Belgian Malinois ကို အနိုင်ယူပြခဲ့တဲ့ အာဂသမီးလေး ဟေဇယ်

လူ​နော်

by The Call
‘Belgian Malinois ကို အနိုင်ယူပြခဲ့တဲ့ အာဂသမီးလေး ဟေဇယ်’
◼️ လူ​နော်
ရက်စွဲ- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် (တနင်္လာနေ့)
ဒီနေ့သည် ကျ​နော်တို့၏ ရင်ထဲမှ အသည်းနှလုံးကို ဆွဲထုတ်သွားသည့်နေ့ ဖြစ်သည်။ စစ်ပွဲ၏ မီးသည် လူသားတို့ကိုသာမက အပြစ်ကင်းစင်သော သက်ရှိလေးများအပေါ်ပါ မီးလောင်တိုက်သွင်းခဲ့ရာ၊ ထိုမီး၏ သားကောင်ဖြစ်ခဲ့ရသူများတွင် ဟေဇယ် ပါဝင်သွားခဲ့ပြီ။ သူမသည် ဗန်းမောက်စစ်မြေပြင်မှ လွတ်မြောက်လာသော စစ်ဘေးရှောင် ခွေးမလေးတဦးဖြစ်ပြီး၊ လသားအရွယ်မျှသာ ရှိသေးသော်လည်း စစ်၏ အနိဋ္ဌာရုံများကို ထွင်းဖောက်မြင်ခဲ့ရသော အာဂသမီးလေးတယောက်ပင် ဖြစ်သည်။
ဟေဇယ် စရောက်လာစဉ်က သူမ၏ မျက်ဝန်းများသည် အရာရာကို နားလည်သလို တည်ငြိမ်နေခဲ့သည်။ အပြင်ပန်းအားဖြင့် အနေအေးပြီး လိမ္မာမည့်ပုံ ပေါက်သော်လည်း ထိုတည်ငြိမ်မှုအောက်တွင် တက်ကြွပြီး ဆော့ကစားလိုသော၊ သန်မာသော စိတ်ဓာတ်များ ကိန်းအောင်းနေသည်ကို အတူနေဖူးသူများသာ သိရှိခဲ့ကြသည်။ အစပိုင်း၌ ကလေးပီပီ လိမ္မာရေးခြား မရှိရှာသော်လည်း၊ ဆူပူသောအခါ မျက်ဝန်းဝိုင်းလေးများဖြင့် ပြန်ကြည့်တတ်သောကြောင့် စိတ်မဆိုးရက်ခဲ့။ နောက်ပိုင်းတွင်မူ သူမသည် မိမိကိုယ်ကို အလိုက်တသိ ထိန်းသိမ်းတတ်သော သမီးလေးတယောက် ဖြစ်လာခဲ့သည်။
သူမ၏ လိမ္မာပုံ၊ အိမ်ဝတွင် အမြီးလေးတနှံ့နှံ့ဖြင့် ကြိုဆိုပုံများသည် ရင်ထဲတွင် မြဲမြံစွာ ကျန်ရစ်နေဆဲ ဖြစ်သည်။ သို့သော် ဟေဇယ်၏ လက်စွမ်းအစစ်အမှန်မှာ အောက်ထပ်ဧည့်သည်များအပေါ်၌ ဖြစ်သည်။ တနေ့တမျိုး မရိုးရအောင်ကို ဧည့်သည်များကို ဒုက္ခပေးတတ်သည်။ သောက်ရေခွက်ကို တမင်တကာ မှောက်ချကာ အောက်ထပ်မှ လူများကို ရေချိုးပေးလိုက်ခြင်းမှာ သူမ၏ အပျော်ဆုံး ကစားနည်းတခုလိုပင်။ ထို့ပြင် သူ့ကို အသည်းအသန် ချစ်သော ကျ​နော့်ကိုပင် သွေးထွက်အောင် ကိုက်ပြီး ဆော့ကစားတတ်သည့်အကျင့်၊ မျက်နှာပေါ် တက်ထိုင်တတ်သည့် အကျင့်ဆိုးလေးများ ရှိခဲ့သည်။ သူတပါး ဒုက္ခရောက်သည်ကို ကြည့်ကာ ပျော်ရွှင်နေတတ်သော ထိုအကျင့်ဆိုးလေးကိုပင် ယခုအခါ တမ်းတမိသည်အထိ သူမ၏ အမှတ်တရများက ကျ​နော်တို့ ရင်ထဲ၌ မမေ့နိုင်အောင် စွဲထင်ကျန်ရစ်ခဲ့သည်။
ဟေဇယ်သည် သာမန်ခွေးမလေးတကောင် မဟုတ်ပေ။ သူမ၏ အမှတ်တရများထဲတွင် အထင်ရှားဆုံးနှင့် အမှတ်ရစရာအကောင်းဆုံးမှာ မျိုးရိုးမြင့် ခွေးကြီးများနှင့် ယှဉ်ပြိုင်ရဲသည့် သတ္တိ ပင်ဖြစ်သည်။ ကမ္ဘာကျော်ပြီး သန်မာထွားကျိုင်းသော Belgian Malinois ခွေးကြီးနှင့် နပန်းသတ်တိုင်း ဟေဇယ်သည် ဘယ်တော့မှ အရှုံးမပေးခဲ့။ သူမသည် ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင်၍ မရသော်လည်း စိတ်ဓာတ်ချင်း ယှဉ်ပြိုင်သောအခါ အမြဲတမ်း အသာစီးကို ရယူခဲ့သည်။
Belgian Malinois ကြီး၏ ခေါင်းပေါ်သို့ တက်ဖိကာ “ငါကွ” ဟု ကြွေးကြော်နေသယောင် အနိုင်ယူပြတတ်သော ဟေဇယ်သည် တကယ့်ကို အာဂအမျိုးသမီးလေး ဖြစ်သည်။ လည်ပတ်လေးဝတ်ဆင်ကာ လှပနေတတ်သော်လည်း မည်သည့်မျိုးနွယ်မှန်း တိတိကျကျ မသိရသော ဟေဇယ်သည် ကျ​နော်တို့အတွက် မျိုးရိုးအဆင့်အတန်းကို ကျော်လွန်သော ဂုဏ်ယူစရာ သမီးငယ်လေးတယောက်ပင် ဖြစ်ခဲ့သည်။ သူမသည် တော်လှန်ရေး၏ ခရီးကြမ်းကို မသိမသာ လိုက်ပါခဲ့သူ၊ ခွန်အားပေးခဲ့သူတဦး ဖြစ်သည်။ ကျ​နော်တို့ မနက်ပိုင်း PT ပြေးပြီဆိုလျှင် Belgian Malinois နှင့်အတူ နောက်မကျအောင် လိုက်ပြေးတတ်သူ၊ “ရှေ့ကြည့်၊ သတိ” တောင် လုပ်ရလောက်အောင် တက်ကြွသူဖြစ်သည်။ တော်လှန်ရေးဆိုသည်ကို သူမ နားမလည်သော်လည်း သူမ ရှင်သန်ရာ ရပ်ဝန်းတွင် အများသူငှာနှင့်အတူ လုပ်ကာ စားသောက်နေထိုင်ခဲ့သူ ဖြစ်သည်။
သို့သော်လည်း ရက်စက်သော ကံကြမ္မာသည် ကျ​နော်တို့ကို သနားညှာတာခြင်းမရှိဘဲ အပြစ်ကင်းစင်သော ဟေဇယ်အပေါ်ပါ ရက်စက်လွန်းခဲ့သည်။ ယခု ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့တွင် ကောင်းကင်ယံမှ ကျရောက်လာသော လေကြောင်းတိုက်ခိုက်မှုတခုက ဟေဇယ်ကို ကျ​နော်တို့၏ ရင်ခွင်ထဲမှ အပြီးအပိုင် ဆွဲထုတ်သွားခဲ့သည်။ ဗန်းမောက်မှ သယ်ဆောင်လာခဲ့သော သူမ၏ အသက်ရှင်သန်လိုစိတ်၊ Belgian Malinois ကို အနိုင်ယူခဲ့သော သူမ၏ မာန်မာနများ၊ အခန်းတွင်းမှ သူမ၏ ဆော့ကစားသံများ အားလုံးသည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရပြီ။
ယခုမူ သူမ၏ အမှတ်တရများသာ ကျန်ရစ်ခဲ့သည်။ “သမီးရေ… ဟေဇယ်… ညည်း အောက်ထပ်ကို ရေမှောက်ချဦးလေ၊ အိမ်အနှံ့ လျှောက်သွားဦးလေဟယ်…” ဟု ခေါ်ဝေါ်မြည်တမ်းမိသော်လည်း သူမသည် အလျင်အမြန် ငြိမ်သက်သွားခဲ့ပြီ။ သူမ၏ ဟောင်သံလေးများ၊ အောက်ထပ်ကို ရေမှောက်ချတတ်သော နောက်ပြောင်မှုလေးများသည် အခုတော့ လွမ်းစရာ သက်သက်သာ ကျန်ရစ်ခဲ့သည်။
ဘာအမျိုးအစားမှန်း မသိခဲ့ရသော်လည်း တကယ့်လူသားတဦးကဲ့သို့ ချစ်ခင်ခဲ့ရသော ကျ​နော်တို့၏ သမီးငယ်လေး။
ကောင်းရာသုဂတိ ရောက်ပါစေ သမီးရေ။ ဘဝဆက်တိုင်းမှာ စစ်ဘေးမရှိတဲ့၊ ငြိမ်းချမ်းတဲ့ ကမ္ဘာတခုမှာ ကျ​နော်တို့ ပြန်ဆုံကြပါဦးမည်။ ထိုအချိန်အထိ၊ သမီးကို အမြဲတမ်း သတိရနေပါ့မယ်…။
ဟေဇယ်
အသက် ၃ လသားဝန်းကျင်
လေကြောင်းကြောင့် ကျရှုံးသည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment