အစည်းအဝေးများ ခေါင်းဆောင်မှုများ နဲ့ တော်လှန်ရေးများ

by The Call

⁨”အစည်းအဝေးများ ခေါင်းဆောင်မှုများ နဲ့ တော်လှန်ရေးများ”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ကျော်​​ဇောခိုင်

၄ ရက်ကြာတံခါးပိတ်စည်းဝေးခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ ၄ ကြိမ်မြောက်စုံညီအစည်းအဝေးဟာ အောက်တိုဘာ၂၃ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တယ်။

‘ပြည်တွင်းကိုပြန်မှီခိုမယ့် တရုတ်ငါးနှစ်စီမံကိန်း’
အများမျှော်လင့်တောင့်တနေခဲ့ကြတဲ့ ရှီကျင်းပင်ကိုစိန်ခေါ်မယ့် ပါတီတွင်းအတိုက်အခံအင်အားစု အားကောင်းစွာ အသံထွက်မလာခဲ့တဲ့အတွက် သူ့ကိုဆက်ခံမယ့်သူကိုလည်း လျာထားခဲ့တာ မတွေ့ခဲ့ရဘူး။ ပုံမှန်မှာနောက်ထပ်ခေါင်းဆောင်တဦးကို တာဝန်ပေးဖို့ဆိုတာ အနည်းဆုံး ၂ နှစ်လောက်အချိန်ပေးပြီး တွဲခေါ်ယူရတာဖြစ်တယ်။ ၂၀၂၇ မှာလုပ်မယ့် ပြည်သူ့ကွန်ဂယက် (နောက်ငါးနှစ်သက်တမ်းအစ) အတွက် ၂၀၂၅ ဟာ အသင့်တော်ဆုံးအချိန် ဖြစ်နေတဲ့အတွက်ဖြစ်တယ်။

အစည်းအဝေးရဲ့အဓိကအာဂျင်ဒါဟာ တရုတ်ရဲ့ ၁၅ ကြိမ်မြောက်ငါးနှစ်စီမံကိန်း (၂၀၂၆ – ၃၀) ဖြစ်ခဲ့ပြီး အဓိကလမ်းညွှန်ချက်ဖြစ်တဲ့ စကားလုံးက ‘အမှီအခိုကင်းကင်းနဲ့ ကိုယ်ပိုင်ရပ်တည်နိုင်ရေး’ (self-reliance) ဖြစ်တယ်။ ဒီအခြေအနေဟာ အမေရိကန်နဲ့ရင်ဆိုင်နေရတဲ့ ကုန်သွယ်ရေးစစ်ကိုထင်ဟပ်တဲ့ ပေါ်လစီဖြစ်တယ်ဆိုပေမယ့် ခုမှ စပြောတာတော့မဟုတ်ဘူး။ တရုတ်ကြုံတွေ့နေရတဲ့ စီးပွားရေးနှေးကွေးမှုကို ၃ လပတ်ငါးကြိမ်ဆက်တိုက်ရင်ဆိုင်လာရပြီးတဲ့နောက် ၂၀၂၄ သြဂုတ်မှာ ပြည်တွင်းစားသုံးမှုကိုမြှင့်တင်ဖို့ချမှတ်ခဲ့တယ်။

မှတ်ချက်။   ။တရုတ်ဟာ အရင်းစနစ်ရဲ့စျေးကွက်ကို မှီခိုကြီးပြင်းဖွံ့ဖြိုးတိုးတက်လာရတာဖြစ်တယ်။ ဒါပေမယ့် သူက သူ့စနစ်ကို အမြဲလိုလိုတရုတ်ကြံအင်လက္ခဏာနဲ့လျော်ညီတဲ့ဆိုရှယ်လစ်စနစ်လို့ တံဆိပ်ကပ်တယ်။ ဆိုရှယ်လစ်စီးပွားရေးမှာ စီမံကိန်း (Planning) ဟာ အခရာဖြစ်တယ်။ စျေးကွက်မဟုတ်။ တရုတ်ရဲ့ ငါးနှစ်စီမံကိန်းတွေကို ၁၉၅၃ ကနေစတင်ခဲ့တာဖြစ်ပြီး ၁၄ ကြိမ်မြောက် ၅နှစ်စီမံကိန်းဟာ ၂၀၂၅ မှာပြီးဆုံးတယ်။

တရုတ်နိုင်ငံရေးပြဿနာဟာ စီးပွားရေးကျဆင်းမှုရဲ့အကျိုးဆက်ဖြစ်တယ်လို့ အရင်အပတ်တွေက သုံးသပ်ခဲ့သလို ရှီကျင်းပင်ဟာပြဿနာရဲ့ရင်းမြစ်ဖြစ်တဲ့ စီးပွားရေးကိုကိုင်တွယ်ဖို့ လာမယ့်ငါးနှစ်စီမံကိန်းကို ပြည်တွင်းစားသုံးမှုကိုအားပြုမယ့် မိမိအင်အားပေါ်ရှင်သန်ရပ်တည်ရေး ဖြစ်လာတယ်။ ဒါပေမယ့် တရုတ်စီးပွားရေးဟာ အရင်းစနစ်ရဲ့စျေးကွက်ပေါ်မှာ ခိုင်ခိုင်မာမာ အခြေချမိပြီးသား ဖြစ်နေတာကလည်း အသေအချာဖြစ်တယ်။

စျေးကွက်ပေါ်ကို ပါတီကချုပ်ကိုင်ခွင့်ရတဲ့အခါ ပါတီခေါင်းဆောင် (စစ်တပ်ခေါင်းဆောင်တွေ အပါအဝင်) အားလုံးဟာ ကိုယ်ကျိုးရှာခွင့်ရခဲ့တယ်။ ဒါကိုရှီကျင်းပင်က ခြစားမှု (စည်းကမ်းထိမ်းသိမ်းရေး)နဲ့ ပြန်ပြီးကိုင်တွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးအစိတ်အပိုင်း ၂ ခုအတွင်း ဝိရောဓိတွေဖန်တီးထားမိပြီးသားဖြစ်နေတဲ့ တရုတ်စီးပွားရေးဟာ ရှေ့ငါးနှစ်စီမံကိန်းမှာ ဆက်လက်ရုန်းကန်ရဦးမှာအသေအချာဖြစ်ပေမယ့် ရှီကျင်းပင်ကို ဆွဲလှဲသွားနိုင်တဲ့အထိ အားကောင်းလာမလားဆိုတာကတော့ မသေချာဘူး။ သူမလဲရင်ဘာဖြစ်မလဲ။ အာဏာရှင်တွေမလဲတဲ့အခါ နိုင်ငံတွေက ကိုယ်စားခံရမှာပဲဖြစ်တယ်။

‘အမေရိကန်ဂရိတ်အဂိန်း’
တရုတ်တွေ စီးပွားရေးအရခေါင်းမြီးခြုံဖို့ကြိုးစားလာချိန်မှာ သွင်းကုန်တွေတိုးမြှင့်ကောက်ခံရင်း အမေရိကန်ကိုလုပ်ငန်းတွေ ပြန်ခေါ်သွင်းဖို့လုပ်နေတဲ့ ထရမ့်ရဲ့အာရှခရီးစဥ် စတင်ခဲ့တယ်။ အာရှခရီးစဥ်ရဲ့ပထမတထောက်ဖြစ်တဲ့ အာစီယံအစည်းအဝေးကျင်းပမယ့် ကွာလာလမ်ပူကို တနင်္ဂနွေနေ့မှာ ဆိုက်ရောက်ခဲ့တယ်။ ရောက်မဆိုက်လေဆိပ်မှာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ကြိုဆိုမှုနဲ့ ရိုးရာအကတွေ၊ အလံဝှေ့ယမ်းနှုတ်ခွန်းဆက်သမှုတွေကို ထရမ့်ကတန်ပြန်ကပြရင်း မလေးတွေကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့တာတွေ့ရတယ်။

ထရမ့်ခရီးစဥ်အရ အောက်တိုဘာ၂၇ တနင်္လာမှာ ဂျပန်ကို ဆက်မှာဖြစ်တယ်။ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့ ဆနေးတာကိုင်ချီနဲ့ အောက်တိုဘာ ၂၈ မှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်။ ပြီးရင် ကိုရီးယားနိုင်ငံဘူဆန်က အေပက်
အစည်းအဝေးကို အောက်တိုဘာ ၂၉ မှာ တက်ရောက်မယ်။ အောက်တိုဘာ ၃၀ မှာ ရှီကျင်းပင်နဲ့ ထိပ်သီးအစည်းအဝေးရှိပါမယ်။
စက်မှုလွန်ခေတ် (Post-Industrial Age) မှာ စက်မှုလုပ်ငန်းတွေ အမေရိကန်ကိုပြန်ခေါ်သွင်းဖို့ ကြိုးစားနေတဲ့ထရမ့်ကို ငအူလို့သတ်မှတ်နေတဲ့ အမေရိကန်ထိတ်ထိတ်ကျဲနိုင်ငံရေးနဲ့ စီးပွားရေးအကဲဖြတ်သူတွေရှိသလို ထရမ့်လုပ်ရပ်ကိုထောက်ခံအားပေးနေတဲ့ ပြည်တွင်းအင်အားစုတခုလည်း ထုနဲ့ထည်နဲ့ရှိနေတယ်။ ကမ္ဘာ့ငွေကြေးနဲ့ရွှေအရံထားမှုဖျက်ခဲ့တဲ့ ၁၉၇၁ နောက်ပိုင်း နိုင်ငံတွေရဲ့ကုန်သွယ်မှုမျှခြေ (ကုန်သွယ်ရေးလိုငွေနဲ့ ပိုငွေ) ကို ပြန်တည်လို့မရခဲ့တာတွေ့ရတယ်။

အမေရိကန်ဟာ ရေဂင်အစိုးရလက်ထက် ၁၉၈၀ ပြည့်နှစ်တွေကစလို့ နီရိုလစ်ဘရယ်စီးပွားရေးကို အသက်သွင်းခဲ့တယ်။ ဒီအရင်းလှိုင်းကိုအမိအရစီးပြီး တရုတ်ဟာ နှစ်ပေါင်းလေးဆယ်ကျော် ငါးဆယ်နီးပါးအတွင်း သူ့စီးပွားရေးကို ကမ္ဘာ့ဒုတိယအကြီးဆုံးအဖြစ် တည်ဆောက်နိုင်ခဲ့တယ်။ တဘက်ကလှည့်ပြောရင် တရုတ်ရဲ့အမေရိကန်ကုန်သွယ်ရေးပိုငွေတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် ၄ခုကျော် ကမ္ဘာ့စီးပွားရေးကို မောင်းနှင်မြှင့်တင်နိုင်ခဲ့ပြီး အရင်းစနစ်ရဲ့အမြင့်ဆုံး တီထွင်ဖန်တီးမှုတွေနဲ့ ကမ္ဘာ့အမြင့်ဆုံး ဆင်းရဲချမ်းသာကွာဟမှုတွေကိုဖြစ်စေခဲ့တယ်။

‘ဗဟိုပါဝါများရဲ့အလှည့်အပြောင်း’
တရုတ်ကောအမေရိကန်ပါ ဒီခရီးကိုနောက်ကြောင်းပြန်လှည့်ဖို့ စီစဥ်နေကြပြီဖြစ်တယ်။ ဒီအလှည့်အပြောင်းဟာ တကမ္ဘာလုံးကိုကောင်းစွာ အပြောင်းအလဲဖြစ်စေမှာပါပဲ။  နောက်ထပ် နယူးနော်မယ်က ဘာဖြစ်မလဲ။ နွေဦးတော်လှန်ရေးဟာ ဒီနှစ်မကုန်ခင်သိသာထင်ရှားတဲ့ အပြောင်းအလဲ (ထိုးစစ်ကြီး) တခု မလုပ်နိုင်ခဲ့ရင် စကမရွေးကောက်ပွဲရဲ့သက်ရောက်မှုကို အနည်းနဲ့အများခံယူရဖို့ရှိတယ်လို့ အာရှ (အရှေ့တောင်အာရှ) စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြတာကို တွေ့ရတယ်။

Related Posts

Leave a Comment