9
“အဖိုးကြီးကို ကြားစေချင်တယ်…”
■ ရီဗော်တီ
အဖိုးကြီးက သေရွာပြန်ပါ…။ သေရွာကနေ အဖိုးကြီးပြန်လာတာ တကြိမ်လည်းမက နှစ်ကြိမ်လည်းမကပါဘူး။ အကြိမ်ပေါင်းများစွာ သေရွာက ပြန်လာနိုင်ခဲ့တဲ့အဖိုးကြီးပါ။ ဒီရက်ပိုင်းမှာ ကျနော်ဟာ အဖိုးကြီးကို ထူးထူးခြားခြား သတိရနေမိပါတယ်။ ဒီနေရာမှာ အဖိုးကြီးလို့ ဘာလို့ခေါ်ရသလဲဆိုရင် ကျနော်တို့တပ်ဖွဲ့ထဲကို သူရောက်လာခဲ့တာ လွန်ခဲ့တဲ့ (၂၀၂၂) အစောပိုင်းကာလကတည်းကဖြစ်ပါတယ်။ တပ်ဖွဲ့ကိုဝင်လာတဲ့အချိန်ကလည်းစောသလို တပ်ဖွဲ့ဝင်တွေထဲမှာ အကြီးဆုံးဖြစ်တာကြောင့် ကျနော်တို့က သူ့ကို အဖိုးကြီးလို့ နာမည်ပေးဖြစ်ခဲ့ပါတယ်။
ကျနော်တို့စခန်းကို အဖိုးကြီးရောက်ရှိလာခဲ့ချိန်ကစပြီး လိုအပ်တာတွေပြင်ဆင်ပြုပြင်ပုံသွန်းပေးရင်း တပ်ဖွဲ့ဝင်အသစ်ဖြစ်တဲ့ အဖိုးကြီးကို စခန်းတခုလုံးက ယုံကြည်ကိုးစားစွာနဲ့ တန်ဖိုးထားမျှော်လင့်ခဲ့ကြပါတယ်။ အဖိုးကြီးက တကယ်ကိုလည်း အားကိုးရပြီး တော်လှန်ရေးရဲ့ အောင်မြင်ခြင်းမှတ်တိုင်တွေဖြစ်တဲ့ အာဏာသိမ်းစစ်တပ်စခန်းတွေကို သိမ်းပိုက်တဲ့ တိုက်ပွဲတော်တော်များကိုလည်း ရဲရင့်စွာပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ခဲ့ခြင်းတွေကိုက အဖိုးကြီးအတွက် သေရွာပြန်ဆိုတဲ့ နာမည်တွင်ဖို့ ဖြစ်လာစေခဲ့တာပါပဲ။
အဖိုးကြီးပါဝင်ခဲ့ရတဲ့ ပထမဆုံးတိုက်ပွဲကတော့ (၂၀၂၃) တောင်ကြာအင်းရဲစခန်းသိမ်းတိုက်ပွဲပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲက ကာလတိုတိုက်ပွဲတခုမဟုတ်ဘဲ အချိန်ကာလအတော်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရတဲ့တိုက်ပွဲတခုဆိုလည်းမမှားပါဘူး။ အဖိုးကြီးရဲ့ ပထမဆုံးတိုက်ပွဲမှာတင် မွေးရာပါချို့ယွင်းချက်တခုကြောင့်အားပြတ်ပြီး အမြင့်တနေရာက ပြုတ်ကျခဲ့ရပါတယ်။ အမြင့်ကလည်း မနည်းလှ။ ကျတဲ့အရှိန်ကလည်း အလွန်ပြင်းထန်ခဲ့ပါတယ်။ သို့ပေမယ့် စိုးရိမ်ရလောက်တဲ့ ဒဏ်ရာတွေတော့ မရခဲ့ပါဘူး။ အဖိုးကြီးရဲ့မူလခြေထောက်အရိုးတွေမှာတော့ စတီးရိုးတွေနဲ့ အစားထိုးခဲ့ရပါတယ်။
အားလုံးကတော့ အဖိုးကြီးကိုဆုံးရှူံးလိုက်ရပြီထင်နေခဲ့ပေမယ့် သူကတော့ ပြန်လည်နိုးထပြီး တိုက်ပွဲတွေဆီကို ဒုတိယအကြိမ် ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့တိုက်ပွဲကာလတလျှောက် အဖိုးကြီးရဲ့ မနားမနေတိုက်ပွဲဝင်ခဲ့ရတာတွေက ရဲဘော်တွေအတွက် ခွန်အားတခုဖြစ်စေခဲ့ရတာပါပဲ။ အဆုံးမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ တောင်ကြာအင်းရဲစခန်းကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ၂၀၂၃ နိုဝင်ဘာလအတွင်းမှာ အဖိုးကြီးရဲ့ ရှေ့တန်းမစ်ရှင်ဟာ ချောင်းနှစ်ခွရဲစခန်းဆီ ဦးတည်ခဲ့ပြန်ပါတယ်။
ချောင်းနှစ်ခွရဲစခန်းတိုက်ပွဲစဖြစ်ကတည်းက အဖိုးကြီးဟာ တာဝန်ကျေစွာနဲ့ တိုက်ပွဲမှာ အားအကိုးရဆုံး ရဲဘော်တဦးဖြစ်ခဲ့ပါတယ်။ တိုက်ပွဲစတင်ပြီး ရက်အနည်းငယ်အကြာမှာတော့ စိတ်မကောင်းစရာသတင်းကို စကားပြောစက်မှာ ကြားခဲ့လိုက်ရပါတယ်။ အဲ့တာကတော့ အဖိုးကြီးအနေနဲ့ တာဝန်ထမ်းဆောင်ဖို့စတင်ထွက်ခွါပြီး မကြာခင်မှာပဲ သူ့ဆီမှာပါတဲ့ ဗုံးသီးတွေနဲ့အတူ အနားမှာရှိတဲ့ ထန်းပင်ကြီးကို အရှိန်ပြင်းစွာ ဝင်တိုက်မိပြန်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဗုံးသီးတွေ မကွဲခဲ့တာကြောင့် အဖိုးကြီးရဲ့အသက်နဲ့ခန္ဓာတစစီဖြစ်မယ့်ဘေးကနေ လွတ်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့်လည်း အဖိုးကြီးရဲ့ လက်တဖက်ကတော့ လက်မောင်းအဆစ်ကနေ ကျိုးခဲ့ရတာပါပဲ။ ရန်သူရှိရာနေရာနဲ့ အလှမ်းဝေးနေခဲ့သေးတာကြောင့် အဖိုးကြီးကို အလွယ်တကူ ပြန်လည်ရရှိခဲ့ပြီး နောက်တန်းမှာ အနားပေးရင်း လက်တဖက်ကို အချိန်ယူ ပြန်လည်ကုသရပါတယ်။ ဒီလိုနဲ့ပဲအဖိုးကြီးဟာ ဒုတိယအကြိမ် သေရွာကပြန်လာနိုင်ခဲ့ပြန်ပါတယ်။
၂၀၂၄ ဩဂုတ်လမှာတော့ အဖိုးကြီးလည်းဒဏ်ရာတွေ သက်သာပျောက်ကင်းပြီး ရှေ့တန်းထွက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ အမာရွတ်တွေနဲ့ အဖိုးကြီးရဲ့ဘော်ဒီဟာ မြင်ရသူရဲဘော်တွေအဖို့ စိတ်မသက်မသာဖြစ်စေပေမယ့် အဖိုးကြီးကတော့ သန်မာမှုအပြည့်ပါပဲ။ ဒီလိုနဲ့ ကျုံဒိုး – ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးပေါ်က ကိုးတိုင်တိုက်ပွဲကို ဝင်တိုးဖို့ အဖိုးကြီးရှေ့တန်းရောက်ခဲ့ပြန်ပါတယ်။
တိုက်ပွဲရက်ကြာလာတာနဲ့အမျှတဖက်ကရန်သူဟာ ခံရတာများလာတော့ တော်လှန်ရေးရဲဘော်တွေရဲ့ဗျူဟာကိုအလွတ်ရသွားဟန်တူပါတယ်။ တိုက်ပွဲဝင်ဖို့ တာဝန်အပြည့်နဲ့ ထိုးတက်သွားတဲ့အဖိုးကြီးခမျာ ရှေ့ထွက်ရက်အနည်းငယ်ကြာလာချိန်မှာပဲ ရန်သူရဲ့ပစ်ချခြင်းကို ခံရပြန်ပါတယ်။ ပစ်ချမခံရခင်အထိ အဖိုးကြီးရဲ့နာမည်က ရဲဘော်တွေရဲ့စကားပြောစက်ထဲမှာနေ့စဉ်နဲ့အမျှ တောင့်တခြင်းခံခဲ့ရသူပါ။ ဒီလိုတောင့်တခြင်းခံရတာကိုက အဖိုးကြီးအတွက် ရန်သူအငြိုးခံခဲ့ရဟန်ရှိပါတယ်။ အားလုံးကလည်း အဖိုးကြီးပစ်ချခံရတဲ့သတင်းကိုကြားတာနဲ့ နောက်တန်းကို ပြန်ဆွဲထုတ်ဖို့ ပြင်ကြပါတယ်။ ဒီလိုနဲ့ ဒဏ်ရာများစွာနဲ့ အဖိုးကြီး ကျနော်တို့ဆီ ပြန်ရောက်လာခဲ့ပါတယ်။ ကံကောင်းတာက ပြန်လည်ကုသနိုင်တဲ့ဒဏ်ရာတွေကိုသာ အဖိုးကြီးရခဲ့တာပါပဲ။
စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်ကိုစစ်ဆင်ရေးဖော်ဆောင်တဲ့အခါ အာရှလမ်းမကြီးဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ်အတွက် အရေးပါတဲ့ဒီလမ်းမကြီးပေါ်ကစခန်းတွေကို တော်လှန်ရေးတပ်တွေက တဟုန်ထိုး တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့ ဒီလမ်းမကြီးပေါ်က တိုက်ပွဲတွေဟာ ရက်ပိုင်းခဏနဲ့ မပြီးသွားခဲ့ပါဘူး။ အဲ့ဒီပြင်းထန်တဲ့တိုက်ပွဲတွေမှာ အဖိုးကြီးကလည်း ရှေ့ဆုံးက ပါဝင်ခွင့်ရခဲ့ပြန်ပါတယ်။ ကိုးတိုင်တိုက်ပွဲမှာ ပစ်ချခံရတဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ရတဲ့အဖိုးကြီးက လအတော်ကြာ အနားယူပြီးတဲ့နောက် ၂၀၂၅ ဧပရယ်မှာ စတင်ဖြစ်ပွါးခဲ့တဲ့ ငါးတိုင်တိုက်ပွဲမှာလည်း ရှေ့ဆုံးက ပါဝင်ခဲ့ပြန်ပါတယ်။ ဒါဟာ အဖိုးကြီးအတွက်တော့ သုံးကြိမ်မြောက်သေရွာက ပြန်လာခဲ့တာဖြစ်ပြီး တိုက်ပွဲတခုဆီ ဦးတည်ခဲ့ခြင်းပါပဲ။
တိုက်ပွဲတွေတိုင်းမှာ အမြဲတမ်း ရွပ်ရွပ်ချွံချွံ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့တဲ့ အဖိုးကြီးက အခုတော့ ထာဝရအနားယူသွားခဲ့တာ လပိုင်းမျှကြာခဲ့ပါပြီ။ ကျနော်တို့ဆီကို အဖိုးကြီးဟာ ဒီတခါမှာတော့ ပြန်မလာခဲ့တော့ပါဘူး။ ပေးတဲ့တာဝန်ကို အမြဲတမ်း ကျေပြွန်စွာထမ်းဆောင်ခဲ့တဲ့အဖိုးကြီးက ၂၀၂၅ ဇွန်လကဖြစ်ပွါးတဲ့ ခုနှစ်တိုင်တိုက်ပွဲမှာ ရန်သူရဲ့အဆင့်မြင့်နည်းပညာဂျန်မာတွေကြောင့် အမြင့်ပေ (၈၀၀) လောက်မှာ ပျောက်သွားခဲ့တာ ယနေ့အထိပါပဲ။ တိုက်ပွဲအမှတ်တရတွေ ပြန်ပြောဖြစ်ကြတဲ့အခါတိုင်း အဖိုးကြီးဟာ ထိပ်ဆုံးက ပါပါလာတတ်ပြီး ရဲဘော်တွေအတွက် မေ့မရတဲ့ ရဲဘော်ကြီးပါပဲ။ အဆုံးမှာတော့ သူပျက်ကျသွားတဲ့နေရာကို သိထားခဲ့ပေမယ့်လည်း ရန်သူရဲ့စိုးမိုးနယ်မြေထဲမှာဖြစ်နေတာကြောင့် ပြန်လည်ရယူဖို့ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့စခန်းဆီ အဖိုးကြီး ပြန်လည်ရောက်ရှိလာမယ့်နေ့ကိုတော့ အားလုံး မျှော်နေမိပါသေးတယ်။ ဒီတကြိမ်မှာရော သေရွာကနေ အဖိုးကြီးပြန်လာနိုင်ပါဦးမလား…။
“ဒီတခါ အဖိုးကြီးပြန်လာရင်တော့ဗျာ သေချာပြန်
ပြင်ဆင်ပြီး စခန်းမှာသိမ်းထားတော့မှာဗျ…ရှေ့တန်းကိုမထည့်တော့ဘူး” ဆိုတဲ့ ကျနော်တို့ ရဲဘော်တွေရင်ထဲကအသံတွေကို အဖိုးကြီးကြားစေချင်ပါသေးတယ်…။
#4102025-6:02TD
