယ်။ စားစရာဆို ကျမကသာ သူတို့ကို ဦးစားပေးချက်ပြုတ်ပေးရတာ ၊ ကျမအတွက်မချန်တာမျိုး ရေခဲသေတ္တာထဲ သောက်စရာလေးတွေအဆင်သင့် ထားထားပြီး ကြိုက်တဲ့သူသောက်ဆိုတာ ကျမသောက်ချင်တဲ့ အချိန်ကျ မရှိတော့ဘူး။ ဒါမျိုးတွေတွေ့ရင် After You လုပ်ခြင်းက မှန်ရောမှန်ရဲ့လားဆိုပြီး တွေးလာမိတယ်”။
သူပြောတာကိုနားထောင်လိုက်မှ သူများနိုင်ငံထဲ ခက်ခက်ခဲခဲရှင်သန်ရုန်းကန်တဲ့ ကာလတွေမှာ အများနဲ့အတူဝေစားမျှစားရင်း လမ်းပျောက်နေတဲ့အချိန် After You လုပ်တတ်တဲ့ကိုယ်နဲ့ အလိုက်မသိ တကိုယ်ကောင်းဆန်လွန်းတဲ့လူတွေနဲ့ တွေ့လာတဲ့အခါ After You က ဘဝအတွက် ပိုလို့တောင်အသက်ရူကြပ်ချင်စရာ ကောင်းလာပါလားလို့တွေးမိလာတယ်။ တကယ်လို့များတဖက်က ဒီနေ့ တစုံတယောက်ကို ဦးစားပေးရှင်သန်လိုက်ရလို့ ပိုအဓိပ္ပါယ်ရှိလာပါလားဆိုပြီး မတွေးနိုင်ခဲ့ရင်ပေါ့လေ။ ဒီနေရာမှာ ဒီစကားဝိုင်းကို ဖန်တီးပေးတဲ့ ဆရာမကလေ ထူးထူးခြားခြားမေးခွန်းတခု မေးလာတယ်။
“ဒီရက်ပိုင်းထဲမှာ ကိုယ်ကပဲ After You လုပ်တာမဟုတ်ဘဲ တခြားတယောက်ယောက် ကိုယ့်ကို After You လုပ်ပေးတာမျိုး မြင်ခွင့်ကြုံခွင့်ရသလား”တဲ့။ အဲ့ဒီတော့ ကျွန်မစိတ်ထဲ မဆိုင်းမငံ့ဘဲ ပြန်ပြောဖြစ်တယ်။ “ဆရာနဲ့ဆရာမတို့စုံတွဲလေ”လို့ ။
ဟုတ်ပါတယ်။ ဆရာနဲ့ဆရာမတို့စုံတွဲက တပတ်တခါ သောကြာနေ့တိုင်း ကျမတို့အဖွဲ့တွေဆုံဖြစ်တဲ့ တရားထိုင်တဲ့နေ့တွေမှာဖြစ်ဖြစ်၊ Motivation Group စကားဝိုင်းတွေမှာဖြစ်ဖြစ် အာဟာရဒါန ဆိုပြီး သူတို့ ကိုယ်တိုင်စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ် ယူလာတိုင်း မိတ်ဆွေတွေကို ဦးစားပေး တည်ခင်းကျွေးလေ့ရှိတယ်။ တရားထိုင်တဲ့နေ့တွေမှာဆို ဆရာမကိုယ်တိုင် ပြင်ဆင်တည်ခင်းပေးပြီး အားလုံးစားပြီးချိန် လက်ကျန်ကိုပဲ ဆရာမတို့စုံတွဲ စားတာ အမြဲမြင်နေရတယ်လေ။ သူတို့ကျ AfterYou လုပ်တာက တဦးတယောက်တည်းတောင်မဟုတ်၊ အများကို ဦးစားပေးပြီးလုပ်တာမို့ တွေးလိုက်တာနဲ့ ကြည်နူးပီတိစိတ်ကလေးက ဘယ်ဖက်ရင်အုံမှာ လျှပ်စီးလက် သလိုဖျက်ကနဲ စီးဆင်းသွားချိန် အားလုံးကလည်း “ဟုတ်ပါတယ်၊မှန်ပါတယ်” ဆိုပြီးဝိုင်းထောက်ခံကြသလို လက်ခုပ်သံတွေပါ ဆူညံသွားခဲ့တယ်။
စားစရာတွေပြင်ဆင်ပြီးချိန်အထိ ဘယ်လောက်ဗိုက်ဆာဆာ လူတွေအားလုံး ကိုအမြဲဦးစားပေးပြီး သူတို့အားလုံး စားပြီးမှ ကိုယ့်အတွက်စားဖို့ပြင်ဆင်တတ်တဲ့ ဆရာနဲ့ဆရာမရဲ့ After You မြင်ကွင်းကိုလည်း အားလုံးကပြန်ပြီး သတိတရ ရှိကြမှာပေါ့။ ဒီလိုနဲ့ စကားဝိုင်းကအပြန် After You က တဖြည်းဖြည်း ကျမရဲ့ နေ့ရက်တွေထဲ တွေးစရာ ဖြစ်လာတယ်။ အရင်ကလည်း အများကိုဦးစားပေးတတ်တဲ့ စိတ်ရှိသူပေမယ့် After You အကြောင်း အသေးစိတ်ဆွေးနွေးပြီးနောက်ပိုင်း ကိုယ်ကိုယ်တိုင်မှမဟုတ် ကိုယ့်မျက်စိရှေ့မြင်ကွင်းမှာ အဖြစ်အပျက်တခု၊ အကြောင်းအရာတခုနဲ့ ဘယ်သူက ဘယ်သူ့ကို After You လိုက်တယ်ဆိုတာမျိုးအသေးစိတ် သူ့အလိုလိုတွေးဖြစ်လာတယ်။
ဒါအပြင် After You ဆိုတာရှိတော့ After Me ဆိုတာရော ဘဝမှာ မရှိနိုင်ဘူးလားလို့မေးခွန်းထုတ်လာရင် သိပ်ရှိတာပေါ့လို့ပဲဖြေရတော့မယ်။ ကျမတို့ကလူတွေပဲလေ။ တခါတရံလည်း သူများကိုဦးစားပေးသင့်လျက် မပေးနိုင်ဘဲ ကိုယ့်ကိုယ့်ကိုယ်အရင်ဦးစားပေး လိုက်တာတွေရှိကြမှာပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရက်ပိုင်းမှာ After Me ရတဲ့အဖြစ်က ကျမဆီမှာ ဖြစ်လာပါတယ်။ တဖက်ပိတ်လမ်းရဲ့ အစွန်ဆုံး ငါးခန်းတွဲနှစ်ထပ်တိုက်အခန်းတွဲရဲ့ အစွန်ဆုံးအခန်းမှာ ကျမတို့မိသားစု နေကြတယ်။ လက်ရှိနေတဲ့ အိမ်ကလည်း ထိုင်းနိုင်ငံရဲ့ငှားနေဖူးသမျှတွေထဲ အခန်းအတွင်း အကောင်းဆုံးအပြင်အဆင် နဲ့အခန်းဖွဲ့စည်းမှု စနစ်အကျဆုံးအိမ်လို့ပြောလို့ရသလို မျက်နှာချင်းဆိုင်မှာကလည်း ကွင်းပြင်ကြီးပဲမို့ ရူခင်းလည်းလှသလို ကားအရှုပ်အရှင်းလည်းကင်းပြီး အာရုံ နောက်စရာမရှိဘူးလို့ပြောရမယ်။ ဒါပေမဲ့အားနည်းချက်ကတော့ အမှိုက်ပုံးအရှည်ကြီးနှစ်ပုံးက ထောင့်စွန်း အခန်းဖြစ်တဲ့ ကျမတို့ အခန်းရှေ့မှာရှိနေပြီး ကိုယ့်အခန်းအပါအဝင် ကျန်လေးခန်းက အမှိုက်တွေအကုန် အဲ့ဒီအမှိုက်ပုံးထဲ စုပုံထည့်တော့ လေသင့်ရင် အမှိုက်ချဉ်စူးစူးနံ့တွေ စရတော့တာပဲ။ အမှိုက်ပုံးအရှည်ကြီးတွေကိုအဖုံး ပိတ်ထားတာမို့ အမှိုက်တွေမပြည့်ရင်‌တော့ အဆင်ပြေပေမယ့် အမှိုက်ပြည့်ပြီး လျှံတက်လာရင် အနံ့အသက်က အတော်လေးကို ဆိုးလာတော့တယ်။ ဒီတော့ အမှိုက်ပုံးကို နေရာခဏရွေ့ဖို့ တိုင်ပင်တော့ ထင်ထားတဲ့အတိုင်းပဲ ဘယ်သူ့အခန်းရှေ့မှာမှ မရွေ့ချင်ဘဲ ကံမကောင်းစွာနဲ့ပဲ ကျမတို့အခန်းရှေ့မှာ After Me ဖြစ်ရတော့တယ်။
ကိုယ်တွေအခန်းနဲ့ ဆန့်ကျင်ဖက်နေရာကျလည်း ထိုင်းနိုင်ငံကအိမ်တွေရဲ့ ဓလေ့ထုံးစံအတိုင်း နတ်စင်တွေနဲ့ပြည့်နေတော့ အမှိုက်ပုံးထားဖို့အ ဆင်မပြေဘူးဖြစ်နေတယ်။ ဒီတော့ ကိုယ့်အခန်းရဲ့ မျက်နှာချင်းဆိုင်မြေကွက်လက်မှာ အမှိုက်ပုံးကိုထားဖို့ အားလုံးနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ဖြစ်ကြတော့ အဆင်ပြေသွားပေမယ့် နေ့တဝက်တောင်မကူးဘူး။ ကျမတို့အိမ်ရဲ့ အနောက်ကပ်ရပ်တိုက်က ကားနဲ့လာနေကျ မျက်နှာခပ်တင်းတင်းနဲ့ ထိုင်းယောကျ်ားက သူ့ကားကွေ့ရင် အမှိုက်ပုံးနဲ့မလွတ်လို့ ဒီနေရာမှာထားလို့မရဘူးတဲ့။ ကျမတို့မှာ အံ့ဩတကြီးဖြစ်ရတယ်။ လမ်းကလည်းအကျယ်ကြီး နေရာကလည်းအလွတ်ကြီး ရှေ့ကကွင်းပြင်ထဲ မြက်ရိုင်းပင်တွေပဲရှိတာမို့ ဘာလို့သူတို့ ကပ်ကပ်သတ်သတ်ပြောတယ် မပြောတတ်။ ကျမတို့ကလည်းနံလို့ အခန်းရှေ့မထားနိုင်တော့ဘူးပြောတော့ သူက မထားနိုင်ရင် ဟိုးလမ်းထိပ်ထွက်ထားတဲ့ ဒီဖက်ခြမ်းမှာတော့ မဖြစ်နိုင်ဘူးဆိုတော့ အတော်လေး စိတ်ကသိကအောက်ဖြစ်သွားတယ်။ သူများနိုင်ငံမှာ ထိုင်းလူမျိုးတွေက ရစ်ချင်ကပ်ချင်ရင်ဘာနဲ့မှမတူဘူး။ မြန်မာလူမျိုးတွေဖြစ်နေလို့ကို တမင်အကျင့်ယုတ်ပြီးညစ်ကျယ်ကျယ်နဲ့ ဇာချဲ့တယ်လို့ ကျမတို့အခန်းထဲက လူတွေအားလုံးတွေးဖြစ်ကြပေမယ့် ဒီအမှိုက်ပုံးကို ကိုယ့်အခန်းရှေ့ ခဏထားကြမလားဆိုပြီး ဘယ်သူကမှလည်း စဉ်းစားပေးတာမျိုးမရှိဘဲ အမှိုက်ပုံးရဲ့နောက်ဆုံးမူရင်းဘုံနေရာက ကိုယ့်အိမ်ရှေ့မှာပဲ စတေးပြန်ချသွားတယ်။
ကျမစိတ်ထဲ ကလိကလိဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ တခြားလည်း ဘာနည်းလမ်းမှမရှိတော့တဲ့အဆုံး အမှိုက်ကားလာပြီး အမှိုက်တွေသယ်ပြီးတာနဲ့ အမှိုက်ပုံးကို ကားရေဆေးတဲ့ပိုက်၊ dettol ဆပ်ပြာ တို့နဲ့ပြောင်အောင် စဆေးရတော့တယ်။ ကျမတို့မိသားစုကပဲ စပြီးလုပ်ပြီဆိုတော့ တခြားအခန်းကလူတွေကလည်း မနေသာတော့ဘဲ ဝိုင်းဝန်းကူညီဆေးရင်းနဲ့ အမှိုက်ထည့်တဲ့ပုံးက ဆိုင်မှာရောင်းဖို့တင်ထားတဲ့ ပုံးနီးနီး သန့်ပြန့်သစ်လွင်သွားတယ်။ အရောင်တောက်ပြီး အမှိုက်ချဉ်နံ့မစူးတော့တဲ့အမှိုက်ပုံးအသစ်ထဲကျွတ်ကျွတ်အိတ်အမဲတွေစွပ်ပြီး အိမ်ရှေ့မှာပဲ နေသားတကျထား လိုက်ရပေမယ့် အရင်လောက် စိတ်အနှောက်အယှက်မဖြစ်တော့ဘူး။
လူ​တွေကို ဘယ်လောက်ပဲ ကိုယ်ချင်းစာတရား၊ စာနာစိတ်နဲ့ After You လုပ်လုပ် အမှိုက်ပုံးလိုဟာမျိုးကျဘယ်သူမှ ကျမတို့နေရာမှာ နေပြီး စာနာတတ်ဖို့ဝေးပါလားလို့ တွေးမိတယ်။ ပြီးတော့ နောက်ဖေးအိမ်ကထိုင်းတွေ ကလည်း ကိုယ်တွေမြန်မာ ရပ်ကွက်လုံးနဲ့ အဆက်အဆံရှိသူမဟုတ်။ သူတို့ခြံထဲသစ်ရွက်ခြောက်ကျတောင် အသံညံနေတာမျိုးမို့ ကိုယ်တွေကလည်း စကားနည်းရန်ဆဲနဲ့ ခပ်ကင်းကင်းနေဖို့အတွက် သူတို့မကျေနပ်တာမျိုးကို ရှောင်ရှားရတာကလည်း ဘာမှငြိနှိုင်းလို့မရတဲ့ အဖြစ်အပျက်အတွက် စိတ်မျက်စရာမျိုးပေါ့ ။ သန့်ပြန့်နေတဲ့ အမှိုက်ပုံးကိုမြင်ပြီး တောင်တွေးမြောက်တွေး တွေးမိချိန် တရက်အမေက အပေါက်ဝမှာ “သွားသွား။ မယူဘူးနော်၊ မဝယ်ဘူး”ဆိုပြီး ပြောနေလို့ ဘာလာရောင်းတာလဲဆိုပြီး ပြေးကြည့်တော့ အားကစားဦးထုပ် အဝါရောင်လေးစောင်းပြီး သရက်သီးတွေခြင်းအပြည့်နဲ့ အမေ့ကိုပေးပြီး စကားပြောနေတဲ့ ထိုင်းမိန်းကလေးကို အခန်းအပေါက်ဝမှာ တွေ့လိုက်ရတယ်။
အမေကလည်း လက်တခါခါနဲ့ “သွားတော့ မယူသေးဘူး.” ဆိုတာချည်းပြောတော့ သူကလည်းအပြုံးမပျက် သရက်သီးခြင်းကိုအတင်းကိုပဲ အမေ့ဆီထိုးပေးနေတော့တာ။ “မလိုသေးဘူးနော်။ မဝယ်သေးဘူး။ သမီးဒီမှာလာပြောပါဦီး။ ဈေးလာရောင်းနေတယ် ထိုင်းမနော်”တဲ့။ ကျမမှာ အမေအရှေ့သွားပြီးရပ်မှ သူက လက်ဆောင်လာပေးတာဖြစ်နေတယ်။ “ဆာဝါဒီခ”လို့ပြောရင်း လက်ဆောင်ဆိုပြီး ခြင်းကြီးကို အတင်းထိုးပေးတယ်။ သရက်သီးခြင်းကြီးကိုင်ပြီး ကျမက ကြောင်တောင်တောင်ဖြစ်နေချိန် သူက နောက်ဖက်သူ့အိမ်ကို လက်ညိုးထိုးပြတယ်။ ကျမတို့အမှိုက်ပုံးထားချိန် သူ့ကားနဲ့ မလွတ်ဘူးလို့ပြောတဲ့ ထိုင်းယောက်ျားရဲ့ အမျိုးသမီးဖြစ်ပုံရတယ်။ အနောက်အိမ်ကလာပေးတာပါ “ဝန်မားမား အရမ်းချိုတယ်” လို့ပြောချိန် ကျမကလည်း ခေါ်ခွန်းခ ကျေးဇူးတင်ပါတယ်ဆိုပြီး လက်အုပ်ပြန်ချီ နှုတ်ဆက်လိုက်ရတယ်။ လက်ထဲမှာတော့ မှည့်ဝင်းပြီးမွှေးနေတဲ့ သရက်သီးခြင်းကြီးကိုင်လို့ပေါ့။ သရက်သီးကို ခွဲစားကြည့်တော့ တော်တော့်ကိုချိုမွှေးတယ်။ သရက်သီးရေခဲမုန့်တွေမှာ စားရတဲ့အရသာအတိုင်း သဘာဝအသီးကိုက ချိုမွှေးလွန်းချိန် မမျှော်လင့်တဲ့စေတနာတွေကြောင့်များ သရက်သီးအရသာက စားဖူးသမျှထဲ အတော်လေး ချိုနေသလား။
တခါတလေဘဝမှာ သူများကိုအကြိမ်ကြိမ် စာနာစိတ်နဲ့ After You လုပ်ခဲ့ပေမယ့် ဘယ်သူမှမလိုချင်၊ ဘယ်သူမှမမျှချင်တဲ့ မကောင်းတဲ့အရာတွေအဆိုးတွေ After Me လိုက်ရချိန်မှာလည်း ရလာဒ်အနေနဲ့ မမျှော်လင့်တဲ့ ချိုမြိန်မှုလက်ဆောင်တွေရှိတတ်တယ်ဆိုတာကို ကျမလက်တွေ့ သဘောပေါက်ခဲ့ရတယ်။ ဘဝဆိုတာကလည်း အကောင်းဆုံးတွေကို သူများကို After You လိုက်ရပြီးအဆိုးတွေကျမှ ရှောင်လွဲမရဘဲ After Me လိုက်ရတာမျိုးလည်းရှိတတ်တယ်လေ။ အဲ့ဒီအခါလည်းစိတ်မပျက်ပါနဲ့။
အားလုံးရဲ့အဆုံးသတ်မှာ မမြင်နိုင်ရသေးတဲ့ ချိုမြိန်မှုတချို့ ရှိလာနိုင်ပါသေးတယ်။

Related Posts

Leave a Comment