2
“သားပျောက်သူများ”
■ နေးချား
သားရေ…၊ ဂူဂူးရေ…။ အခုချိန်ဆို မင်း ဘယ်တွေ ရောက်နေမှာလဲကွာ။ အရင်က ဒီနေရာ တဝိုက်ဟာ ဂန္ဓမာ အဖြူ၊ အဝါတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ကုန်းကြီးလေ။ ပန်းခင်းကြီးထဲမှာ ပြေးလွှားနေတဲ့ မင်းကို ငါ ခဏခဏ သတိရမိတယ်။ အခုတော့ ပန်းခင်းတွေလည်း မရှိတော့ဘူး။ မင်းလည်း မရှိတော့ဘူး။ ငါတို့လည်း အသက်ကို ဖက်နဲ့ ထုပ်လို့ ဒီတောင်ကုန်းဆီကနေ ဘယ်နေ့ ထွက်ပြေးရဦးမလဲ ရင်တထိတ်ထိတ်နဲ့ပေါ့။
ဒီနေရာကနေ ကြည့်ရင် မပီဝိုးတဝါး လှမ်းမြင်နေရတဲ့ ရွာလေးကို ငါ ငေးနေမိတယ်။ အိမ်တလုံး ပိုင်ဆိုင်ဖို့ တဘဝလုံးစာလောက် ရင်းထားရတဲ့ ငါတို့တွေလေ။ ဟော… ပျက်စီးတော့လည်း အလွယ်သားပါလား။ ရွာကျောင်း ဆရာတော်ပြောတဲ့ ‘သင်္ခါရ’ ဆိုတာ ဒါပဲနေမပေါ့။ ဒါပေမဲ့ ပျက်စီးချိန်တန်လို့ ပျက်စီးတာမျိုး မဟုတ်တော့ ငါတို့မှာ ရင်က ခပ်နာနာပဲ သား…။ သားရေ…၊ ဂူဂူး…အခုချိန်ဆို မင်း ဘယ်တွေ ရောက်နေမလဲကွာ။
နေ့တိုင်း မင်းကို သတိရပြီး မျက်ရည်ဝဲမိတယ်ဆိုရင် ရာကျော် ဆိုတဲ့ ဒီဖအေကြီး အပိုပြောနေတာ မဟုတ်ဘူးဆိုတာ မင်း ယုံပါ သား။ မင်းကို မိစ္ဆာကောင်တွေ ခေါ်သွားတယ်ဆိုပြီး ရွာသားတယောက် လာပြောတဲ့နေ့ကဆို ငါတို့ ခေါင်းကို မိုးကြိုးအစင်းစင်း ပစ်ချခံလိုက်ရသလိုပဲ။ မင်းမအေဆို ဘုရားတရင်း နေရာမှာတင် ပစ်လဲကျသွားခဲ့တာ။
ငါကတော့အရူးတယောက်လို ရွာဘက် ပြေးသွားမိတယ်။ ရွာထဲက သစ်ကိုင်းခြောက်လို ဖြစ်နေတဲ့ အိမ်တိုင်တွေ၊ လေတိုက်လိုက်တိုင်း ဝဲတက်လာတဲ့ ပြာမှုန့်တွေကြားထဲမှာ မင်းသွားတတ်တဲ့ နေရာတွေကို အပြေးအလွှား ရှာမိသေးတယ်။ မင်း သွားသွား ကစားတတ်တဲ့ ရွာလယ်က ကုက္ကိုလ်ပင်ကြီး အောက်မှာပဲ တွေ့မလား၊ အိမ်နောက်ဖေးက သရက်ပင်တွေ အောက်မှာပဲ ရှိနေမလားနဲ့ပေါ့။ စိတ်ထဲမှာလည်း ‘မဖြစ်ပါစေနဲ့၊ မဖြစ်ပါစေနဲ့’လို့ အကြိမ်ကြိမ် ဆုတောင်းလို့ပေါ့။ ဒါပေမဲ့ အဲ့ဒီ ဆုတောင်း မပြည့်နိုင်ဘူးဆိုတာလည်း ငါ့စိတ်ထဲက သိနေသလိုပါပဲ။ ဒါပေမဲ့ ဒီလိုလေးများ ဖြစ်ခဲ့ရင်…၊ ဟိုလိုလေးများ ဖြစ်ခဲ့ရင်…၊ တနေရာရာလေးမှာ ကပ်ပုန်းပြီးများ ကျန်နေခဲ့ရင် ဆိုတဲ့ အတွေးတွေနဲ့ ငါဟာ သွေးရူးသွေးတန်း မင်းကို လိုက်ရှာနေမိတယ်။ ငါဟာ အဲ့ဒီနေ့က အိမ်မက်ထဲ လမ်းလျှောက်နေရတဲ့ လူလိုပဲ သား…။
မင်းမအေကတော့ တခါတလေ “ကျပ်မပြည့်တဲ့ ကောင်ကိုတောင် မရှောင်တာတော်၊ သေချင်းဆိုးမျိုးတွေ…” လို့ မချိတင်ကဲနဲ့ အော်ဆဲနေတတ်တယ်။ ဟုတ်တယ် သား…၊ မင်းဟာ အသက် နှစ်ဆယ်ကျော်ပေမဲ့ အသက် ၁၀ နှစ်အရွယ် ဉာဏ်ရည်မျိုးပဲ ရှိတဲ့ ကောင်လေးလေ။ အစောပိုင်း အဲ့ဒီအကြောင်း သိတုန်းကတော့ ငါတို့တွေ အတော်ကြီး စိတ်ထိခိုက်ကြရသေးတယ်။ ဒါပေမဲ့ မင်းမအေ မြမှီ ပြောတဲ့အတိုင်းပဲပေါ့ကွာ။ “ဘုရားက ဒီလောက်ပဲ ပေးရင်လည်း ဒီလောက်နဲ့ပဲ ကျေနပ်ရမှာပဲ” တဲ့။ နောက်ကျတော့လည်း ‘ငါတို့မှာ ထာဝရကလေးတယောက် ရတာပေါ့’ ဆိုပြီး မင်းကို ပိုတိုးလို့ ချစ်ခဲ့ကြရတယ်။ အခုတော့…။ သားရေ…၊ ဂူဂူး…မင်းဘယ်တွေများ ရောက်နေမလဲကွာ။
*****
မင်းမအေ မြမှီဟာ မင်း ပျောက်သွားတဲ့ နေ့ကတည်းက အိပ်ရာထဲမှာပဲ မျက်ရည်တစမ်းစမ်းနဲ့ ထမင်းမစား၊ ရေမသောက်ဘဲ နေတယ်။ ငါလည်း တပတ် နှစ်ပတ်လောက်တော့ ပူထူပြီး ငိုလိုက်၊ ဟိုနေရာလေး သတင်းကြား လိုက်သွားလိုက်၊ ပြေးရှာလိုက်နဲ့ပေါ့။ ဒါပေမဲ့ မင်းကို မတွေ့ဘူး သား။ ရက်ကနေ လတွေ ကြာလာတော့ ငါတို့ဟာ မင်းကို ရှာတဲ့ကိစ္စကို လက်လျှော့လိုက်ရတယ်။ အဲ့ဒီအစား မင်း ပြန်လာမဲ့ အချိန်ကိုပဲ စောင့်ရတော့မှာပဲလို့ တွေးရတယ်။ ငါ့သားဟာ မိစ္ဆာတွေကြားထဲ ရှင်သန်ဖို့ လွယ်ပါ့မလား၊ တခုခု ဖြစ်ပြီး မတော်တဆ ချွတ်ချော်သွားခဲ့ရင်…။ ငါဟာ အဲ့သလို တွေးမိရင်တောင် တွေးတဲ့အတိုင်း တကယ်ဖြစ်သွားမှာ ကြောက်လို့ အဲ့ဒီအတွေးကို ဆက်မတွေးရဲဘူး သား…။
‘မိစ္ဆာတွေ လက်ထဲ ရောက်သွားတဲ့ သူတွေက အရှင်ထွက် ပြန်မထွက်ဘူး’ တဲ့။ ငါရော မြမှီရော အဲ့ဒီအကြောင်းကို သိပေမဲ့ အဲ့ဒီကိစ္စကို မပြောကြဘူး။ အဲဒီကိစ္စကို မသိသလိုပဲ နေကြတယ်။ ငါတို့စိတ်ထဲမှာ ငါ့သား ဂူဂူးဟာ တနေ့ကျရင် အိမ်ကို ပြန်ကို ပြန်ရောက်လာရမယ်ဆိုတဲ့ စိတ်မျိုး၊ သဘောမျိုး ထားပြီးပဲ နေတယ်။ အနည်းဆုံးတော့ ဒီလိုမျိုး ယုံကြည်ထားမှပဲ ငါတို့ နေသာနိုင်မယ်မဟုတ်လား သား။ ငါတို့လင်မယားဟာ တယောက်နဲ့ တယောက် ဖြောင်းဖျလိုက်၊ နှစ်သိမ့်လိုက်၊ အားပေးလိုက်နဲ့ တယောက်ကိုတယောက် ကူလိုက်၊ ထူလိုက်နေလာကြတာ အခုဆို မင်းပျောက်သွားတာပဲ လေးငါးလ ရှိခဲ့ပြီပေါ့။
ဒါပေမဲ့ ဘယ်လိုဆိုဆို ငါတို့ဟာ မင်းအကြောင်းတွေးပြီး တချိန်လုံး အိပ်ရာထဲမှာပဲ မျက်ရည်နဲ့ မျက်ခွက် ဖြစ်မနေနိုင်ကြဘူး သား။ အချိန်တန်တော့လည်း ငါတို့ဟာ ပူဆွေးနေရာက ထ လို့ သွားလာလှုပ်ရှားရပြန်တယ်။
ရွာထဲကိုတော့ ငါတို့ ပြန်မဝင်ကြတော့ဘူး။ ငါတို့ တောင်ယာမှာတောင် အခုဆို ဟိုနေရာ ဒီနေရာ တဲလေးတွေ ကိုယ်စီနဲ့ စစ်ဘေးရှောင်တဲ့ လူတွေ အတော်များလာကြပြီ။ ငါတို့ ရွာသားတွေလည်း ပါရဲ့။ ငါတို့ မမြင်ဖူးတဲ့ မျက်နှာစိမ်းတွေလည်း ပါရဲ့။ ဒီကာလမှာ လူတွေဟာ အတော်ပဲ ဒုက္ခရောက်ကြတာကလား။ မင်းမအေ မြမှီလေ၊ အခုဆို မအားတော့ဘူး။ မင်းမအေဟာ အရင်ကတည်းက ရွာမှာ အလှူအတန်း ရှိရင် ဟိုစပ်စပ် ဒီစပ်စပ်အားတက်သရော ဝင်ပါတတ်တာ မင်းသိရဲ့ မဟုတ်လား။ အခုလည်း မင်းမအေဟာ တရက်တရက် ထမင်းဟင်းတွေ ချက်လို့၊ ဟိုအိမ် ဒီအိမ် လိုက်ဝေလို့၊ အဲ့ဒီအိမ်တွေဘက်မှာစကားတွေကျလို့၊ မျက်နှာစိမ်းတွေနဲ့ မိတ်ဖွဲ့လို့နဲ့ပေါ့။ ငါကလည်း ‘ဪ…နေသာသလို နေပါစေလေ’ ဆိုပြီး ဘာမှ မပြောဘူး။
တရက်တော့ မင်းမအေလေ ငှက်လှောင်အိမ်ကြီး တလုံးဆွဲလို့ အိမ်ကို ပြန်ရောက်လာတယ်။ “ဒီကြက်တူရွေးက စကားပြောတတ်တယ်တဲ့ ကိုရာကျော်၊ သူတို့ အိမ်ရှင်တွေက အခြားနေရာ ပြောင်းမှာမို့ သယ်မသွားနိုင်တော့ဘူးတဲ့၊ ကျုပ်ကို ပေးခဲ့တယ်၊ တော် အိမ်မှာ အပျင်းပြေတာပေါ့” တဲ့။ ငါက ‘ဒီမိန်းမ ဘာတွေ ရှုပ်ရှုပ်ယှက်ယှက် လုပ်လာပြန်ပြီလဲကွာ’ ဆိုတဲ့ အကြည့်နဲ့ ကြည့်လို့။ မင်းမအေက ဆက်ပြောတယ်။ “သားသာ ရှိရင် ချစ်မှာပဲနော်” တဲ့။
ခဏလောက် တွေရပ်ပြီး ငှက်လှောင်အိမ်ကို ချလို့ အိမ်ထဲကို ဝင်သွားတယ်။ မင်းမအေ သွားငိုနေပြီဆိုတာ ငါ သိတာပေါ့ သား။ ငါလည်း မျက်လုံးတွေ ဝါးလာလို့ လက်နဲ့ ပွတ်ပစ်လိုက်ရတယ်။ လှောင်အိမ်ထဲက ကြက်တူရွေးကတော့ ကျလိ၊ ကျလိနဲ့ အော်လို့။ ငါဟာ မှိန်ပြပြ မြင်နေရတဲ့ ရွာဘက်ကို ငေးမိသွားတယ်။ နောက်တော့ အိမ်နောက်ဖေးဘက်မှာ အပင်ပဲ စိုက်သလိုလို၊ မြေပဲ တူးသလိုလိုနဲ့ မင်းအကြောင်း တွေးပြီး ကျိတ်ငိုရပြန်တယ်။ ဂူဂူးရေ…၊ သားရေ… အခုချိန် မင်းတယောက် ဘယ်များ ရောက်နေမလဲကွာ။
*****
မင်းမအေ မြမှီကတော့ ထုံးစံအတိုင်းပဲ တရက်တရက် ဟိုတဲ ဒီတဲ ကူးလို့ပဲ နေတယ်။ အိမ်မှာနေရင်လည်း ဟိုငေး ဒီငေးနဲ့ မျက်ရည်တစမ်းစမ်း ဖြစ်နေမဲ့အတူတူ သူ့ဝေဒနာကို သူ့ဘာသာ အဖြေရှာ ကုနေတဲ့ပုံပါပဲ။ ငါ့မှာတော့ မင်းအမေ ယူလာတဲ့ ကြက်တူရွေးတကောင် အဖော်တိုးလာတာပေါ့ကွာ။
ကြက်တူရွေးလေးက နှုတ်သီးနီနီ၊ လည်ပျောက်နီနီနဲ့ အတောင်ပံမှာလဲ အနီပျောက်လေး နှစ်ဖက်နဲ့ မင်းဆို အတော် သဘောကျမှာပဲ သား။ မင်းက တိရစ္ဆာန်လေးတွေ အပေါ်မှာ သိပ်ကြင်နာတတ်တာလေ။ တခါများ အတောင်ကျိုးပြီး မပျံနိုင်တဲ့ ငှက်လေး တကောင်ကို မင်း အိမ်ခေါ်လာပြီးအသိုက်တုလေး လုပ်၊ အနာကို စည်းပြီး ပြုစုပေးလိုက်တာ သုံးလေးရက်နဲ့ ပြန်ကောင်းသွားရောလား။ အဲ့ဒီနေ့က မင်းမျက်နှာ ဝင်းပနေပုံဟာ ငါ့မျက်လုံးထဲက မထွက်ဘူး။ ငါလည်း အဲ့ဒါလေးကြည့်ပြီး ‘ငါသား ဉာဏ်ရည် မပြည့်ဘူးဆိုတာ ဘယ်ကောင်ပြောမလဲကွ’ လို့တောင် ကျိန်းဝါးလိုက်မိသေးတယ်။
မင်းအမေလည်း အဲ့ဒါတွေကို သတိရမိတဲ့ ပုံပါပဲ။ ဒါကြောင့်လည်း ဒီကြက်တူရွေးလေးကို အိမ်ခေါ်လာတယ် ထင်ပါရဲ့ကွာ။
ကြက်တူရွေးလေးက စကားပြောတတ်သတဲ့။ ရောက်စ တရက် နှစ်ရက်တော့ ပတ်ဝန်းကျင်စိမ်း မို့လို့လား မသိ၊ ‘ကျလိ ကျိ ကျိ’ က လွဲလို့ ဘာမှ မပြောဘူး။ ငါက ငှက်ပျောသီးလေးတွေကို ဖဲ့ဖဲ့ပြီး ကျွေးတော့ ကြာတော့ ငါနဲ့ ယဉ်လာတယ် ထင်ပါရဲ့။ ပထမဆုံး ပြောတဲ့ စကားက “စစ်ပွဲတွေကို မုန်းတယ်၊ စစ်ပွဲတွေကို မုန်းတယ်” တဲ့။ ငါ့မှာ မျက်လုံးကြီး ပြူးပြီး တော်တော် အံ့ဩသွားရတယ်။ ဪ သဘာဝတိရစ္ဆာန်လေးတွေတောင် ဒီလိုတွေ ပြောတတ်နေပြီလားပေါ့။ နောက်တော့ “ငြိမ်းချမ်းရေး ပေးပါ၊ ငြိမ်းချမ်းရေး ပေးပါ” တဲ့။ ငါ့မှာ အံ့ဩလွန်းလို့ ကြောင်ပြီး ကြည့်နေမိတဲ့ အထိပဲ။ သိပ်ထူးဆန်းတာပဲကွာ။ မင်းမအေ ပြန်ရောက်လာတော့ အဲ့ဒီအကြောင်းကို အားပါးတရနဲ့ ပြန်ပြောပြမိသေးတယ်။၊ မင်းမအေက ပြောတယ်။ “ပိုင်ရှင်တွေက စစ်ဘေးရှောင်တွေမို့ အဲ့သလို သင်ပေးထားကြတာ နေမှာပေါ့တော်” တဲ့။ အဲ့ဒီကတည်းက ကြက်တူရွေးလေးဟာ တရက်တရက် ‘ဟယ်လို…၊ ဟယ်လို’ လုပ်လိုက်၊ ‘စစ်ပွဲတွေကို မုန်းတယ်၊ စစ်ပွဲတွေကို မုန်းတယ်’ ပြောလိုက်၊ ‘ငြိမ်းချမ်းရေး ပေးပါ၊ ငြိမ်းချမ်းရေး ပေးပါ’ အော်လိုက်နဲ့ ငါ့အတွက်တော့ အဖော် ဖြစ်နေတာပေါ့။
*****
မင်းတို့ ခေတ်က ငါတို့ ခေတ်နဲ့ မတူဘူးလေ သား၊ ငါတို့ ခေတ်တုန်းကဆို ရေဒီယိုလေး တခါ နားထောင်ရဖို့ အရေး ပတ်ဝန်းကျင်ကို ကျီးကြည့် ကြောင်ကြည့် ကြည့်လို့၊ အသံတိုးတိုးနဲ့ ခိုးခိုး နားထောင်ရတာ မဟုတ်လား။ အခုကျ ဖေ့စဘုတ်တဲ့၊ ယူကျုတဲ့။ အဲ့ဒီကနေ သတင်းတွေ ကြည့်ရင်းနဲ့ ငါဟာ မင်းအကြောင်း မျှော်တွေးရင်း မျက်ရည်ကျတဲ့အခါကျ၊ ‘မင်း ပြန်လာရမှာပါလေ’ ဆိုပြီး ဖြေတွေးတဲ့အခါလည်း တွေးရပေါ့။ တရက်တော့ ငါ သတင်းတွေ နားထောင်နေတုန်း ကြက်တူရွေးလေးက “စစ်ပွဲတွေကို မုန်းတယ်၊ စစ်ပွဲတွေကို မုန်းတယ်” အော်နေတော့ ငါ စဉ်းစားမိတယ်။ ငါတို့အခု ကြုံနေရတာတွေဟာ စစ်ပွဲတွေရဲ့ အပြစ်ဆိုရင် အဲဒီ စစ်ပွဲတွေ ဖြစ်အောင် လုပ်ခဲ့တာက ဘယ်သူတွေလဲပေါ့။ အဲ့သလိုတွေးမိတော့ ‘ဟုတ်တယ်၊ စစ်ပွဲတွေထက် အဲ့ဒီ ကောင်တွေကမှ တရားခံပဲ’ လို့ တွေးမိသွားတယ်။
ငါတို့ရွာကျောင်းဆရာတော်က အမြဲ ဆုံးမတတ်တာ ရှိပါရောလား။ ‘အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ အကျိုးမဖြစ်အောင်ဆိုရင် အကြောင်းကို ပယ်သတ်မှ ရမယ်’ တဲ့။ ဆရာတော့်စကားအရဆိုရင် စစ်ပွဲဆိုတာက အကျိုးပဲ၊ အကြောင်းတရား မဟုတ်သေးဘူး။ ဒါဖြင့် ဒီစစ်ပွဲတွေ ရပ်အောင်ဆိုရင် အကြောင်းတရားကို ပယ်သတ်မှ ရမှာ မဟုတ်လား။ ဪ မင်းမအေ မြမှီသာ ငါ ဒီလို တွေးနေတာကို သိရင် ‘ဒီအဘိုးကြီး ကယောက်ကယက်နဲ့ ဘာတွေလျှောက်တွေးနေပါလိမ့်’ လို့ ပြောလိမ့်မလား။ ငါကတော့ ငါ့ရင်ထဲ ခံစားရတဲ့အတိုင်း ပြောတာပါကွာ။ ငါ့သားကို ခေါ်သွားတာက စစ်ပွဲတွေလား၊ စစ်ပွဲကို ဖန်တီးတဲ့ ကောင်တွေလား။ အဘိုးကြီးဆိုတော့လည်း မင်းမအေ ပြောသလို ကယောက်ကယက် ဖြစ်နေတယ် ထင်ပါရဲ့။
အဲ့သလို တွေးနေမိတုန်းမှာပဲ ‘ဝေါခနဲ ဝေါခနဲ’ အသံကြီး တသံက ငါ့ခေါင်းပေါ်က ဖြတ်ပျံသွားတယ်။ ငါ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ ဒီကောင်တွေ လာပြန်ပြီလား။ ငါဟာ အထိတ်တလန့်နဲ့ ထိုင်နေရာကနေ ဖုတ်ခနဲ ခုန်ထပြီး ပြေးမလိုလုပ်တယ်။ မင်းမအေဆီကို စိတ်ရောက်သွားပြီး “ဒီမိန်းမတယောက်ကတော့ကွာ …” လို့ ညည်းရင်း သူ့နောက်ပဲ ပြေးလိုက် ရမလိုလို၊ ငါ့ဟာငါပဲ ပြေးရမလိုလိုနဲ့ ယောင်ချာချာ ဖြစ်နေတယ်။ ဘယ်ကို ပြေးလို့ ပြေးရမှန်း မသိဘူး။ မိုးပေါ်က ကောင်က ဝဲပြီး ဖြတ်ပျံသွားပေမဲ့ အသံကြီး တဝီးဝီးက ကြားနေရတုန်း။
အဲ့ဒီအချိန်မှာပဲ “ကိုရာကျော် တော် အဆင်ပြေလား” ဆိုပြီး မင်းမအေ ပြန်ရောက်လာတယ်။ အဲ့တော့မှ ငါ ‘ဟင်း’ ချနိုင်တယ်။ မင်းအမေဟာ သွက်သွက်လက်လက်ပဲ အိမ်ထဲ ပြေးဝင်ပြီး ငါတို့ စုဆောင်းထားတာလေးတွေ သိမ်းတယ်။ ဘာအလုပ်မှ ကောင်းကောင်း မလုပ်ရဘဲ ထိုင်ပဲ စားနေရတော့ စုဆောင်းထားတာတွေလည်း ဘယ်လောက်ကျန်တော့မှာ မို့လို့လဲ။ ငါဟာ အံကျိတ်ပြီး တက်တခေါက်ခေါက်နဲ့ “ခွေးမျိုးတွေ သေ မသေနိုင်ကြဘူး” လို့ ရေရွတ်တော့ မင်းမအေက “ကိုရာကျော် တိတ်တိတ် နေစမ်း” တဲ့။ အသံကြီး ဝူးဝူးဝါးဝါးက နောက်တခေါက် ဖြတ်ပျံလာချိန်မှာတော့ မင်းမအေရော ငါရောဟာ ဝါးနဲ့ထိုးထားတဲ့ ကွပ်ပျစ်လေးအောက်မှာ မလုံခြုံမှန်း သိသိရက်နဲ့ ဖြစ်သလို ဝပ်ပြီး ဝင်ပုန်းကြရတော့တာပဲ။
အဲ့ဒီအချိန်မှာလေ။ လှောင်အိမ်ထဲက ကြက်တူးရွေးလေးက လန့်သွားလို့ပဲလား မသိဘူး။ ရုန်းရင်းဆန်ခတ်နဲ့ “ငြိမ်းချမ်းရေး ပေးပါ၊ ငြိမ်းချမ်းရေး ပေးပါ” ဆိုပြီး အသံစာစာနဲ့ ထအော်ပါရော။ အော်တာမှ မနားတမ်းဘဲ။ “ငြိမ်းချမ်းရေး ပေးပါ၊ ငြိမ်းချမ်းရေး ပေးပါ” နဲ့။ ငါဟာ စိတ်တို ဒေါသထွက်နေရတာက တမျိုး၊ အပေါ်က ကောင်ကို ကြောက်ပြီး ပုန်းနေရလို့ စိတ်ထဲ မခံချိမခံသာ ဖြစ်နေရတာက တဖုံနဲ့ ဆိုတော့ အဲ့ဒီ ကြက်တူရွေးအော်နေတဲ့ အသံစူးစူးကို မခံနိုင်ဘူး။ နားထင်တွေ ကိုက်လာပြီး နားတွေပါ အူလာတယ်။
ကြက်တူးရွေးအော်နေတဲ့ ‘ငြိမ်းချမ်းရေး ပေးပါ၊ ငြိမ်းချမ်းရေး ပေးပါ’ ဆိုတာကြီးကိုလည်း တော်တော် နားကြားပြင်းကပ်လာတယ်။ မသိရင် အဲဒီစကားက ငါတို့ကို လှောင်နေသလိုပဲ။ ငါ့ရှိရင်းစွဲ ဒေါသကို လာလာ ဆွနေသလိုပါပဲ။ ပထမတော့ ရှူး ရှူးနဲ့ ခြောက်ပေမဲ့ ကြက်တူးရွေးက မရပ်ဘူး။ ခြောက်လေ အော်လေ ဖြစ်လာတော့ ငါနေလို့ မရတော့ဘူး။ ဝပ်နေရာက ထပြီး ကွပ်ပျစ်ပေါ်က ငှက်လှောင်အိမ်ကို ဖနောင့်နဲ့ တက်ပေါက်ချပစ်လိုက်တယ်။ “အဲ့ဒီ ငြိမ်းချမ်းရေး မင်းမအေလင်ဆီ သွားတောင်းဟေ့” လို့ပါ အော်လိုက်တယ်။ ငါဟာ ဒေါသကြောင့်အသားတွေပါ တဆတ်ဆတ် တုန်နေသလိုပဲ။ မင်းမအေ မြမှီက ကွပ်ပျစ်အောက်က ထွက်လာပြီး “ကိုရာကျော် … တော်စိတ်ထိန်းဦး” ဆိုပြီး ငါ့ကို ကွပ်ပျစ်အောက်ကို ပြန်ဆွဲချတယ်။ ‘ဒီအဘိုးကြီး ရူးနေပြီလား၊ ငှက်နဲ့တောင် ရန်ဖြစ်ရသတဲ့တော်’ ဆိုတဲ့ အကြည့်နဲ့ ကြည့်လို့။
*****
လေယာဉ်သံတွေ ငြိမ်ကျသွားပြီးနောက်မှာတော့ ငါက မင်းမအေကို ပြောတယ်။ “မြမှီ နင့်ငှက်နဲ့ ငါနဲ့ မဖြစ်တော့ဘူးဟာ၊ သွားလွှတ်ရအောင်” ဆိုတော့ မင်းမအေက “တော့်သဘောပဲ” တဲ့။
အဲ့ဒီနေ့ညနေမှာပဲ ငါတို့ဟာ ကြက်တူရွေးလေးကို ကွင်းပြင်တွေနဲ့ ဝေးတဲ့၊ သစ်ပင်ခြုံနွယ်များတဲ့ ဘက်ကို ရွေးပြီး သွားလွှတ်ပေးလိုက်ကြတယ်။ ပထမတော့ ကြက်တူရွေးလေးက ပျံတာနဲ့ သိပ်အသားမကျသေးတဲ့ပုံနဲ့ ဟိုအပင် နား၊ ဒီအပင် နားနဲ့ ခုန်ကူးနေသေးတယ်။ နောက်တော့ အပင်တွေကြားထဲ တိုးဝင် ပျောက်ကွယ်သွားရော။ ‘မင်းကို လွှတ်ပေးရတဲ့ ကောင်းမှုကြောင့် ငါ့သား ဂူဂူးတယောက်လည်း အမြန်ဆုံး ပြန်လွတ်လာပါစေကွာ’ လို့ ငါ စိတ်ထဲကနေ ပြောလိုက်မိတယ်။ မင်းမအေလည်း ငါနဲ့ ထပ်တူ ခံစားနေရတဲ့ ပုံပါပဲ။ ခဏကြာတော့ မင်းမအေက ငါ့ကို မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လာတယ်။ “ကိုရာကျော် ကျုပ်သားလေး အဆင်မှ ပြေပါ့မလား မသိဘူးတော်” ဆိုပြီး ငိုသံနဲ့ ပြောတယ်။ ငါလည်း “ပြေမှာပါ မြမှီရာ…၊ ပြေမှာပါ” လို့ပြောရင်း မျက်ရည်တွေက ဘယ်က ဘယ်လို ကျလာတယ် မသိဘူး။
မင်းမအေနဲ့ ငါဟာ မင်း အိမ်က ပျောက်သွားတဲ့ကိစ္စကို တကူးတက မပြောဖြစ်ခဲ့ကြတာ ကြာပြီ သား။ ငါတို့ဟာ အဲဒီကိစ္စကို မရှိသလို၊ မသိသလို နေကြတယ်။ အဲ့ဒါကို ပြောလိုက်မိရင် မင်းဟာ ငါတို့ဆီမှာ မရှိတော့ဘူး ဆိုတာ ငါတို့ လက်ခံလိုက်ရမှာ ကြောက်လို့ ဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် မင်း ပြန်မလာနိုင်ခဲ့ရင်…။ အဲ့သလိုများ မတော်တဆ တွေးလိုက်မိ၊ ပြောလိုက်မိလို့ မင်း တကယ် ပြန်မလာနိုင်တော့ရင်ရော…။ ငါတို့ဟာ အဲ့သလို ကြောက်ရွံ့စိတ်တွေနဲ့ မင်းအကြောင်းကို မပြောဖြစ်ကြဘူး။
အခုတော့ မင်းမအေနဲ့ ငါဟာ မျက်ရည်တွေနဲ့ တယောက်ကို တယောက် တင်းတင်း ကျပ်ကျပ် ဖက်လို့။
ငါလေ မင်းမအေကို ဖက်ထားရင်းနဲ့ ကြက်တူရွေးလေး ပျံထွက်သွားတဲ့ ဘက်ကို လှမ်းကြည့်တယ်။ ပြီးတော့ ဟိုဟိုဒီဒီကို လိုက်ကြည့်မိတယ်။ မင်းများ တနေရာရာကနေ ဘွားခနဲ ပေါ်လာမလား၊ အရင်လို ရယ်သံလွင်လွင်နဲ့ ‘မိပြီဟေ့’ ဆိုပြီး ပုန်းနေရာကနေ ထွက်လာလေ မလားပေါ့။ ဒါပေမဲ့…ဒါပေမဲ့…။
ဂူဂူးရေ…၊ သား…၊ အခုအချိန်ဆို မင်း ဘယ်ဆီမှာများ ရောက်နေမှာလဲ သားရယ်…။
