7
ညီလင်းအိမ်
“Paris, Texas က လူတယောက်အကြောင်း”
ခက်ထန်ကြမ်းတမ်းသော၊ ယုတ်မာကောက်ကျစ်သော၊ စဉ်းလဲယုတ်ညံ့သော၊ အတ္တကြီးအစွန်းရောက်လှပြီး မိမိကိုယ်မိမိကောင်းစားဖို့ကလွဲလို့ အခြားတဖက်ကို စေ့ငုခြင်း အလျဉ်းမရှိသော လူတွေမှာ၊ ဒီလူတွေကို အနုပညာအားဖြင့် သိမ်မွေ့နူးညံ့အောင် ပြောင်းလဲပေးနိုင်ပါ့မလား။ လူတွေဟာ ဘယ်လို ခံယူမှုများနဲ့ အနုပညာကို ဆင်ခြင်သုံးသပ်ကြသလဲ။ ခံစားကြသလဲ။ ဒါ့အတွက် စစ်တမ်းတရပ်ကို ကျကျနန ဖတ်ချင်။ ပန်းချီဆွဲရတာကြိုက်တဲ့ ဟစ်တလာက ဘယ်လိုဖြစ်ပြီး စစ်ဘီလူးဖြစ်ရသလဲ။ Charles Manson က ဂီတပညာရှင် ဖြစ်ရဲ့သားနဲ့ ဘာလို့ အကြမ်းဖက်လူသတ်သမား တဦး ဖြစ်ခဲ့ရသလဲ။
အနုပညာကို ခံစားရတာ နှစ်ခြိုက်သော်လည်း မိမိလက်တွေ့ဘဝရဲ့ တည်ဆောက်အသက်ဝင်မှုက အမှောင်ဘက်ခြမ်းဆီကို သာလွန်ထူပြောတဲ့အခါမှာ အနုပညာကပေးတဲ့ စိတ်နှလုံးသား နူးညံ့စေမှုနဲ့ အကောင်းမြင်တတ်မှုတွေက တိမ်ဖုံးသွားရတဲ့ လပမာလို အဲဒိလူတွေရဲ့ နှလုံးသားဟာဒယတွေဆီကို မတိုးရောက်နိုင်တော့ဘူးလား။
ဂျာမန်ဒါရိုက်တာကြီး Wim Wenders ဖန်တီးခဲ့တဲ့ ရုပ်ရှင်အနုပညာတွေအောက်ကို တိုးဝင်ခိုလှုံရတိုင်း သိမ်မွေ့စွာ သာနေတဲ့ လရယ်၊ ကြွေလွင့်ခြင်း မရှိရတဲ့ ကြယ်ပျိုးခင်းတွေနဲ့ သန့်စင်လတ်ဆတ်သော လေထုကို ရစေရတဲ့ ညဦးယံများဆီကိုပဲ ရောက်စေရပါမယ်။ သူ့လက်ရာတွေမှာ နူးညံ့ပျော့ပျောင်းကြသော အမူအကျင့်တွေနဲ့ ဘဝကို ဖြတ်သန်းကြတဲ့ လူတွေကိုပဲ တွေ့ရမယ်။ ဒါပေမယ့် လူတဦးချင်းစီတိုင်းရဲ့ ဘဝဆိုတာက တသက်တာလုံးကို ဘယ်လိုနည်းနဲ့မှ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာတွေကိုပဲ မှဲ့စလွယ်တွေ ရင်မှာလွယ်ထားသကဲ့သို့ ပိုက်ထွေးလို့ရတာမှ မဟုတ်တာ။
ကျနော်တို့တွေမှာ ချစ်ရတဲ့သူတွေနဲ့ လမ်းခွဲရတာ၊ ပတ်ဝန်းကျင် ဘုံဓလေ့ထဲက ရိုက်ခတ်မှုတွေ ကြုံရမှာ စလို့ ဒါတွေနဲ့ ထိခိုက်ခံစားကြရတဲ့အခါမှာ ဘယ်လိုအရာတွေကို ခံစားအောက်မေ့ရင်း ဥပေက္ခာပြုရင်း လူ့ဘဝကြီးထဲကို ဆက်လျှောက်ကြရပါ့မလဲ။ Wim Wenders ရဲ့ နာမည်ကျော်လက်ရာတွေ ဖြစ်ကြတဲ့ Paris, Texas နဲ့ Perfect Days လို ရုပ်ရှင်တွေမှာ ကျနော်တို့အနေနဲ့ သူရို့ကဲ့သို့ ဘဝကို ကျောမှာလွယ်ထားပြီး ဖြတ်သန်းရသလိုမျိုး ဖြစ်နိုင်မယ်မထင်တဲ့ လူနှစ်ယောက်ကို တွေ့ကြရတယ်။ ထို့နည်းတူ ကျနော်တို့ လူသားဘဝတွေအတွက် များပြားစွာ လိုအပ်လှတဲ့ သိမ်မွေ့နူးညံ့မှု၊ လူသားချင်း ဖေးမမှု၊ ခွင့်လွှတ်စေတတ်မှု၊ နာကျင်စရာတွေကို ကျကျနန လက်ခံရင်း မျက်ရည်များနဲ့ပဲ ဆေးကြော သန့်စင်စေရမှု စလို့ Perfect Days ကို လွန်မြောက်၍ Paris,Texas ထဲမှာပဲ ကျနော့်ရဲ့ အနုပညာကပေးတဲ့ အမြုတေကို ရှာတဲ့ ငှက်ကလေးက ဝင်ရောက် ခိုနားတယ်။
Paris, Texas လက်ရာဟာ ဝေဖန်ရေးအမြင်ဘက်ကနေ ကြည့်ကြမယ်ဆိုရင်လည်း လက်ရှိကမ္ဘာပေါ်က ရုပ်ရှင်လက်ရာဆိုတာမှာ ဘယ်ဟာကို ရုပ်ရှင်လို့ ခေါ်ဆိုထိုက်သလဲ။ ရုပ်ရှင်အနုပညာ ဆိုတာ ဘာကိုခေါ်သလဲ။ လူ့ဘဝထဲက သရုပ်မှန်တွေကို ဖလင်ပိတ်ကားပေါ်ဆီကို ပြန်တင်ကြဖို့ အားထုတ်ကြတာမှာ ဘယ်ရုပ်ရှင်တွေက နီးနီးကပ်ကပ် ရှိကြသလဲ။ ပြီးတော့ အနုပညာ လုပ်ငန်းစဉ်ရဲ့ ဆင့်ကဲ လူ့အဖွဲ့အစည်းနဲ့ တူယှဉ်တွဲ လိုက်ပါပြောင်းလဲ ကြရမှုတွေမှာ ဘယ်လိုရုပ်ရှင်မျိုးက အပြောင်းအလဲ မည်ထိုက်တယ်၊ ဆန်းသစ်လိုက်ပေမဲ့ စတန့်ထွင် လိုက်တာမျိုးလည်း မဟုတ်တဲ့ ရုပ်ရှင်ကား စလို့ ဒီမေးခွန်းတွေကို တစုတည်း ဖြေဖို့ အတွက်ဆိုရင် Paris, Texas ( 1984 ) ကိုပဲ လက်ညှိုးထိုးပြရပါ့မယ်။
အများအားဖြင့် ရုပ်ရှင်တွေအများစုမှာ ယခုခေတ်တိုင်အောင် ရုပ်ရှင်ဇာတ်ကြောင်းကို ပရိသတ်တွေ ဆက်ကြည့်ဖို့ စိတ်ဝင်စားနေစေဖို့ ဇာတ်လမ်းစဉ်တွေကို အခန်းစဉ် အမျိုးမျိုး ခွဲပြီး တင်ဆက်ပြသကြရတယ်။ Thriller ရုပ်ရှင်မျိုးတွေမှာဆို စုံထောက်ဝတ္ထုတွေမှာ ပါတတ်တဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို အလှည့်ကျသွားစေခြင်း အားဖြင့် ဇာတ်ဆောင်ရဲ့ အဖြစ်သနစ်က စောင့်ကြည့်သူစိတ်အာရုံကို ဆက်လက်သိစေလိုတဲ့ စိတ်ဖြစ်အောင် နှိုးဆွစေခြင်း Nonlinear Narrative လို့ ပြောကြ၊ တချို့ကတော့ အတိတ်ကို သမားရိုးကျ ပြန်လည် တင်ပြလိုတဲ့အခါမှာ ဖြူမည်းပြကွက်နဲ့ဖြစ်စေ Flashback ခေါ် ဇာတ်ကြောင်းပြန် စမြုံ့ပြန်ခြင်း အတတ်ပညာနဲ့ ပရိသတ်စိတ်အာရုံကို ဖမ်းစားလိုက်ခြင်း။ ဒါရိုက်တာကြီး Wim Wenders ကတော့ 1984 မှာတင် အဲဒါတွေကို သွေဖီခဲ့လိုက်ပြီ ဖြစ်တယ်။ သူ့ရုပ်ရှင်ထဲက ဇာတ်ကောင်က စမြင်ရတဲ့ ကနဦးပိုင်းမှာ မေးခွန်းတွေ အပြည့်နဲ့ ။
ဒီဇာတ်ကောင်နာမည်ကလည်း တိုက်ဆိုင်စရာ ဖြစ်ရ။ Travis တဲ့။ မာတင်ကြီးလက်ရာ Taxi Driver ထဲက အမည်တူဇာတ်ကောင်ကို သတိရချင်စရာ။ သူကလည်း ဒီထဲမှာ Loser အရှုံးသမား သရုပ်ပါပဲ။ အတိတ်မှာ ဘာတွေ ဖြစ်ခဲ့လဲ။ ကျနော်တို့ ဆက်ကြည့်နေရုံမှအပ မသိနိုင်။ ရှိရင်းစွဲ အသက်အရွယ်ထက် ရင့်လျော်ပိန်လှီနေတဲ့ အသွင်ကို ဆောင်နေတဲ့ Travis မှာ တက္ကဆတ်က ကန္တာရတနေရာမှာပဲ အားပြတ်လဲကျသွားတယ်။ လူသူရှိတဲ့နေရာမှာ လဲကျမေ့မျောသွားတာ ဖြစ်လို့ အသက်တော့ မဆုံးရှုံးဘူး။ ဒီလိုနဲ့ သူ့ရဲ့ညီ ဖြစ်သူဆီကို သတင်းရောက်လာပြီး ညီဖြစ်သူ Walt မှာ လိုက်သွားခေါ်ရတယ်။ တွေ့ရတော့ Travis က အခြေအနေ အတော်လေး ဆိုးနေပြီ။ စကားလည်း မပြော။ သူဟာ ဘဝကို ထမ်းထားရတဲ့ ဝဋ်ကြွေးတခုလို့ပဲ အောက်မေ့ထားတော့တဲ့ပုံ။
ဒါပေမဲ့ အဲဒီလို ဖြစ်ပျက်ခံစားနေရတဲ့ ဘဝကို တပ်မက်လိုချင်စိတ်ဖြစ်အောင် ဖန်တီးကြရတဲ့ မျှော်လင့်ချက်မဲ့ ဘဝကုန်ဆုံးရတဲ့ သူ့အဖြစ်သနစ်များမှာ ပြန်လည် နိုးထ အသက်ဝင်စေနိုင်တဲ့ ချိတ်ဆက်မှုကလေး တခုတော့ ရှိနေသေးတယ်။ သူ့မှာ Hunter ဆိုတဲ့ ရှစ်နှစ်အရွယ် သားကလေး တယောက် ရှိနေသေးတာပဲ။
Travis က သားကလေးနဲ့ ပြန်လည်ဆုံတွေ့ရချိန်မှာ အရင်လိုဘဝကနေ ပြောင်းလဲခဲ့လိုက်တယ်။ သားကလေးဆီမှာ မြင်လိုက်ရတဲ့ ချစ်စဖွယ် အမူအယာကလေးတွေ၊ ယစ်ထုပ်ကြီးလိုလို၊ အရူးကြီးလိုလို ဖြစ်နေလို့ ဝမ်းနည်းပုံ ရှက်နေပုံရတဲ့ သားကလေးနဲ့ သူတို့တွေက သွေးသားရင်းချာ သားအဖတွေ ဖြစ်တယ်ဆိုတာကို သက်ဝင်ရှင်သန်လာစေဖို့ သူ့မှာ ပြုပြင်ရပါတယ်။ အဲဒါကို ကျနော်တို့ကတော့ ချစ်ခြင်းမေတ္တာလို့ပဲ ခေါင်းစဉ်တပ်ရမှာပါပဲ။ ရုပ်ရှင်အကြောင်းအရာက ချုံ့ပြောမယ်ဆိုရင် ဘာမှ ကြီးကြီးမားမားရယ်လို့ မပါ။ မပြေလည်တဲ့ အိမ်ထောင်ရေး တခုကနေ နာကျင်မှုတွေနဲ့ လမ်းခွဲပျက်စီးသွားရပြီးတဲ့နောက်မှာ ဒီသောကတလှေကြီးကို ပိုက်ထွေးပြီး ဘဝကို အရှုံးပေးဖို့ ကြိုးစားလိုက်တဲ့ ဖခင်၊ နောက် သားကလေးကို ခဲအိုမိသားစုနဲ့ ထားပစ်ခဲ့ပြီးနောက် ဘဝရဲ့ လေနှင်ရာအလိုက် လွင့်ပါးပျောက်ကွယ်သွားတဲ့ ဇနီး။ ဒိ နောက်မှာတော့ သူတို့မိသားစုတွေ ပြန်လည်ဆုံဆည်းကြနိုင်ဖို့ Travis က ပြန်လည် ကြိုးပမ်းတဲ့ အကြောင်းသာဖြစ်တယ်။
ဆိုတော့ ဒီလိုရိုးစင်းတဲ့ ဇာတ်အိမ်ကလေးထဲမှာပဲ ကျတော်တို့တွေ အရသာခံရမှာတွေက ဘာတွေ ဖြစ်မလဲ။ ရုပ်ရှင်ဆိုတာ အထက်က ကျနော် ရေးခဲ့သလို ဇာတ်အိမ် အခန်းအကူးအပြောင်းတွေက သမရိုးကျ မဖြစ်မှလား။ အခုရုပ်ရှင်မှာ Travis ရဲ့ ရီဝေညှိုးငယ်နေတဲ့ ဇာတ်ရုပ်ကို ရှု့ထောင့်အမျိုးမျိုးကနေ ကင်မရာကို ကစားပြပြီး ဖော်ပြတာမျိုး ရှောင်ကျဉ်ထားတယ်။ အငြိမ်ရိုက်ချက်တွေနဲ့ပဲ မက္ကဆီကန် နယ်စပ်က တိတ်ဆိတ်ခြောက်ကပ်လှတဲ့ ရှုမျှော်ခင်းတွေ၊ ခေါင်ပြာအသက်မဲ့နေတဲ့ မြင်ကွင်းတွေနဲ့ လှလှပပ ပေါင်းစပ်ပြတဲ့ အခါမှာ သူ့ဇာတ်ရုပ်က ဘာမှအထူးအထွေ ပြောဖို့ မလို ခံစားပြဖို့မလိုပါဘဲ ကြွတက်ထင်ရှားလာပါတယ်။ လူသားချင်း ကနဦးဗီဇသိစိတ်ကနေ ချိတ်ဆက်လိုက်တဲ့ နားလည်မှုမျိုး ဆိုပါတော့။ Travis ဇာတ်ကောင်ဖော်ပြမှုက လိုလိုနေရင်းနဲ့ပဲ ကြည့်ရှုနေသူ ကျနော်တို့ကို နားလည်လာစေပါတယ်။
Travis ဟာ အရာရာ အရှုံးတွေလို့ချည်း ပိုက်ထွေးနေခဲ့ပုံရပြီး ဒီလို ဖြစ်ရမှုအတွက်လည်း သူ့ကိုယ်သူ ခွင့်လွှတ်ပေးနိုင်ပုံမရ။ သူ့မှာ လူ့အဖွဲ့အစည်းနဲ့ မထိုက်တန်သူ လူတယောက်လိုမျိုး အဖြစ် နာကျင်ရင်း အားငယ်နေရှာတဲ့ပုံ။ အဲဒါတွေကို ဒါရိုက်တာ Wim Wenders က နောက်ခံ သရုပ်ကိုပြတဲ့ ဖော်ပြမှုရယ် သူ့ရဲ့ ရီဝေနေတဲ့ မျက်လုံးအကြည့်နဲ့ ဆွံ့အနေသူလို ဖြစ်နေတဲ့ ပုံသဏ္ဍာန်လေးနဲ့တင် နားလည်သွားစေခဲ့တယ်။ သူဖော်ပြလိုတဲ့ စကားလုံး ဥပမေယျလေး တခုရယ်တောင်မှ ထည့်ပြောမသွားစေတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးပါဆုံး အခိုင်ကျည်ဆုံး အရာဖြစ်တဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ တဦးမေတ္တာတဦးမှာ ဆိုတဲ့ သင်္ကေတတွေက အလိုလိုနေရင်း စီးဝင်လာစေပါတယ်။
ဒါတွေအတွက် သူဘာတွေ ထပ်လုပ်ပါသလဲ။ အဲဒီ Hunter ဆိုတဲ့ ရှစ်နှစ်အရွယ်ကလေးငယ်လေးရဲ့ သရုပ်ကိုလည်း စကားတွေဖောင်လိုကျဲ အပြောမခိုင်းသလို၊ အဖေနဲ့သားအကြားကို ချိတ်ဆက်လိုက်မိပြီဖြစ်ကြောင်းကို သဘာဝကျကျပဲ ပြတဲ့ သားအဖနှစ်ယောက် ကျောင်းက အပြန် လမ်းလျှောက်ပုံ။ တွေ့မြင်ခါစက ပိန်လှီညစ်ပေနေလို့ ရှက်သွားတဲ့ အမူအယာကလေးကို မြင်ရပေတဲ့လည်း သူ့ကြောင့် ဖခင်ကြီးမှာ အသွင်ပြောင်း စိုပြည်လာတာကို မြင်ရတော့ ပျော်ရွှင်သွားတဲ့ သားကလေးရဲ့ပုံ။ ကြည့်ဖူးနေကြ Drama ကားတွေထဲကလို ကလေးကို ငိုခိုင်းတာတွေ။ တမင်တီတီတာတာ ပြောပြခိုင်းတာတွေလည်း မဖော်ပြဘူး။
ဒီအခါမှာ ကျနော်တို့ပါ ထရာဗစ် ဖြစ်သွားခဲ့တော့တာ။ ရုပ်ရှင်ဆိုတာမှာ လှိုင်းသစ်လက်ရာများ အဖြစ် ဆင့်ကဲ ပြောင်းလဲရမှုမှာ ဒီလက်ရာတွေက သက်သေပဲလို့ ပြောရမယ့် ရုပ်ရှင်လို့ပဲ ဆိုကြပါတော့။ လူ့သရုပ်စစ်စစ်တွေကို ရုပ်ရှင်အနုပညာ အတတ်ပညာ စစ်စစ်တွေနဲ့ အရှိအတိုင်း မြင်လို့ရအောင် ဖော်ပြပေးနိုင်တဲ့ လက်ရာ ဖြစ်လာစေပါတယ်။ အဲလိုကနေတဆင့်ပဲ ကျနော်တို့ဟာ ဘာမှဇာတ်အိမ် အနိမ့်အမြင့်ရယ်လို့ ဖော်ပြမထားတဲ့ ရုပ်ရှင်ကို ဆက်လက် ကြည့်ချင်လာခဲ့တယ်။ ပိုမိုဖမ်းစားလာနိုင်ခဲ့တယ်။ အဆုံးမှာ သူတို့ မိသားစုကလေးက ပျော်ရွှင်စွာ ပေါင်းဖက်ခွင့် ရပါ့မလား ဆိုတာကို ဗီလိန်လို့လည်း မပါ၊ ဇာတ်ရှုပ်ရယ်လို့လည်း မမြင်ရပါဘဲနဲ့ စိုးရိမ်စိတ်တွေ ကဲလာခဲ့ရတယ်။ ဇာတ်အိမ်ထဲကို လုံးဝဥဿုံ မျောပါခဲ့ရတော့တယ်။
ဒါဟာ Wim Wenders ကို ဘာကြောင့် ကမ္ဘာ့အကောင်းဆုံး ဒါရိုက်တာထဲက တယောက် ဖြစ်တယ်ဆိုတာကို သိလာရမှုတွေလို့ပဲ ပြောရတော့မယ့် ဆိုပါတော့။ ကျတော်ဟာ သူပြချင်တဲ့ ရုပ်ရှင်ဆန်ဆန် ဇာတ်ကြောင်းလှန်မှုတွေ မပါတဲ့ အဓိက ဗဟိုချက်ထဲကို ပြုတ်ကျသွားခဲ့ပါပြီ။ Travis ဇနီးဟောင်းကို ပြန်တွေ့ရတဲ့ အခန်းက နာကျင်ဝမ်းနည်းဖွယ်ရာ ကောင်းလွန်းလှတယ်။ စစ်အတွင်းက တိုက်ပွဲဝင်ရတော့မယ့် ချစ်လင်ကို တဖက်ကမ်းကနေ မျက်ရည်အရွှဲသားနဲ့ မြင်နေရတဲ့ ဇနီးငယ်ရဲ့ နှုတ်ဆက်နေပုံလို ဇာတ်အိမ်မျိုး မဟုတ်ပါဘဲ နာကျင်ရတဲ့ ဇာတ်ဝင်ခန်းဆိုပါတော့။ ဇနီးသည်က လိင်စိတ်နှစ်သိမ့်လိုသူများအတွက် အသုံးတော်ခံ မိန်းကလေးတယောက် ဖြစ်နေတာတဲ့။ မှန်သားကလေးကာထားတဲ့ နံရံရဲ့နောက်မှာ သူတို့က ရှိနေတာ။ တဖက်ကနေ ဖုန်းဆက်ပြီးပဲ ကိုယ်ဖြစ်ချင် မြင်ချင်တဲ့ လိင်စိတ် သာယာမှုအထွဋ်အထိပ်ရဖို့အတွက် သူတို့တွေဟာ ဖောက်သည် စိတ်အလိုအကျတိုင်း ပြောဆို ပြုမူရတာ ဖြစ်တယ်။
Travis က ရှက်စိတ် ဝမ်းနည်းစိတ်တွေ ရစ်လူးနေတဲ့ သွင်ပြင်။ ဒါတွေကို လှမ်းငေးရတဲ့ အခြားတဖက်က ကျနော်တို့ အဖို့မှာတော့ ခန့်မှန်းကြည့်ရုံ သက်သက်ပါပဲ။ သူ့ရဲ့ ယောက်ျားမဆန် အိမ်ထောင်ဦးစီး မဆန်မှုတွေကြောင့် ခုလိုဘဝရောက်နေရတဲ့ ချစ်ဇနီးအတွက် နာကျင်ဝမ်းနည်းနေပုံ။ မိမိကိုယ်ကိုယ်ပဲ ခွင့်မလွှတ်နိုင်အောင် နောင်တရ ဝမ်းနည်းနေပုံ။ တကယ်ဆိုရင် သူ့အနေနဲ့ ငါ မင်းယောက်ျား၊ ခု ငါနဲ့ လိုက်ခဲ့တော့လို့ ပြောရမှာ မဟုတ်ဘူးလား။ ခုတော့ မျက်ရည်တွေ ရီဝေနေတဲ့ အကြည့်တွေနဲ့ပဲ ဇနီးသည်ကလေးကို ငေးရီနေရှာသတဲ့။
ဒါတွေအတွက် ကျနော်တို့တွေ နားလည်ဖို့အတွက် သူတို့ဘဝတွေ အဆင်မပြေဖြစ်ခဲ့ပုံ၊ ကတောက်ကဆတွေဖြစ်၊ အိမ်ထောင်မှုဘဝ ပျက်စီးသွားခဲ့ပုံ စတာတွေကို ပြန်လည်ဖော်ပြဖို့ လိုအပ်သေးရဲ့လား။ ရုပ်ရှင်မှာ ဒီလိုပြတတ်နေရင် ဘယ်လို ဆက်တင်တွေ၊ အမိုက်စား ရိုက်ချက်တွေ၊ မဝမ်းနည်းဘဲ မနေအောင် ထည့်ပေးတဲ့ Background Score အမိုက်စားတွေ လိုအပ်လို့လား။
Wim Wenders လက်ရာ Paris, Texas မှာတော့ ဒါတွေကို မတွေ့ခဲ့ရချေ။
ငါတို့မှာ အိပ်မက်ကလေးရှိခဲ့တယ်။ ဒီ ပဲရစ် တက္ကဆတ်လို့ ဟာသသဘောပြောကြတဲ့ မြို့ကလေးမှာပဲ သူမနဲ့ ထာဝရ ရှင်သန်ပြီးဆုံးရလိမ့်မယ်လို့ အောက်မေ့ခဲ့တာလေ။ ဒါပေမဲ့ သူမ အိပ်မက်က ဒီနေရာက လွတ်မြောက်ခဲ့ချင်တာ။ ဒီနေရာက လွတ်မြောက်ခဲ့လိုတာ။
မှန်ပြတင်းချပ်ကနေ ရီဝေစွာ ကြည့်နေတဲ့ ထရာဗစ်မှာ သူမအိပ်မက်တွေ တကယ်လွတ်မြောက်တာ ဟုတ်ရဲ့လား ဆိုတာကို ရော်ရမ်းနေပုံ ရပါရဲ့။ အပြင်မှာတော့ တဆိတ် မှောင်ရီလို့နေပါပြီ။ အသက်မဲ့သလို တိတ်ဆိတ်လှတဲ့ ဒီနေရာကလေးမှာ လေယာဉ်သံတွေကလွဲလို့ တခြား မြို့ပြဆန်လွန်းတဲ့ နီယွန်အလှတွေ၊ သံပြိုင်အော်ဟစ်သလို ပွက်ပွက်ဆူနေတဲ့ ဒစ္စကို ညတွေလည်း ရှိနိုင်ဖွယ် မမြင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဘဝတွေထဲက အမှားတွေ၊ နာကျင်မှုတွေ၊ နောင်တတွေ။ အဖျော်ဆရာလက်ထဲက ခွပ်ခနဲ ထုချလိုက်လို့ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတဲ့ ရေခဲတုံး အစအနတွေလို ဖြစ်သွားခဲ့ရတဲ့ အိပ်မက်တွေ၊ ဒဏ်ရာတွေအတွက် ပကတိနီးပါး ပြောင်းလဲသွားစေမဲ့ ချစ်ခြင်းမေတ္တာကလေး တခု ရှိလို့နေခဲ့တာပဲ။
ဘယ်သူ ဖြစ်မလဲ။ သူရို့ရဲ့ သားကလေး Hunter ပေါ့။ တည်းခိုခန်းကလေးထဲမှာ နေနေခဲ့ရင်း မေမေမျက်နှာကလေးကို မြင်ရဖို့ စောင့်နေရှာတဲ့ သားကလေး Hunter ပေါ့။
ရုပ်ရှင်ရည်ညွှန်း- Paris,Texas Movie (1984)
