3
နီညိုမှိုင်း
“မပြောင်းလဲခြင်းအတွက်ပြောင်းလဲခြင်းများ”
အရင်တုန်းက အိမ်အိုလေးပေါ့
အခုတော့ မီးသွေးတဝက်နဲ့
ဝင်းထရံလေးနားမှာ တိုင်လေးသုံးတိုင်အဖြစ်
လဲလျောင်းနေလေရဲ့။
အရင်တုန်းက သန်မာလှတဲ့အဖေပေါ့
လေးချောင်းထောက် နောက်မှီကော်ခုံလေးမှာ
ကျန်နေသေးတဲ့ ခြေတချောင်းတွဲလောင်းလေးချ
တုံးတိတိပေါင်လေးကို ပုဆိုးလေးနဲ့ဖုံး
ဘေးနားကချိုင်းထောက်လေးကို ငေးလို့နေလေရဲ့။
လယ်ထဲကပြန်အလာ အဖေ့ကိုမျှော်တဲ့
အရင်တုန်းက အမေပေါ့
ညနေစောင်းတိုင်း အဖေစကားသွားသွားပြောနေတဲ့
ရွာအနောက်ဘက် သုဿန်လေးထဲက
ထုံးဖြူဖြူ အုတ်ဂူလေးတလုံးဖြစ်နေလေရဲ့။
အရင်တုန်းက ကျောင်းသွားချိန်မုန့်ဖိုးတောင်းနေကျ မောင်လေးပေါ့
လွယ်အိတ်လေးကို အိမ်တိုင်မှာချိတ်
သမိုင်းပေးတာဝန်ဆိုပြီး ထွက်သွားလိုက်တာ
အိမ်ပြန်လမ်းက သတင်းစကားလေးတခုသာ
ဖြစ်ခဲ့လေရှာတယ်။
ဘဝတွေပဲ့ရွဲ့သွားတယ်
ဘဝတွေကြွေမွသွားတယ်
ဘဝတွေ ဖုန်မှုန့်တွေလို လေထဲလွင့်စဥ်သွားတယ်
သူတို့တွေလည်း ပြောင်းလဲသွားတယ်။
ဗိုက်ထဲ ဂလု ဂလုမြည်တုန်းပဲ
အဖျားဒါဏ်နဲ့ ခိုက်ခိုက်တုန်တုန်းပဲ
ကိုယ်ပေါ်က အကျ်ီလည်း အရင်လို
အဖာဗရဗျစ်နဲ့
ဂျပ်စတီီရှာရဲ့ ချိန်ခွင်ကလည်း
တဘက်ကိုစောင်းလို့။
အိမ်ဘေးက ကလေးစာကျက်နေတယ်
အရင်လို ညအခါ လသာသာ
ကစားမလား နားမလား ပေါ့။
ဟင်း ……
ငါတို့ပြောင်းလဲသွားပြီ
ငါတို့ဘဝတွေပြောင်းလဲသွားပြီ
ငါ့တို့ပတ်ဝန်းကျင်ပြောင်းလဲသွားပြီ
အရာရာတော့အရင် အတိုင်းပဲ ။
23:13 PM
(21.8.2025)
