ဆရာမကြီးနှင့် နွယ်ပင်များ

by The Call
‘ဆရာမကြီးနှင့် နွယ်ပင်များ’
◼️နေးချား
ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။ ဆရာမကြီးက မီးလောင်နေတဲ့ သူ့အိမ်လေးကို ကြည့်ပြီး အိပ်မက်နဲ့ တူလိုက်တာလို့ တွေးမိသွားတယ်။ ရုပ်ရှင်ပြကွက်တခုသာ ဆိုရင် ဆရာမကြီးရဲ့ မျက်ဝန်းအိမ်တွေထဲမှာ ထင်ဟပ်နေတဲ့ မီးတောက်တွေကို ပြရမှာပေါ့။ ငါ့မှာ အိမ်မရှိတော့ဘူး ဆိုတဲ့ တခုခုကို ဆုံးရှုံးလို့ ဖြစ်တဲ့ ခံစားချက်ကလွဲပြီး ဆရာမကြီး ဘာမှ ထူးထွေတော့ မခံစားရပါဘူး။ ဒါကို မျှော်လင့်ထားပြီးသား ဖြစ်လို့ နေရင် နေမှာပဲ။ အိမ်တွေ တလုံးပြီး တလုံး မီးလောင်နေကတည်းက တနေ့ ငါ့အလှည့် ရောက်လာမှာပဲ ဆိုတာ ဆရာမကြီးက ကျိန်းသေလို သိနေခဲ့တယ်။
ဆရာမကြီးဟာ မီးတောက်ထဲက ပြိုလဲသွားတဲ့ တိုင်တချောင်းစီကို ကြည့်ရင်း နှမြောတသတော့ ဖြစ်မိပါတယ်။ ဒါတွေဟာ သူ့လုပ်အားနဲ့ တည်ဆောက်ထားရတဲ့ အိမ်တိုင်တွေ၊ သူ့ချွေးစက်တွေနဲ့ ခင်းထားရတဲ့ ကြမ်းခင်းတွေကိုး။ ဒါပေမဲ့ ဘာဖြစ်သေးလဲ။ အသက်ရှိသရွေ့ကတော့ နောက် တိုင်တတိုင်၊ ကြမ်းတခင်းကနေ ပြန်စလို့ ရတာပဲ။ ဆရာမကြီးက အဲ့သလိုပဲ တွေးတယ်။ သားတယောက်နဲ့ အထုပ်တထုပ်ကို ပိုက်ပြီး မီးလောင်နေတဲ့ အိမ်ကို ကြည့်ရင်း နောက်ဆုံး တွေးမိတာကတော့ ဒီအရပ်ဟာ သူ ဘယ်လိုမှ ဆက်နေလို့မဖြစ်တဲ့ အရပ်ဆိုတာ သိပ်သေချာ သွားခဲ့ပြီလို့လေ။ ဒီလိုနဲ့ ဒီခရီးကို ဆရာမကြီး ထွက်လာခဲ့တယ်ပေါ့။
*****
ဆရာမကြီးဟာ လမ်းမကြီးတွေကို ဖြတ်ရင်း သူ့တိုင်းပြည်ရဲ့ အနံ့ကို နောက်ဆုံးအနေနဲ့ ရှူရတာ ဖြစ်ရင် ဖြစ်နေမှာပဲ ဆိုပြီး တွေးတယ်။ သိပ်လှတာပေါ့။ သိပ်နေပျော်ခဲ့တာပေါ့။ အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်လို့ လမ်းတွေ၊ တောင်တွေ၊ တောတွေကို ဆရာမကြီး နှုတ်ဆက်တယ်။ ကားထဲကနေ နောက်ကို လှည့်ကြည့်လိုက်ရင် လမ်းအချိုးအကွေ့လောက်ပဲ မြင်ရမှာပေမဲ့ ဆရာမကြီးကတော့ နောက်လှည့်ကြည့်ရင်းနဲ့ သူ့ရွာအဝင်က မြေနီလမ်းလေးကိုလည်း မြင်တယ်။ ရွာလယ်က မူလတန်းကျောင်းလေးကိုလည်း မြင်တယ်။ ခေါင်းလောင်းသံတောင် ကြားမိသေးသလိုပါပဲ။ သူ့ဘဝ အနှစ် နှစ်ဆယ်လောက် မြှုပ်နှံခဲ့တဲ့ နေရာလေ။ ရစ်ဝဲလာတဲ့ မျက်ရည်တွေကို အင်္ကျီလက်မောင်းစနဲ့ ဆရာမကြီးသုတ်လိုက်တယ်။ ဘေးမှာ ပါလာတဲ့ သား ကလည်း ငြိမ်လို့ပါပဲ။ ကလေးပေမဲ့ အရွယ်နဲ့ မဆန့်အောင် လောကဓံခံရရှာပေါ့လို့ ဆရာမကြီးက တွေးရင်း သနားတယ်။ ကလေးတယောက်ရဲ့ ဘဝဟာ အစစအရာရာ ယုံကြည်စိတ်၊ လုံခြုံတဲ့စိတ်၊ ချစ်ခြင်းမေတ္တာတွေနဲ့ပဲ ရှင်သန်ရမှာ မဟုတ်ဘူးလား။ ဆရာမကြီးဟာ သူ့လုပ်သက် အနှစ်နှစ်ဆယ် သက်တမ်းမှာ ဘယ်ကလေးတယောက်ကိုမှ ကြမ်းတမ်းတဲ့ အပြုအမူမျိုးနဲ့ မဆက်ဆံခဲ့ဖူးဘူး။ ကလေးတွေရဲ့ နုနုယ်တဲ့ စိတ်နှလုံးသားတွေဟာ အပင်ပေါက်လေးတွေလိုပဲ တယုတယနဲ့ အသေအချာ ဂရုစိုက် ပျိုးထောင်ရတာမျိုးလေ။
​အခုတော့ ကလေးတွေ ရင်ထဲမှာ အဆူးအတောင်တွေ ဘယ်လောက်များ ပေါက်နေလိုက်ကြမလဲ။ လွတ်လွတ်လပ်လပ်နဲ့ ဆော့ကစားနေရမဲ့အရွယ်မှာ ဘယ်ကလေးမှတော့ မြေကျင်းတွေထဲ ဝင်ပုန်းနေဖို့ မသင့်သလို၊ ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေကြားထဲမှာလည်း ပြေးလွှားနေရမှာ မဟုတ်ဘူးလေ။ ဒါကို လူကြီးတွေက ကောင်းကောင်း သိသင့်တာပေါ့။ ဒါပေမဲ့ ရှောင်လွှဲလို့ မရတဲ့ အကြောင်းတရားတွေ ဖန်လာတော့လည်း ဆရာမကြီးတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြ ရတာပါပဲ။
​ဆရာမကြီးကတော့ ထွက်ပြေးဖို့ပဲ ရွေးချယ်ခဲ့တယ်။ သူ လုပ်နိုင်တာလည်း ဒါ အကုန်ပဲ မဟုတ်လား။ သူ့ဘဝကတော့ တဝက်ကျိုးရုံမကလို့ နောက်ဆုံးအပိုင်းတွေထဲတောင် ဝင်ချင် နေပါပြီ။ အချို့တွေကတော့ ‘အသက်ပဲ ကြီးနေပြီပဲ၊ ငြိမ်ငြိမ်လေး နေလိုက်ပါလား’လို့ ဂရုဏာ ဒေါသတွေနဲ့ ဆိုကြတယ်။ အဲ့ဒီ ဂရုဏာ‌ဒေါသဆိုတာက သူတို့ဘာသာ အမည်တပ်ကြတာပါ။ လောကမှာ အမှားနဲ့ အမှန် ကိုယ်ရှေ့မှာထင်းထင်းကြီး မြင်နေရပါရက်နဲ့ အမှားကို အမှန်ရယ်လို့ ဇွတ်မှိတ် မျိုချပစ်မဲ့ အထဲတော့ ဆရာမကြီး မပါနိုင်ဘူး။ အဲ့သလို ပါခဲ့ရင်လည်း ဒီဘဝဆိုတာကြီးကို ဘယ်အကြောင်းနဲ့ဆက်ရှင်သန်ရဦးမှာလဲ။
လူသာ အိုလာပေမဲ့ ဆရာမကြီးရဲ့ အတွေးအခေါ်တွေက ဟောင်းမြင်းမလာဘူး။ အသက်ကြီးလေ ပိုပြတ်သား ထင်ရှားလာလေပဲ။ လူ့ဘဝကြီးကိုပဲ အနှစ်ငါးဆယ်ကျော် ဖြတ်သန်းလာခဲ့ပြီးပြီ မဟုတ်လား။ ဆုံခဲ့ကြုံခဲ့ရတာပဲ များလှပြီလေ။
​သားအတွက်လို့ ‌ခေါင်းစဉ်တပ်လည်း ရပေမဲ့လို့ ဒီလမ်းကို ရွေးချယ်လာတာဟာ သားအတွက် ချည်းရယ်ပဲ မဟုတ်တာတော့ ဆရာမကြီး သိတယ်။ သူကိုယ်နှိုက်ကိုက အမှန်တရားတွေ မထွန်းကားတဲ့ အရပ်မှာ မနေချင်ဘူး။ ဘဝမီးစာကုန်ချိန်မှ အစွမ်းကုန် တောက်ပခွင့်မရဘဲ ‌ရေငုံ နှုတ်ပိတ်နေလိုက်ရတယ်ဆိုရင် ဒီဘဝဆိုတာကြီး အနှစ်ငါးဆယ်ကျော် ရှင်သန်လာတာ ဘာလုပ်ရဦးမှာလဲ။ အတ္တလို့ ပြောရင်လည်း ‘ဟုတ်တယ်၊ အတ္တကြီးတယ်’လို့ပဲ ခပ်ပြတ်ပြတ် ပြန်ပြောရုံ ရှိတာပေါ့။
​မနက်နေ ထန်းတဖျားက ထွက်လာတဲ့ ခရီးဟာ ညနေ နေအစွယ်ကျိုးချိန်လောက်မှပဲ ဦးတည်ရာကို ရောက်တယ်။ ဒါပေမဲ့ ဒါဟာ ခရီးတောင် မစရသေးဘူးဆိုတာ ဆရာမကြီး ကောင်းကောင်း သိတာပေါ့။ လာလမ်းမှာ ကားသမားပြခဲ့တဲ့ နယ်စပ်ဖြတ်ဂိတ်ဆိုတာ ဖြတ်လိုက်ရင် ငါးမိနစ်လောက်နဲ့ တဖက်တိုင်းပြည်ကို ရောက်သတဲ့။ ဒါပေမဲ့ ဆရာမကြီးတို့ဆီမှာက လူ တယောက်ရဲ့ သိက္ခာကို ထိန်းသိမ်းဖို့ အခွင့်အရေးတွေ ချိုးဖျက်ခံလိုက်ရပြီ မဟုတ်လား။ လူတယောက်လို သိက္ခာရှိရှိ၊ လွတ်လွတ်လပ်လပ်နဲ့ သွားချင်ရာ သွားခွင့်မှ မရှိတော့တာ။ ဒီတော့ ခွေးတိုးပေါက်ကနေ သူခိုးလိုလို ခွေးလိုလို တိုးမှ ရတော့မယ် ဆိုတော့လည်း ဆရာမကြီးတို့မှာ ရွေးချယ်စရာမှ မရှိဘဲ။ တိုးရုံပေါ့။
*****
ညက မှောင်လွန်းလို့ ဘာမှ သည်းသည်းကွဲကွဲ မမြင်ရဘူး။ ဒါပေမဲ့ လူဆိုတဲ့ အဆင်မြင့် သတ္တဝါတွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ သိပ်လွယ်တယ်ဆိုတာ ဆရာမကြီးက လက်မခံချင်လည်း လက်ခံလိုက်ရတာပါပဲ။
အမှောင်ထဲမှာ လမ်းရယ်လို့ သေချာမမြင်ရတာကနေ နည်းနည်းကြာလာတော့ ဒါက လမ်း၊ ဒါက ဗွက်အိုင်၊ ဒါက သစ်ပင် ခြုံနွယ် ဆိုတာ ကွဲကွဲပြားပြား မှတ်သားနိုင်လာတယ်။ ဒီတောကြီးထဲ စ ဝင်လာတုန်းကတော့ အဖော်အပေါင်းနဲ့မို့ ပျော်သလို တောင် ဖြစ်မိသေး။ သားတောင် ပျော်နေပုံပဲ။ အဲ့သလိုနဲ့ နာရီနဲ့ချီ ကြာလာတော့ ညောင်းလာကြပြီလေ။ သားလည်း နည်းနည်းအီချင်လာပြီ။ ချော့မော့ပြီး ချီတလှည့် ချတလှည့်နဲ့ပဲ ဆက်လျှောက်ရတာပေါ့။ သားက ငြိမ်သက်အေးဆေးတဲ့ ကလေးမို့လို့သာ တော်သေးတယ် ပြောရမှာပဲ။
တကယ်တော့သားလည်း သိတန်သလောက်တော့ သိနေ၊ ခံစားမိနေမှာပဲ။ မိဘ တယောက်အနေနဲ့ သူ့အကျင့်စရိုက် ဗီဇလေးတွေ သိတာကလွဲလို့ သူ့ခေါင်းထဲ ဝင်ကြည့်လို့မှ မရတာ။ ဆရာမကြီးကလည်း သားကို အသေအချာ ပြောဆိုပြခဲ့တာပဲ ဆိုတော့ ဒီခရီးမှာ သားဟာ သူ့အသိလေးနဲ့ ငြိမ်သက်ပြီး လိုက်နေတာရော မဖြစ်နိုင်ဘူးလား။ အဲ့သလို တွေးမိတော့ ဆရာမကြီး အတော် စိတ်မကောင်း ဖြစ်သွားတယ်။
ဆရာမကြီးဟာ သားကို သူ့ဝမ်းနဲ့ လွယ်မွေးရတာ မဟုတ်ပေမဲ့ သူ့ဝမ်းနဲ့ လွယ်မွေးထား ရသလိုပဲ ခံစားရတယ်။ လင်ယူ သားမွေးဆိုတာ သူနဲ့ လားလားမှ မအပ်စပ်ဘူးလို့ ခံယူထားရာကနေ သား သူ့ဘဝထဲ ရောက်လာတော့လည်း သူဟာ မိခင်စိတ်ရှိတဲ့ လူသားတယောက်ပါလားဆိုတာ ဆရာမကြီးက တအံ့တသြ လက်ခံလိုက်ရတာပဲ။ လူဆိုတာ ကိုယ့်အကြောင်းကိုယ်တောင် ကုန်စင်အောင် သိနိုင်ကြတာမျိုး မဟုတ်ပါလားပေါ့။ သား သူ့ဘဝထဲ ရောက်စကတော့ သူ့လို အသက် ကြီးကြီး မိန်းမတယောက်က ကလေးတယောက်ကို ပြုစုဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ပရပွနဲ့ပေါ့။ ဒါပေမဲ့ ဆရာမကြီးက ခေါင်းက ခပ်မာမာလေ။ နောက်ကျတော့ သားကို ပြုစုရတာဟာ အပင်လေးတပင် စိုက်ပြီး ပျိုးထောင်နေရသလို ဆရာမကြီး ခံစားလာရတယ်။ လှလိုက်တာ။ သားရဲ့ ဖြစ်တည်မှုလေးတွေ တခုချင်းကအစ ကြီးပြင်း ပြောင်းလဲလာတာလေးတွေ ကြည့်ရင်းနဲ့ သူနဲ့ သားဟာ တသားတည်း ဖြစ်သွားသလိုပဲ။ သားနာကျင်ရင် သူ နာကျင်ရသလို သားပျော်ရင် သူပါ ပျော်နေရတာမျိုးလေ။
တောက တစတစ ပိုပို ကြမ်းလာတယ်။ လူတချို့ ကျောပိုးအိတ်ထဲက ပစ္စည်းအချို့ လွှင့်ပစ်ကြပြီ။ ဆရာမကြီးလည်း ဖိနပ်ကို ချွတ်ပစ်ခဲ့ရပြီ။ သားမျက်နှာလည်း ရှုံ့မဲ့လှပြီ။ ဗွက်အိုင်တွေထဲ ပြုတ်ကျလို ပြုတ်ကျရဲ့၊ ဆူးချုံတွေနဲ့ ခြစ်မိလို မိရဲ့၊ ရေမြောင်းတွေထဲ ဖြတ်လာရတော့ အောက်ပိုင်းတခုလုံးလည်း စိုစွတ်နေကြပြီ။ ခြေလှမ်းတွေဟာ နှေးကွေးလာကြပြီပေါ့။
ဒီလိုနဲ့ တောင်တလုံးကို ထပ်တက်ပြီး အဲဒီတောင်ထိပ်ကို ရောက်တဲ့အချိန်မှာတော့ အကုန်လုံးဟာ ရွေ့နေရာက ဘရိတ်ဆောင့်ခနဲ ထိုးရပ်လိုက်တဲ့ ကားအတွဲတခုလို ဟိုဒီပြုတ်ထွက် ပြန့်ကြဲကုန် ကြတယ်။ ပက်လက်လန်တဲ့သူကလန်၊ ကိုယ့်ခြေထောက်ကိုယ် နှိပ်တဲ့ သူက နှိပ်၊ ခြင်မောင်းသူက မောင်းနဲ့ ခြေပစ်လက်ပစ် နားလိုက်ကြတယ်။ ဒါက တိုင်းပြည်နှစ်ခုရဲ့ နယ်စပ်ပဲတဲ့။ ဒီတောင် အဆင်းကနေ စပြီး အခြားတိုင်းပြည်တခုရဲ့ နယ်နိမိတ်ထဲ ရောက်ပြီတဲ့။ နယ်စပ်ဆိုပေမဲ့လို့ သူ့တိုင်းပြည်ထဲ ကြည့်လည်း ဘာမှ မမြင်ရ၊ ကိုယ့်တိုင်းပြည်ထဲ ကြည့်လည်း ဘာမှ မမြင်ရဆိုတဲ့ အခြေအနေပါ။
သားကတော့ ပက်လက်လှန်ပြီး ဆရာမကြီးဘေးမှာ လဲနေပြီ။ ဆရာမကြီးက သား ခြေထောက်လေးတွေကို ဖွဖွလေး နှိပ်နယ်ပေးလို့ပေါ့။ အမှောင်ထဲမှာတောင်မှ သဘာဝကြီးက လှ နေနိုင်လို့ ဆရာမကြီးခမျာ မလိုတမာတောင် ဖြစ်မိရဲ့။ ဟုတ်တယ်လေ။ လမရှိတော့ ကောင်းကင်က ကြယ်တွေနဲ့ စီလို့။ အနက်ရောင် ကတ္တီပါစပေါ် စိန်တွေ ပက်ကျဲထားသလို တပြန့်တပြောနဲ့ လိုးလိုးလက်လက် တောက်ပလို့။ သားကတော့ ဒီမြင်ကွင်းမျိုးကို တခါမှ မမြင်ဖူးသလို ငေးနေတယ်။ ကြယ်တွေနဲ့ ကောင်းကင်ကြီးအောက်မှာ တချက်တချက် ထွက်လာတဲ့ မျောက်အော်သံတွေ၊ ငှက်တွန်သံတွေ…။ ပိုးစုန်းကြူး တကောင်စ၊ နှစ်ကောင်စပါ တွေ့မိသေးတယ်။ အမှောင်ထဲ မှာ သစ်ပင်ကြီးငယ်တွေကလည်း ငြိမ်သက်တိတ်ဆိတ်လို့ ဆွတ်ပျံ့စရာပါ။ ဒီလောက် နေပျော်စရာ ကောင်းတဲ့ သဘာဝကြီးကို ဖျက်ဆီးချင်ကြတဲ့ လူတွေကိုသာ တခါတခါ ဆရာမကြီး အံ့ဩ မိတယ်။ သူတို့မှာ ဒါတွေကို ခံစားတတ်တဲ့ အသည်းနှလုံးမျိုးဟာ မွေးကတည်းက ပါမလာကြဘူး လားပေါ့။
ခဏစောင့်ပြီးလို့ အပန်းပြေစ ပြုချိန်မှာပဲ လူနှစ်ယောက် ဆရာမကြီးတို့ဆီ ရောက်လာကြတယ်။ ဆရာမကြီးတို့ရဲ့ လမ်းပြတွေ ပြန်သွားကြပြီး နောက်လမ်းပြနှစ်ယောက်က ဆက်ပြီး လမ်းညွှန်သွားကြပါမယ်တဲ့။ အမှောင်ထဲမှာမို့ လူရယ်လို့ ဆရာမကြီး တွေးမိတာ။ တကယ်တော့ ကလေးတွေပဲ။ ဓာတ်မီးစမ်းရုံ ခဏ ပွင့်လာတဲ့ အလင်းရောင်ထဲမှာ သူတို့ မျက်နှာလေးတွေကို ဖျတ်ခနဲ မြင်လိုက်ရတာ။ ရှိလှ ဆယ့်သုံးဆယ့်လေးပေါ့။ သားနဲ့တောင် ကွာလှ ငါးနှစ်၊ ခြောက်နှစ်ပေါ့။ ဆရာမကြီး မောမောနဲ့ သက်ပြင်းချမိတယ်။
ခရီးက အရင်ခရီးထက် ပိုကြမ်းလာတယ်။ ရွှံ့နွံတွေ ပိုများလာပြီး ဆရာမကြီးတောင် ချော်လဲရလွန်းလို့ ရွှံ့တွေနဲ့ပေလူးနေပြီ။ သားကိုတော့ အောက်မချရဲတော့ဘူး။ ချီလိုက်၊ ပိုးလိုက်နဲ့ပဲ ဆက်လျှောက်ရတယ်။ လမ်းပြလေးတွေက ‘ခြေကုပ်လျှောက်၊ အသံမထွက်စေနဲ့’လို့ လူကြီးအသံနဲ့ ဟောက်တော့လည်း ဆရာမကြီးတို့ခမျာ ဘာမှ ပြန်မလှန်ရဲရှာဘူး။ အခုနေမှာ တခုခု ဖြစ်ခဲ့ရင် ဘယ်နှယ့် လုပ်မလဲ။ မတော်တဆ ပိုးထိတာမျိုးတို့ ဘာတို့ဆို သေမှာပဲနော်။ ဒီနားက ဘယ်သူမှ ထမ်းထုတ်ပြီး ဆေးရုံပို့ပေးကြမယ် မထင်ဘူး။ လူတွေ ဒီလို သေခဲ့ရတာမျိုးလည်း ရှိခဲ့မှာပဲ။ အဲ့သလို တွေးမိတော့ ဆရာမကြီး ခြေလှမ်း ရဲရဲ ချရမှာကိုတောင် တွန့်သွားတယ်။ ငါ ဘာတွေ တွေးနေမိ ပါလိမ့်လို့ တအံ့တဩ ဖြစ်ရတယ်။
လူတွေဟာ အသက်ဘေးနဲ့ ကြုံလာရရင် အကုန်လုံး ကြောက်လာကြတာချည်းပဲ၊ ဒါဟာ သဘာဝပဲလို့ ဆရာမကြီး ဖြေတွေးတယ်။ သူ့ဘဝမှာ ဆုံးရှုံးရတာတွေ၊ ကြောက်လန့်ရတာတွေ များခဲ့ပြီးပြီ။ ဒါပေမဲ့လို့ အခုထိပဲ အကြောက်တရားနဲ့ အသားမကျသေးပါလားလို့ တွေးမိတယ်။ တကယ်လို့ အကြောက်တရားနဲ့ အသားကျသွားရင်…။ ဆရာမကြီး ဆက်မတွေးတော့ပါဘူး။ ပိုးထိပြီး သေတော့လည်း အဲ့ဒါထက်တော့ ကောင်းသေးတာပဲလို့ ခပ်ရွတ်ရွတ်ပဲ တွေးမိသွားတယ်။ အဲ့ဒါနဲ့ ခဏက ကြောက်တဲ့ အကြောက်တရားတွေက မရှိတော့ဘူး။ အဲ့ဒီအစား ခြေလှမ်းတွေကို ပိုအားစိုက်လှမ်းလိုက်တယ်။ အဲဒီခဏမှာပဲ ဆရာမကြီးတို့ဆီကို ဓာတ်မီးရောင်တွေ ရောက်လာတာ၊ ဆရာမကြီး နားမလည်တဲ့ ဘာသာစကားတခုနဲ့ လှမ်း အော်လိုက်တာကို ကြားလိုက်ရတာ။ ဆရာမကြီးဟာ ခေါင်းနပန်း ကြီးပြီး ခြေလက်တွေ ပျော့ခွေ ကျသွားတယ်။ သားအကြောင်းကို ဖျတ်ခနဲ တွေးမိသွားတယ်။ အားလုံးဟာ နွယ်ပင်တွေ တစ တစ ဖုံးလွှမ်းပြီး စိမ်းညို့နေတဲ့ အိပ်မက်ကို တခါ ပြန်ပြီး မက်လိုက်ရသလိုပါပဲ။
*****
အစောင့်စစ်သားနှစ်ယောက်က ဆရာမကြီးတို့တတွေကိုမြေကြီးမှာ ငုတ်တုတ်ထိုင်ခိုင်းပြီး တယောက်ချင်း မျက်နှာကို ဓာတ်မီးနဲ့ လိုက်ထိုးကြည့်တယ်။ မျက်နှာပေါ် မီးရောင်ကျလာတော့ ဆရာမကြီးက မျက်လုံးကို မှိတ်ချပစ်လိုက်ရတယ်။ သူတို့ချင်း သူတို့စကားနဲ့ တခုခု ပြောသံကို ကြားရတယ်။ ဆရာမကြီး မျက်လုံး ပြန်ဖွင့်လိုက်တော့ အစောင့်စစ်သားနှစ်ယောက်က ဆရာမကြီး ကို တလှည့်၊ သားကို တလှည့်ကြည့်ပြီး စကားပြောကြတယ်။
လမ်းပြကောင်လေးနှစ်ယောက် ကို တခုခု ခေါ်မေးတယ်။
​ဆရာမကြီးဟာ စိတ်ဘယ်လောက်မာတယ် ဆိုဆို အခုလိုကိစ္စမျိုးမှာတော့ မမာနိုင်ဘူး။ လူက တုန်ယင်နေရတဲ့အထဲ တကယ်လို့ သံတိုင်တွေနောက်သာ ရောက်သွားရင်၊ အဲဒီကတဆင့် အကြောက်တရားကြီးစိုးတဲ့ အမှောင်ခေတ်ထဲသာ ပြန်ရောက်သွားရရင်…။
ထွက်လာတုန်းကတော့ အဲဒါတွေအထိ ဆရာမကြီး မတွေးမိတာ အမှန်ဘဲ။ အခု ဒိဋ္ဌကြုံတွေ့လိုက်ရတော့ ဆရာမကြီး ဘာမှ မတွေးနိုင်တော့ဘူး။ ဆရာမကြီး ငိုချင်တဲ့ စိတ်သာ ကြီးစိုးလာတယ်။ သားရော သူ့ဘဝရောဟာအမှောင်ဝင်္ကပါကြီးထဲမှာ မျောရတော့မှာလား။ အဲ့ဒီအတွေးခေါင်းထဲ ရောက်လာတာနဲ့ ဆရာမကြီးဟာ သားကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်တော့တာပါပဲ။
​ပထမတော့ စစ်သားနှစ်ယောက်ဟာ ပြေးလာပြီး ဆရာမကြီးကို တခုခု ပြောတယ်။ မငိုဖို့ ပြောတာနေမှာပေါ့။ ဆရာမကြီး နားမလည်ပါဘူး။ နားမလည်သလို ငိုတာလည်း မရပ်ဘူး။ အခုနေ အခါ ဆရာမကြီးမှာ ငိုတာအပြင် ဘာလုပ်စရာကျန်သေးလို့လဲ။ အဲတော့ ဆရာမကြီး ဘာမှ မတွေးဘူး။ တအိအိနဲ့ ငိုနေတာပဲ။ စစ်သားနှစ်ယောက်ကတော့ ဆရာမကြီးဆီ ရောက်လာလိုက်၊ တခုခု လာပြောလိုက်၊ ဆရာမကြီးက နားမလည်တော့ ငိုပြလိုက်နဲ့ ကြာတော့ စစ်သား နှစ်ယောက်ပါ စိတ်ညစ်လာတဲ့ပုံပဲ။ နောက်တော့ စစ်သားနှစ်ယောက်မှာ တယောက် ထွက်သွားတာကို ဆရာမကြီး လှမ်းမြင်လိုက်တယ်။ ခဏကြာတော့ အဲ့ဒီစစ်သားနဲ့အတူ နောက်ထပ် စစ်သားအသစ်တယောက်ပါ ထပ်ပါလာတယ်။
အဲ့ဒီ စစ်သားအသစ်က ဆရာမကြီးဆီ ရောက်လာပြီး လှမ်းမေးတယ်။ ‘အဒေါ် ဘာဖြစ်လို့ ငိုတာလဲ’ တဲ့။ စကားသံက ဝဲပေမဲ့ ဆရာမကြီးတို့ ဘာသာစကားကို ကောင်းကောင်း ပြောနိုင်တဲ့ပုံပါပဲ။ ပထမတော့ ဆရာမကြီးက ဘာမှ မပြောဘူး။ စစ်သားက ထပ်ပြောတယ်။ ‘ကျ​နော်ဟာ အဒေါ်တို့အရပ်မှာ ရှိတဲ့ လူမျိုးတမျိုးနဲ့ အမျိုးအနွယ် တူပါတယ်၊ ကျ​နော့်ကို အဒေါ် ပြောချင်တာ ပြောလို့ ရပါတယ်’ တဲ့။
အဲ့ခဏမှာ ဆရာမကြီးဟာ ကြောင်နေရာကနေ စစ်သားရဲ့ လက်ကိုဆတ်ခနဲ လှမ်းကိုင်လိုက်ပြီး သူဟာ ကလေးတွေကို စာသင်တဲ့ဆရာမတယောက် ဖြစ်တဲ့အကြောင်း၊ အိမ်မီးအရှို့ခံရတာကနေ ဘယ်လိုမှ နေလို့ မဖြစ်တဲ့အခါ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းကနေ၊ နောက်ဆုံး ဒီအထိ ရောက်လာပုံ၊ ပြန်သာ အပို့ခံရရင် အသက်ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အကြောင်း စတာတွေကို တရစပ် ပြောတော့တာပဲ။ အကြောင်းစုံကို မျက်ရည်စက်လက်နဲ့ ပြောပြပြီးနောက်မှာတော့ သားရဲ့ လက်လေးကို လှမ်းဆွဲလို့ စစ်သားရဲ့လက်ထဲထည့်ပေးလိုက်တယ်။
‘ဒါဟာ ကျွန်မသားပါ၊ ဒီကလေးရဲ့အနာဂတ်ဟာ ဗိုလ်ကြီးတို့ လက်ထဲမှာ ရှိပါတယ်’ လို့လည်းနောက်ဆုံးအနေနဲ့ ပြောလိုက်တယ်။
​စစ်သားဟာ ဆရာမကြီး လက်ကို တဖက်၊ ကလေးလက်ကို တဖက် ကိုင်ပြီး ခဏ တွေဝေသွားတယ်။ နောက်တော့ ဆရာမကြီး ရှေ့က ထွက်သွားပြီး စိတ်ဝင်တစားနဲ့ စောင့်နားထောင်နေတဲ့ ကျန်စစ်သားနှစ်ယောက်ကို သူတို့ဘာသာစကားနဲ့ ရှင်းပြတယ်။
အဲဒီနောက် မှာတော့ အကြိမ်တရာမှာ တကြိမ်တောင် ဖြစ်နိုင်ဖို့ ခဲယဉ်းတဲ့ အံ့ဖွယ်ကိစ္စတခု ဖြစ်ပျက်သွားတယ်။ အဲ့ဒါက ဆရာမကြီးတို့ကို စစ်သားတွေဟာ သူတို့တိုင်းပြည်ထဲကို ဝင်ဖို့ ခွင့်ပြုလိုက်တာပါပဲ။ ဆရာမကြီးဟာ အံ့ဩဝမ်းသာလွန်းလို့ ဘာစကားမှပြောမထွက်တော့ဘူး။ ဘယ်လို ကျေးဇူးတင်ရမှန်း မသိတော့စစ်သားသုံးယောက်ကို အကြိမ်ကြိမ်ပဲ ထိုင်ရှိခိုးပစ်လိုက်တယ်။ စစ်သားတွေက ဆရာမကြီးကို အသည်းအသန် လာဆွဲထူကြတယ်။ မလုပ်ပါနဲ့ဆိုတဲ့ သဘောပေါ့။
နောက်တော့ဆရာမကြီးနဲ့ စကားပြောတဲ့ စစ်သားက ‘ဆရာမနဲ့ ဒီကလေးကြောင့်သာ ကျ​နော်တို့ လွှတ်ပေးလိုက်တာပါ၊ ဆရာမတို့ကြုံနေရတဲ့ ကိစ္စတွေကို ကျ​နော်တို့ ကိုယ်ချင်းစာပါတယ် ’တဲ့။
*****
ဆရာမကြီးက မေတ္တာတရားဆိုတာကို ယုံတယ်။ မကောင်းတဲ့လူတွေ ကြီးစိုးနေတဲ့ ခေတ်မှာတောင် မေတ္တာတရားဟာ အမှောင်ထဲက အလင်းရောင်လို တချက်ချက် လက်ခနဲ ပြက်မြဲပါပဲ။
စစ်သားတွေဟာ ဆရာမကြီးတို့ကို သူတို့နယ်ထဲက ဘေးကင်းရာနေရာအထိ လိုက်ပို့ပါတယ်။ ပြီးတော့ လမ်းပြလေး နှစ်ယောက်ကို မေးတယ်။ ‘လာကြိုမဲ့ လူတွေနဲ့ချိတ်ဆက်ထားပြီးပြီလား’ တဲ့။ လမ်းပြ ကောင်လေးတွေကခေါင်းညိတ်ပြတယ်။
စစ်သားက ထပ်ပြောတယ်။ ‘နောက်တခါ ဒီလို လူတွေ ထပ်ခေါ်လာရင် မင်းတို့ကို သေနတ်နဲ့ ပစ်သတ်မယ်၊ ဒီတခါတော့ လွှတ်ပေးလိုက်မယ်’ တဲ့။ ပြီးတော့စစ်သားဟာ ဆရာမကြီးတို့ဆီကို လာပြီး ‘ဆရာမတို့ ရှေ့လျှောက် ဘေးကင်းပါစေ’ တဲ့။ ဒီလောက်ပဲ ပြောပြီး တောထဲပြန်ဝင်သွားကြတယ်။
​အလင်းရောင် ပျို့လာပါပြီ။ ဆရာမကြီးက အခုမှပဲ‘ ဟင်း’ချနိုင်တော့တယ်။ ဒါပေမဲ့ ရှေ့မှာ ဘာတွေ ထပ်ကြုံရဦးမှာလဲ။ နောက်တခါ ကံဆိုးခြင်းတွေ ကြုံရင် ဒီတခါလို ကံကောင်းနိုင်ဦးမှာလား။ စစ်သားတွေ ဝင်သွားတဲ့၊ သူတို့ကျော်ဖြတ်လာခဲ့တဲ့ တောကြီးထဲကို ဆရာမကြီး ငေးကြည့်နေမိတယ်။ ကောင်းကင်မှာ အလင်းရောင် ပျို့နေပြီဆိုပေမဲ့ တောကြီးကတော့ မဲနက်တုန်းပဲ။ ကြည့်နေရင်းနဲ့ မီးလောင်နေတဲ့ သူ့အိမ်မြင်ကွင်းကို ဆရာမကြီး မြင်နေရသလိုပဲ။ အဲဒီကတဆင့် သူ့အိပ်မက်ထဲက နွယ်ပင်တွေကို မြင်ရတယ်။ နွယ်ပင်တွေဆိုတာက အခက်အလက် ခုတ်ထစ် ပိုင်းဖြတ်ရုံနဲ့ ညှိုးနွမ်းသေဆုံးသွားတာမျိုး မဟုတ်ဘူး။ အမြစ်ကနေ ဆွဲနှုတ်ပစ်နိုင်မှပဲ။ တချိန်ချိန် နွယ်ပင်တွေ အမြစ်ကနေ ဆွဲနှုတ်ခံရပြီးတဲ့နောက်မှာတော့ ဆရာမကြီးတို့ ကိုယ့်တိုင်းပြည်ထဲ ပြန်ရောက်ရင် ရောက်နေမှာပေါ့။
အဲဒီအခါ တိုင်တလုံး၊ ပျဉ်တချပ်ကနေ စပြီး အိမ်လေးတလုံးတော့ ဆရာမကြီး ပြန်ဆောက်ဖြစ်မှာပဲ။ အခုနေအခါမှာတော့ ဆရာမကြီး သေဖို့ မတွေးသေးဘူး။ မျှော်လင့်ချက်ဆိုတာက ထွက်စပြုနေတဲ့အလင်းရောင်လိုပဲလေ။ သူ့လက်ကို ဆွဲထားတဲ့ သားရဲ့လက်လေးကို ဆုပ်ညှစ်ရင်းနဲ့ ဆရာမကြီး တောအုပ်ကြီးကို ကျောခိုင်းပစ်လိုက်တယ်။

Related Posts

Leave a Comment