
“Bye Bye Black Bird”

ငါ နန့်ဆန်ယန် ရှေ့တန်းမှာ စစ်တိုက်နေတုန်း နင့်ဆီက နောက်ဆုံး စာတစောင်ကို ရတယ်။ ဖောက်ပြန်မိတာ ဝန်ခံပါတယ် ဆိုတဲ့အကြောင်း။ ငါ သေနတ် ကိုကိုင်ရင်း ကတုတ်ကျင်းထဲမှာ အဲ့စာကို ဖတ်ရတယ်။ ဘေးနားက ငါ့ရဲ့ခွေးဟာ ငါ့ကို ကြည့်လို့။ ငါမငိုပါဘူး။ နင့်အမှားလည်းမဟုတ်တာ ငါသိတယ်။ နင်အခုလိုဖြစ်အောင်ထိ ငါက တွန်းပို့ခဲ့တာလို့တောင် ငါခံစားနေရတယ်။ ဒါပေမဲ့ ဒီလိုအချိန်ကျမှ ဒီလိုစာကို ဖတ်ရတာတော့ ငါ ရင်နာသလို ခံစားနေမိတယ်။ ပြီးတော့ ရုပ်ရှင်ဇာတ်ဝင်ခန်းတခုထဲက ဇာတ်ဆောင်လို ငါ့ကိုယ်ငါ ပြန်မြင်လာတယ်။
ဝုန်းကနဲဆို လေယာဉ်ကကြဲချတဲ့ ဗုံးသီးတွေ ဆက်တိုက်ဆက်တိုက် ကတုတ်ကျင်း အပေါ်ဘက်တွေဆီကို ကျလာတယ်။ ငါ့ခွေးကလေးက ငါ့နားကို တိုးကပ်လို့ တုန်ရီနေတယ်။ ၅ မိနစ်လောက် ကြဲချပြီးတော့ ငြိမ်သွားတယ်။ လေယာဉ်သံကိုတော့ တချက်တချက် ကြားနေရတုန်းပဲ။ ငါ့ရဲဘော်တယောက်က ကတုတ်ကျင်းထဲကို အမြန်မဝင်လိုက်နိုင်ဘဲ အပေါ်က သစ်ပင်ကြီးဘေးမှာ ကျန်ခဲ့တယ်။ အခြေအနေငြိမ်လို့ သူ့ကိုသွားကြည့်တော့ သူ့မှာ ခြေထောက် နှစ် ချောင်းလုံး မရှိတော့ဘူး။ ဆေးအဖွဲ့တွေကို အော်ခေါ်သူက ခေါ်၊ ကာကင်းပြန်ယူသူက ယူနဲ့ ငါတို့တွေ အလုပ်ရှုပ်ကုန်ကြတယ်။ ငါ အဲ့ကောင်ကိုထမ်းပြီး လိုက်ပို့လိုက်တယ်။ နောက်တော့ ငါ့ပစ္စည်းတွေ ထားတဲ့နေရာကို ပြန်လာတယ်။ ဘာမှ အကောင်းတိုင်း မရှိတော့ဘူး။ ငါ့ကျောပိုးအိတ်ဟာ ဗုံးစတွေ စိုက် လို့။ ငါ့တို့အိပ်ယာတွေအကုန် ဝါးပင်တွေပေါ်မှာ ဟိုတစ ဒီတစ ချိတ်လို့။
ငါ့အိပ်ယာဘေးမှာ ကျန်နေတဲ့ စစ်ရေဘူးလေးကို ငါကောက်ခဲ့လိုက်တယ်။ ရေဘူးက ခါးလယ်ကနေ ပေါက်ထွက်ပြီး ဗုံးစက ရေဘူးထဲမှာ။ ငါ ရေဘူးကို ကိုင်ပြီး ခလောက်ကြည့်မိတယ်။ နောက်တော့ ကတုတ်ကျင်းထောင့်ကို သွားပြီး ထိုင်ချလိုက်တယ်။ ငါ အဲဒီတော့မှ ရှိုက်ကြီးတငင် ငိုမိတာပဲ။ ငါ့လက်ထဲမှာ နင်ပေးတဲ့ စာတစောင်နဲ့။ ငါ့ဘေးမှာရှိတဲ့ ခွေးက အမြီးကို နန့်လို့ ကတုတ်ကျင်းထဲ ဆောက်တည်ရာမရ ပြေးနေခဲ့တယ်။
ငါငိုမိတာ နင့်စာကြောင့်လား ရုတ်ချည်းအဖြစ်အပျက်တွေကြောင့်လားဆိုတာ မသဲကွဲဘူး။ ငါကိုယ်ငါ သေချာမသိဘူး။ တကယ်ပဲ အဲလိုပြဿနာဟာ ငါတို့တွေဆီမှာ ရှိနေတာ ကြာပြီ။ တညဆို ငါ့ဘေးမှာအိပ်နေတဲ့ ရဲဘော်က ဖုန်းကိုကြည့်နေရင်း ထငိုတယ်။ အော်ကြီးဟစ်ကျယ် ငိုတာ။ ငါ လန့်နိုးပြီး ကြည့်လိုက်တော့ သူက ဖုန်းကိုကြည့်ပြီး ငိုနေတယ်။ သူ့ဖုန်းထဲမှာ ကြည့်နေတာက အောင်ပွဲရ ငါတို့ရဲဘော်တွေကို အဖွားကြီးတွေက ကခုန်ရင်း သပြေပန်းတွေနဲ့ ကြိုနေတဲ့ ဗီဒီယို။ ပျော်စရာမြင်ကွင်းကို ဘာလို့ငိုနေတာလဲလို့ ငါလည်း ရုတ်တရက် မေးလိုက်မိတယ်။ တကယ်ဆို ငါမမေးခဲ့သင့်ဘူး။ သူ့က ငါ့ကို အလန့်တကြားကြည့်ပြီး ပြောတယ်။ ကြည့်ပါဦးကွာ ငါတို့ပြည်သူတွေကို တဲ့။ သူ့မှာ မျက်ရည်တွေနဲ့။
ငါ ဒီစကားကို အမြဲအမှတ်ရတယ်။ ဒီကောင် ဘာလို့ ညကြီးသန်းခေါင် ထငိုလဲ ငါသိတယ်။ ဒီပြည်သူတွေကို သူချစ်လွန်းပြီး စိတ်ခံစားမှုတွေ များလာတာ။ မဟုတ်တရုတ်တွေ ပြည်သူကို မလေးစားတာတွေ လုပ်နေတဲ့လူတွေကို သူ မချိတင်ကဲဖြစ်တာ။
ငါ နင့်ကို ဘာလို့ အခုလိုတွေ ပြောပြမိနေလဲ ငါမသိဘူး။ တခုခုကို နားလည်စေချင်တာလား ငါ မသေချာဘူး။ ငါ့အပြစ်တွေကို နင့်ကို ရှင်းပြနေတာ မဟုတ် ဘူး။ ငါ ပြောပြမိနေတာတွေက ငါ့ကို ခွင့်လွှတ်စေချင်တာလည်း မဟုတ်ဘူး။ ဒါမှမဟုတ် အခြေအနေတွေကို ရှင်းပြချင်တာလား ငါမသိဘူး။
နင်နဲ့ငါ မတွေ့ရတာ တနှစ်နဲ့ သုံးလကျော်ပြီ။ ပြီးခဲ့တဲ့ကာလတွေမှာ ငါန င့်အပေါ် ပျက်ကွက်မိခဲ့တာတွေအတွက် တောင်းပန်တယ်လို့ပဲ ပြောချင်တယ်။ တကယ်တော့ ဒီဆက်ဆံရေးကို လွန်ခဲ့တဲ့ တနှစ်လောက်ကပဲ ဖြတ်ချခဲ့သင့်တာ။ ငါတို့ဆီမှာ အချစ်က မလုံလောက်ဘူးထင်ပါတယ်။ ငါပေးသလောက် နင်မရတာကို ဝမ်းနည်းမိတယ်။ နင်ပေးသလောက် ငါမရတာကိုလည်း အံသြမိတယ်။ ငါတို့ကြားမှာ မှားယွင်း ကွေ့ကောက်နေတဲ့ မြစ်ရေတွေ စီးသွားတာ။
နင်ပေးခဲ့ဖူးတဲ့ မာဖလာလေးကို တပ်မဟာထိပ်မှာ စျေးရောင်းနေတဲ့ ကချင်မလေးကို ငါပေးခဲ့တယ်။ ငါ နင့်ကို ချစ်ခဲ့တယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတာလို့ နင်ပြောတော့ ငါလည်း အံ့သြမိတယ်။ ငါ မငြင်းလိုပါဘူး။ ဒါပေမဲ့ ငါ သေချာမသိတာတော့ ဟုတ်မယ်။ ငါတို့က ရုပ်ရှင်ဇာတ်ဆောင်တွေ မဟုတ် တော့ ငါတို့ဘဝတွေမှာ အကန့်အသတ်တွေ ပေါင်းစုံနဲ့။
ငါ နန့်ဆန်ယန် ရှေ့တန်းကနေ ပြန်လာတော့ မိုးတွေရွာတယ်။ လေယာဥ်ဗုံးထိတဲ့ ငါ့ရဲဘော်က ပေါင်ကနေ ဖြတ်လိုက်ရတယ်။ ငါတို့ဆီမှာ ဖြတ်လိုက်ရတာတွေ များတယ်။ နင့်ကို ငါဖြတ်လိုက်ရသလို။ ငါတို့ဘဝတွေကို ဖြတ်လိုက်ရသလို။
အခု ဒီစာကြောင့် နင် ငါ့ကို နားလည်ဖို့ မတောင်းဆိုရဲဘူး။ ငါတို့တွေ တယောက်ကိုတယောက် နားလည်နိုင်ဖို့ သံသရာအဆက်ဆက် ကြာဦးမယ်။ ငါတို့နှလုံးသားတွေ ပျော့ပျောင်းဖို့ အချိန်ပေါင်းများစွာ ကြာဦးမယ်။ ငါသိတယ်။ နင်လည်းသိတယ်။ အချိန်ကာလ အမှားကြီးထဲမှာ ငါတို့ဟာ တယောက်ကျောပြင် ကို တယောက် ရပ်တန့် ငေးမောနေမိကြတာ။ တိုက်ပွဲတွေ တဖြတ်နားတော့ နန့်ဆန်ယန် ရှေ့တန်းကနေ ဆေးရုံကို ငါပြန်လာခဲ့တယ်။ နင့်အငွေ့အသက် တွေ ဘယ်ကနေများ ရနိုင်မလဲ တွေးမိတော့ မာဖလာလေးလည်း မရှိတော့ဘူး။ ငါ့ခွေးကလေးက ငါ့ရှေ့မှာ ပြေးလွှားဆော့ကစားလို့။
ဒီတော့လည်း နင့်ဘဝကို အပြစ်တွေနဲ့ မရှင်သန်ဘဲ လွတ်လပ်ပါစေလို့ ဆုတောင်းမိတယ်။ ငါတို့မှာ စကားသံရော စိတ်ဝိညဥ်ရော ကုန်ခမ်းနေပါပြီ။ ငါ့အော်သံရဲ့ အစွန်အဖျားကို နင် ကြားမိပါစေလို့ ဆန္ဒပြုလိုက်တယ်။
နောက်ဆုံးအနေနဲ့ “Bye Bye ပါ ကိုယ့်ရဲ့ Black Bird လေးရယ်” လို့ နှုတ်ဆက်ပါတယ်။ နင့်ဘဝဟာ ဒီ့ထက် ပိုကောင်းတာတွေနဲ့ ထိုက်တန်ပါတယ်။
Bye Bye Blackbird – Gene Austin`s Song (edited)
Be the first to comment