Beyto (2020)

‘Beyto (2020)’
◼️ထွင်
ဘေတို့လိုအဖြစ်မျိုး နိုင်ငံတိုင်းဆီမှာရှိကြတဲ့ LGBT တွေ ကြုံတွေ့ခဲ့ကြရမှာပါ။ (လူသားချင်း စာနာထောက်ထားစိတ် အပြည့်အဝ ရှိသွားပြီဖြစ်တဲ့ နိုင်ငံတွေမှာတော့ ကြုံရမှာ မဟုတ်တော့ဘူး) အရင်ကလည်း ကြုံခဲ့မယ်၊ အခုလည်း ကြုံနေတယ်၊ နောင်လည်း ကြုံနေရဦးမှာပါပဲ။ ကြုံနေရမှာကတော့ လူသားချင်း စာနာထောက်ထားစိတ် မရှိသေးသရွေ့ပေါ့။
LGBT လူစားတွေဟာ နိုင်ငံတိုင်းမှာရှိပါတယ်။ LGBT စိတ်ဟာ နိုင်ငံမရွေးဘူး ရှိနေမယ်။ နိုင်ငံမရွေးသလို လူတန်းစားလည်း မရွေးဘူး ရှိနေမယ်။ လူဆင်းရဲမရွေး၊ လူချမ်းသာမရွေး၊ မသန်စွမ်းသူမရွေး၊ ပညာတတ်မရွေး၊ ပညာမဲ့မရွေး ရှိနေမယ်။ ကုန်ကုန်ပြောရရင် ကမ္ဘာတည်သရွေ့ ရှိနေမယ်။
ကမ္ဘာတည်သရွေ့ရှိနေမယ့် LGBT စိတ်ဟာ မွေးရာပါပါပဲ။ တချို့ LGBT များကတော့ ငယ်ငယ်ကတည်းက LGBT မှန်း ကိုယ့်ကိုယ်ကိုယ် သိကြတယ်။ တချို့ကျတော့ ကြီးလာမှ သိကြတယ်ပေါ့။
ကြီးလာမှ သိတယ်ဆိုတာမျိုးက ဒီလိုပါ။ ဥပမာပေါ့။ အမြင်အာရုံ မသန်စွမ်းသူဟာ ငယ်ငယ်က အမြင်ကောင်းပြီး ဆယ်ကျော်သက် အရွယ်လောက် ရောက်တဲ့အခါမှ အမြင်အာရုံ မသန်စွမ်းလာသလိုမျိုး။ အကြားအာရုံ မသန်စွမ်းသူဟာ ငယ်ငယ်က အကြားအာရုံကောင်းပြီး ဆယ်ကျော်သက်အရွယ်လောက် ရောက်သည့်အခါမှ အကြားအာရုံ တဖြည်းဖြည်း မသန်စွမ်းလာသလိုမျိုး။ ဒီလိုပါပဲ။ LGBT ရှိသူဟာ ငယ်ငယ်က သူ့ကိုယ်သူ လိင်တူချစ်သလား၊ လိင်ကွဲချစ် သလား မခွဲခြားတတ်သေးဘူး။ ဆယ်ကျော်သက်အရွယ် လိင်နဲ့ပတ်သက်တဲ့ ခံစားမှု ရှိလာတဲ့အခါမှ သူဟာ လိင်တူဆက်ဆံရမှ ကြိုက်သလား၊ လိင်ကွဲနဲ့ ဆက်ဆံရမှ ကြိုက်သလား ကိုယ့်ကိုယ်ကိုယ် သိလာတာမျိုးပေါ့။
အဲဒီလို အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူနဲ့ LGBT စိတ် ရှိသူတို့ရဲ့ အဆင့်ဆင့်ဖြစ်လာတဲ့ သဘာဝကို ပုံမှန်လူသားတွေ (အမြင်အာရုံ ကောင်းသူ၊ အကြားအာရုံ ကောင်းသူ၊ LGBT စိတ် မရှိသူ)​ တွေက သိနားလည် လက်ခံတတ်မယ်ဆိုရင် လူသားချင်း စာနာထောက်ထားစိတ် အပြည့်အဝ ရှိသူပါပဲ။ အဲဒီလိုသဘာဝကို ပုံမှန်လူသားတိုင်း သိနားလည်လက်ခံဖို့ ခက်ခဲပါတယ်။ သိနားလည် လက်ခံနိုင်ဖို့ဆိုရင် ပညာတတ်ရမယ်၊ အသိဉာဏ်ရှိရမယ်။ ရှိရမယ့် အသိဉာဏ်ဆိုတာကလည်း မွေးရာပါနဲ့ ဆိုင်ပြန်သေးတယ်။ သိနားလည် လက်ခံဖို့ မွေးရာပါဉာဏ်ရည် မပါပြန်ရင်တော့ သဘာဝကို သဘာဝလို့ လုံးဝ မြင်ပေးနိုင်မှာ မဟုတ်၊ လက်ခံပေးနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီလို မြင်မပေးနိုင်၊ လက်ခံမပေးနိုင်သူတွေကြောင့် အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူ၊ LGBT စိတ် ရှိသူတို့မှာ ခွဲခြားမှုမျိုးစုံ၊ စိတ်ဒဏ်ရာမျိုးစုံနဲ့ ကြုံကြရတတ်ပါတယ်။
ဘယ်လို ခွဲခြားမှု၊ ဘယ်လို စိတ်ဒဏ်ရာမျိုးလဲဆို အမြင်အာရုံ မသန်စွမ်းသူတွေကိုတော့ မင်း ငယ်ငယ်တုန်းက မျက်စိကောင်းပါတယ်ကွာ၊ ဂိမ်းတွေတအားဆော့လို့၊ စာတွေတအားကျက်လို့ နေမှာပါ ဆိုသလိုမျိုး။ အကြားအာရုံ မသန်စွမ်းသူတွေကိုကျတော့ မင်း ငယ်ငယ်တုန်းက နားကြားပါတယ်၊ မင်းက မထီလို့၊ ခေါ်တာကို မကြားယောင်ဆောင်လို့ အလိုလို နားလေးသွားတာ နေမှာပါ ဆိုသလိုမျိုး။ Gay စိတ် ရှိသူတွေကိုကျတော့ မင်းက ဂေးနဲ့မတူပါဘူး၊ ဘာလို့ ယောကျ်ားတွေကို ရင်ခုန်နိုင်ရတာလဲကွာ၊ ယောကျ်ားတွေက ဘာအရသာရှိလို့လဲ၊ ကောင်မလေးတွေကမှ ကောင်းတာပါကွ ဆိုသလိုမျိုး။
ဒီရုပ်ရှင်ထဲမှာ ဘေတိုဆိုတဲ့ ကောင်လေးဟာ LGBT တယောက်ပါ။ Gay စိတ် ရှိသူပေါ့။ ရေကူးချန်ပီယံပီပီ တောင့်တောင့်ဖြောင့်ဖြောင့် ဘော်ဒီနဲ့။ အလွန်အင်မတန် ယောကျ်ားပီသတဲ့ရုပ်ရည်၊ ဘော်ဒီအရပ်အမောင်းနဲ့ ပြည့်စုံတယ်။ ဆိုတော့ ဘယ်လိုမှ ဂေးတယောက်လို့ ထင်ရက်စရာမရှိဘူးပေါ့။
ဘေတိုက အီတလီနိုင်ငံသား။ နေတော့ ဆွစ်ဇာလန်နိုင်ငံမှာ။ ကျောင်းလည်းတက်ရင်း၊ ဝါသနာပါရာ ရေလည်းကူးရင်း မိဘတွေနဲ့ အတူတူနေတယ်။ မိဘတွေက သာမန်စားသောက်ဆိုင်ကလေးနဲ့၊ မချမ်းသာဘူး။
ဆွစ်ဇာလန်နိုင်ငံဟာ လူသားချင်း စာနာထောက်ထားစိတ် အတော်ကလေး ပြည့်ဝတဲ့နိုင်ငံလို့ ပြောလို့ရတယ်။ လိင်တူချစ်ခြင်းကို မရှုတ်ချကြဘူး။ နားလည်ပေးကြတယ်။ လိင်တူချစ်တဲ့သူတွေဟာလည်း ပွင့်ပွင့်လင်းလင်း နေထိုင်ကြတယ်။ LGBT Pride ပွဲတွေလည်း ကျင်းပကြတယ်။
အီတလီနိုင်ငံကတော့ ဆွစ်ဇာလန်နိုင်ငံလို မဟုတ်ဘူး။ လိင်တူချစ်ခြင်းကို ရှုတ်ချသူ၊ နားလည်မပေးသူ၊ လိင်တူချစ်တာကို လွဲမှားနေတယ်လို့ မြင်သူတွေရှိတယ်။ ဘာသာရေး အစွန်းရောက်တွေလည်း ရှိတယ်။ ဘာသာရေး အစွန်းရောက်သူတွေက လိင်တူချစ်ရင် အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်ရောက်နေတယ်လို့ ယူဆကြတယ်။ ဒါကြောင့်လည်း သူများနိုင်ငံမှာ လာနေပြီး သူများနိုင်ငံက LGBT တွေကို ရှုတ်ချတယ်၊ ပြစ်တင်တယ်၊ အတင်းတုပ်တယ်။ LGBT တွေကို နားလည်လက်ခံပေးနေသူတွေကို အဆိပ်ပင် ရေလောင်းနေတယ်လို့ ပြောနေကြတယ်။ အဲဒီလူတွေထဲမှာ ဘေတိုရဲ့ မိဘတွေလည်း ပါဝင်တယ်။
ဘေတိုက မိဘတွေအကြောင်းသိတော့ သူ့ရဲ့ ဂေးစိတ်ကို မျိုသိပ်ထားရတယ်။ မိဘတွေက လုံးဝ လက်ခံမှာ မဟုတ်လို့ဘဲ။
တခါတော့ ဘေတိုက သူ့စိတ်အမှန်ကို မိဘတွေကို ဖွင့်ပြောဖို့ ကြိုးစားခဲ့ဖူးတယ်။ သားရဲ့ သူငယ်ချင်းတယောက်က ဂေးနေတဲ့အကြောင်းပေါ့။ သည်တော့ ဘေတို့အမေက ပြန်ပြောတယ်။ အဲဒီ မကောင်းဆိုးရွားဝင်နေတဲ့ လူတွေအကြောင်းကို မကြားချင်ပါဘူး၊ သေရင် ငရဲကျမယ့်ဟာတွေ၊ နင်ကလည်း ဘာလို့ အဲဒီလိုလူတွေအကြောင်း တအား စိတ်ဝင်စားနေတာလဲ။ ဘေတို့အမေရဲ့ စိတ်ဓာတ်ကတော့ ပစ်ပစ်ခါခါပါပဲ။
ဘေတိုဟာ ဆွစ်ဇာလန်နိုင်ငံသား ရေကူးနည်းပြဖြစ်တဲ့ မိုက်ခ်နဲ့ ချစ်နေကြတယ်။ မိုက်ခ်က ဆွစ်နိုင်ငံသားပီပီ ဂေးဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းနေထိုင်တယ်။ LGBT Pride ပွဲတွေ တက်တယ်။ မိုက်ခ်က ဘေတို့ကို LGBT PRIDE ပွဲထဲ လာခဲ့ပါဆိုလို့ ဘေတိုလည်း မိဘတွေမသိအောင် သွားခဲ့တယ်။ LGBT ပေါင်းစုံနဲ့ ပျော်လို့ ရွှင်လို့ပေါ့။
ဒါကို ဘေတို့မိဘတွေရဲ့ သူငယ်ချင်းတွေက မြင်သွားတယ်။ အဲဒီတော့ ဘေတို့မိဘတွေကို ပြောတာပေါ့။ အဲဒီတော့ ဘေတို့မိဘတွေကလည်း ဘေတို့ကို မေးတာပေါ့။ ဒေါသတွေနဲ့ မေးတာ။ မျက်နှာတွေကများ စားဝါးတော့မတတ်။ ဂေးတယ်ဆိုတာ မွေးရာပါသဘာဝလို့ လက်မခံဘဲ ကိုယ်တိုင်က ဂေးချင်လို့ကို ဂေးပစ်လိုက်တာလို့ ယူဆလိုက်တဲ့ သဘောမျိုးနဲ့ကို မေးတာ။ အဲဒီတော့ ဘေတို့ခမျာမှာလည်း ငိုချင်စိတ်လေးနဲ့ လိမ်ညာလိုက်ရတယ်။ သား မသွားခဲ့ပါဘူးလို့။ သွားခဲ့တယ်လို့ အမှန်အတိုင်း ဝန်ခံလိုက်ရင် သတ်မှာက အသေအချာပဲကိုး။
ဘေတို့မိဘတွေကို သွားတိုင်တဲ့ မိန်းမတွေကလည်း တကယ်ကို အတင်းတုပ်တဲ့မိန်းမတွေ။ ဘေတို ဂေးနေတဲ့အကြောင်း တရပ်ကွက်လုံးသိအောင်ကို လိုက်အတင်းတုပ်ကြတာ။ ဒါ့ကြောင့် တချို့တွေက ဘေတို့မိဘတွေကို လာဖျောင်းဖျတယ်။ မင့်သားကို သေချာထိန်းပါတဲ့။ မကောင်းတဲ့လမ်းတွေ မလိုက်မိပါစေနဲ့တဲ့။ သည်လိုတွေ ပြောလာကြဖန်များတဲ့အခါ ဘေတို့မိဘတွေကလည်း ဆုံးဖြတ်ချက်တခုကို ချလိုက်ကြတယ်။
ရွာမှာ ပွဲတော်ရှိလို့ တမိသားစုလုံး ပြန်မယ့်အကြောင်း၊ ဘေတိုနဲ့ ငယ်ငယ်ကတည်းက မောင်နှမလို သံယောဇဥ်ရှိကြတဲ့ ဆေးဟာဆိုတဲ့ မိန်းကလေးနဲ့ အတင်းပေးစားမယ့်အကြောင်း၊ ပေးစားမယ့်အကြောင်းကို ဘေတို့ကို အသိမပေးဘဲ ပေးစားမယ့်နေ့မှသာ ဘေတို့ကို အသိပေးကြဖို့ အားလုံးကို တိုင်ပင်ထားမယ့်အကြောင်း၊ ဘေတိုသာ လက်ထပ်လိုက်ရင် ဘေတို့ကို ဂေးဆိုပြီး အတင်းတုပ်နေတဲ့ ပါးစပ်ပေါက်တွေ ပိတ်သွားမယ့်အကြောင်း စသဖြင့်ပေါ့။
ဘေတိုကတော့ သားက နိုင်ငံ့ကိုယ်စားပြု ရေကူးချန်ပီယံဖြစ်ဖို့အတွက် လေ့ကျင့်ချင်လို့ မလိုက်ချင်တဲ့အကြောင်း ငြင်းဆိုပေမယ့် မင်းကိုယ်မင်း တူရကီသားဆိုတာ မမေ့နဲ့၊ ဘာလို့ ဆွစ်နိုင်ငံအတွက် ကိုယ်စားပြုချင်နေရတာလဲ ဆိုပြီး မရမက ခေါ်သွားကြတယ်။
ရွာရောက်တော့ တရွာလုံးက ဘေတိုနဲ့ဆေးဟာ လက်ထပ်မယ့်အကြောင်း သိနေကြပေမယ့် ဘေတိုက မသိသေးဘူး။ လက်မထပ်မီ ညပိုင်း ရောက်ခါနီးလေးမှ ဉာဏ်ရည်မသန်စွမ်းတဲ့ ကောင်လေးပြောလို့ ဘေတိုသိရတယ်။ သည်တော့ လူတွေက လှောင်ကြပါရော။ အသိနောက်ကျတဲ့အကျင့်ကကို မပျောက်သေးဘူးပဲဆိုပြီး။
ဘေတိုကတော့ သိသိချင်း မိဘတွေဆီ ပြေးတယ်။ သား ဆေးဟာကို လက်မထပ်ချင်တဲ့အကြောင်း၊ သားက ယောကျ်ားတွေကို ကြိုက်တဲ့အကြောင်း၊ သားကို ဆေးဟာနဲ့ ပေးစားရင် သားရော ဆေးဟာရော ပျော်ရွှင်မှာ မဟုတ်တဲ့အကြောင်း။ သည်တော့ မိဘတွေက ပြန်ဖျောင်းဖျတယ်။ သားက ငယ်ပါသေးတယ်။ ဘယ်ဟာက ကောင်းတယ် မကောင်းဘူးဆိုတာ သားကိုယ်သားတောင် မသိသေးဘူး။ အဖေနဲ့အမေတို့က သားကောင်းဖို့အတွက် လုပ်နေတာပါ။ တနေ့နေ့ကျရင် သားက အဖေနဲ့အမေတို့ကို ကျေးဇူးတင်နေမှာပါ ဆိုပြီး။ ဟင့်အင်း သား မိုက်ခ်ကိုပဲ ချစ်တယ်၊ အဖနဲ့အမေ သားကို ပြောင်းလဲလို့မရဘူး။ ဖြန်း ဖြန်း ငါ ဒေါသထွက်အောင် မလုပ်နဲ့၊ ငါ့ကို ပြန်ခံပက်မပြောနဲ့၊ ဆေးဟာကို လက်ထပ်ဆို လက်ထပ်ရမယ်၊ အေး လက်မထပ်လို့ကတော့ နိုင်ငံကူးလက် မှတ်ကို မီးရှို့ပစ်မယ်၊ ပြီးရင် မင်းကို စစ်ထဲပို့မယ်၊ ဒါမှ သူတို့က မင်းကို ယောကျ်ားပီသအောင် ပြောင်းလဲပေးမှာ။ ဘေတိုလည်း မိဘတွေကို ပြောမရတဲ့အဆုံး ဆေးဟာဆီ ပြေးတယ်။ ငါက ဂေးပါ၊ ဂေးဖြစ်တဲ့ငါ့ကို နင် လက်မထပ်ပါနဲ့ ငြင်းလိုက်ပါ၊ နင်ကောင်းဖို့ပါဆိုပြီး ဝန်ခံဖို့အတွက်ပါ။ ဒါပေမယ့် ဆေးဟာရဲ့ အဖေက တားတယ်။ ဆန္ဒမစောပါနဲ့သား၊ ဒီတညလေးပဲ စောင့်ရတာ့မှာပါ၊ မနက်ဖြန် ပဝါလေး လှပ်လိုက်ရုံနဲ့ ဆေးဟာက သားရဲ့အပိုင်ဖြစ်သွားပါပြီ၊ သည်းခံပြီး စောင့်လိုက်ပါ။ သည်တော့ ဘေတိုလည်း ငိုကြီးချက်မနဲ့ ပြန်သွားရတယ်။
မနက်ဖြန်ရောက်တော့ ဘေတိုလည်း ဆေးဟာကို မတတ်သာစွာ လက်ထပ်ခဲ့ရတယ်ပေါ့။ လက်ထပ်ပြီးပြီးချင်း ဘေတိုက ဆေးဟာကို အမှန်အတိုင်း ဖွင့်ပြောတယ်။ ငါ နင့်ကို ခံစားရစေဖို့ မရည်ရွယ်ပါဘူး၊ ဒီလက်ထပ်ပွဲကို ငါတောင် မသိလိုက်ရဘဲ မိဘတွေက ဇွတ်အတင်း စီစဥ်ကြတာပါ၊ ငါက မိုက်ခ်နဲ့ ကြိုက်နေတယ်၊ ငါက ဂေးပါ ဆိုပြီး။ ဆေးဟာလည်း အကြောင်းစုံကို သိသိချင်း အလွန်တုန်လှုပ်သွားတယ်။ ဆေးဟာရဲ့ဘဝ ပျက်စီးသွားသလို ခံစားချက် မျိုး။ တရွာလုံးက ငါ့ကို လှောင်ကြတော့မှာပဲ ဆိုတဲ့အတွေးမျိုး။ နင့်ယောကျ်ားက ဂေးနေတာ၊ နင့်လင်က ယောကျ်ားမစစ်ဘူးဆိုတဲ့ ကဲ့ရဲ့မှုမျိုး ဆေးဟာ ခံရမှာ အရမ်းကြောက်သွားတယ်။ ဒါ့ကြောင့် ရွာကလူတွေမသိခင် ဆွစ်ဇာလန်ကို ဘေတိုတို့မိသားစုနဲ့ လိုက်သွားတယ်။
ဆွစ်ဇာလန်ရောက်တော့လည်း အခြေအနေမကောင်းဘူး။ ဘေတိုလည်း မပျော်ရွှင်၊ ဆေးဟာလည်း မပျော်ရွှင်၊ ဘေတို့မိဘတွေလည်း မပျော်ရွှင်။ မိုက်ခ်ကတော့ ဘေတို့ကို အလွန်စိတ်နာသွားတယ်။ ဘေတိုကတော့ မိုက်ခ်ကို ဖျောင်းဖျရတယ်။ ဒီလက်ထပ်ပွဲကို မသိခဲ့ရတဲ့အကြောင်းပါ။ ငါ လက်ထပ်ပြီးသွားပေမယ့် မင်းကို ငါ မမေ့နိုင်ဘူး၊ မင်းနဲ့ပဲ အတူနေချင်တယ်။ မိုက်ခ်ကတော့ ဘေတို့ကို ချစ်ပေမယ့် လင်ငယ်တော့ မလုပ်နိုင်ဘူးတဲ့။
ဒီအခြေအနေဟာ ဘေတို့အတွက် အလွန်ခက်ခဲတဲ့အခြေအနေပဲ။ ဘယ်လိုလုပ်ရရင် ကောင်းမယ်ဆိုတာ မဆုံးဖြတ်နိုင်တဲ့ အခြေအနေ။ ကိုယ့်ဖြစ်တည်မှုအမှန်အတိုင်း ပွင့်ပွင့်လင်းလင်း နေချင်တာတောင် နေခွင့်မရတဲ့၊ နေခွင့်မပေးတဲ့ ဒီနေရာမှာ ဘယ်လိုမှ မနေနိုင်ဘူး။ မွန်းကြပ်တယ်။ စိတ်ဖိစီးတယ်။ ဒီလိုဒဏ်မျိုး တော်ရုံလူဆို မခံစားနိုင်ဘူး။ ဆူဆိုက်သွားနိုင်တယ်။ တကယ်လည်း ဆူဆိုက်ခဲ့သူ အများကြီး ရှိပါတယ်။ ဘေတိုကတော့ ခံနိုင်ရည် ရှိလို့သာ။ ဒါပေမယ့်လည်း ဒီအတိုင်း အကြာကြီး ဆက်နေရမယ်ဆိုရင် ဘေတို ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ကိုယ့်ဖြစ်မှုအမှန်အတိုင်း နေခွင့်ရတဲ့၊ နေခွင့်ပေးတဲ့ နေရာမှာ သွားနေချင်တယ်။ ဆေးဟာကို မတတ်သာစွာ လက်ထပ်လိုက်ရပေမယ့် ဆေးဟာကို ညီမအရင်းလို ချစ်သေးတော့ မနာကျင်စေချင်ဘူး။ ဒီကြားထဲ မိုက်ခ်ကိုလည်း မစွန့်လွှတ်နိုင်ဘူး။ သုံးယောက် အတူနေဖို့အတွက် ဆေးဟာကို တောင်းဆိုရမှာကလည်း အားနာစရာကြီး။ ဒီတော့ ဘေတို့မှာ အလွန်မွန်းကြပ်ရတယ်။ ဘေတိုမှမဟုတ် ဆေးဟာရော မိုက်ခ်တို့ရောပေါ့။
ဒီလိုအခြေအနေတွေဖြစ်လာတော့ ဘေတို့မိဘတွေလည်း ဘေတိုတို့ မပျော်ရွှင်တာကြည့်ပြီး ကျမတို့ ဘာအမှားတွေ လုပ်မိကြပါလိမ့်ဆိုပြီး နောင်တတွေ ရနေတယ်။ ဘယ်လိုမှ ပြန်ပြင်လို့ ရတဲ့ အခြေအနေတွေကို ဖန်တီးမိခဲ့ကြပြီးပြီလေ။
ဒါဟာ ဘေတို့မိဘတွေရဲ့ အတ္တပါပဲ။ ဒါ့အပြင် အသိပညာဗဟုသုတ အားနည်းမှုလည်း ပါပါသေးတယ်။ ဗဟုသုတအားနည်းတော့ မိမိတို့ရဲ့သားဟာ ဂေးနေတဲ့အကြောင်း ပတ်ဝန်းကျင်က လှောင်ပြောင်မှုကို ခံနိုင်ရည်မရှိခဲ့ကြဘူး။ ဒီတော့ သားကို မိန်းမပေးစားလိုက်ရင် ဒီလူတွေ ပါးစပ်ပိတ်သွားလိမ့်မယ်လို့ အထင်ရှိခဲ့တယ်။ ဒီလိုလုပ်လိုက်ခြင်းဟာ မိမိတို့ အရှက်၊ သိက္ခာကို ကာကွယ်ဖို့အတွက်ဖြစ်ပြီး သားအတွက် မဟုတ်ခဲ့။ သားဖြစ်သူကို စိတ်ဒုက္ခတောထဲ တွန်းပို့သလို ဖြစ်စေခဲ့ပါတယ်။
ဘေတိုကလည်း ဆက်ပြောတယ်။ ဒီပုံက သားဂေးတာကို အဖေနဲ့အမေတို့ မသိသေးခင်ကပုံ၊ သားဂေးတာကို သိသွားတဲ့ အခုမျက်နှာနဲ့ ဘာကွာလဲ၊ ဘာမှမကွာပါဘူး၊ ဘာမှ ပြောင်းလဲမသွားဘူး၊ အဲဒီလိုပဲ အဖေနဲ့အမေတို့ သားကို ပြောင်းလဲလို့မရဘူး၊ သားဖြစ်တည်မှုကို လက်ခံပေးပါ။
ကိုယ့်သားသမီးဟာ ဂေးအဖြစ် မွေးလာမှတော့ ဘာတတ်နိုင်မလဲကွယ်။ အကြားအာရုံ မသန်စွမ်းသူအဖြစ် မွေးလာတဲ့ သားသမီး၊ အမြင်အာရုံ မသန်စွမ်းသူအဖြစ် မွေးလာတဲ့ သားသမီး၊ အပြောမသန်စွမ်းသူအဖြစ် မွေးလာတဲ့ သားသမီး စသဖြင့် မသန်စွမ်းမှုအမျိုးမျိုးနဲ့ မွေးလာတဲ့ သားသမီးတိုင်းဟာ မိမိရဲ့ သားသမီးပါပဲ။ မသန်စွမ်းသူအဖြစ် မွေးလာမှတော့ ဘာတတ်နိုင်မလဲ။ မွေးလာမှတော့ လက်ခံရမှာပဲလေ။
အဲဒီလိုပဲ LGBT အဖြစ်၊ ဂေးအဖြစ် မွေးလာခဲ့ရင်လည်း ဘာတတ်နိုင်မလဲ။ လက်ကို လက်ခံရမှာပါပဲ။ မိမိသားသမီးဟာ မိမိသားသမီးပဲပေါ့။ တဦးတည်းသော သားကလေးမို့ သားက ဇနီးမယူဘဲ လင်ယူလိုက်ရင် မျိုးဆက်ပြတ်သွားမှာပေါ့ဆိုပြီး ဇွတ်အတင်း မိန်းမပေးစားရင် သားကို ချစ်ရာမရောက်ဘဲ နှစ်,ရာ ရောက်မယ်။ သားမှ မိန်းမတွေကို မချစ်နိုင်ဘဲ။ သားကို မပျော်ရွှင်စေတော့ဘူးပေါ့။ သည်တော့ တခြားနည်းလမ်းကို စဥ်းစားအဖြေရှာရင် အဖြေထွက်နိုင်မှာပါ။ ငွေကြေးတတ်နိုင်ရင် အငှားကိုယ်ဝန်ဆောင်တာတို့၊ မတတ်နိုင်ရင် မိဘမဲ့နေကြတဲ့ မိဘမဲ့ ကလေးတွေကို မွေးစားတာတို့ပေါ့။
မိမိသားသမီးရဲ့ ဖြစ်တည်မှုကို နားလည်လက်ခံနိုင်တဲ့ မိဘများ ဖြစ်ကြပါစေ။
Director: Gitta Gsell
Starring: Burak Ates, Dimitri Stapfer, Ecem Aydin, Beren Tuna, Serkan Tastemur
About The Call 724 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*