2
ညီလင်းအိမ်
“Derry မြို့ထဲက လူတွေ”
ဒီကမ္ဘာကြီးပေါ်မှာ လူသားတွေ ဖြစ်ကြရဖို့အတွက် ကျနော်တို့တွေမှာ ရွေးချယ်ပိုင်ခွင့် မရှိခဲ့ကြဘူး။ လူဖြစ်လာလို့ ဘဝကြီးထဲကို ရောက်ရှိပြီး စဉ်းစားဆင်ခြင်တတ်လာခါမှ မိမိတို့ ဖြစ်
တည်နေရာ ဘဝတွေ၊ အခြေအနေတွေ မတူကွဲပြားနေကြရပုံတွေကို သိလာပြီး နှိုင်းယှဉ်ကြရနဲ့ လူဖြစ်လာရမှုရဲ့ အကျိုးအကြောင်း၊ အဆိုးအကောင်းတို့ကို ပိုင်းခြားသိမြင်ကြရတာ မဟုတ်ပါလား။ ဆယ့်ငါးမိနစ်သာသာလောက် လျှောက်လိုက်တာနဲ့ မြင်ရတဲ့ မြို့က နေထိုင်သူတွေမှာတော့ ဆင်းရဲဒုက္ခတွေ၊ အဆိုးကြမ္မာတွေ ကင်းပနေကြပြီး ဒီဘက်အဝင်းအဝိုင်းထဲက မိမိတို့မှာတော့ လူအဖြစ် ရှင်သန်နေကြရမှုအတွက် အသက်မသေရုံတမယ် ရုန်းကန်နေကြရတဲ့ အဖြစ်သနစ်တွေဟာ ရှေ့ဘဝက ကျူးလွန်ခဲ့တဲ့ ဝဋ်ကြွေး တုံ့တင်များကြောင့်လား။ မွေးဖွားစဉ်မှာ ဂြိုဟ်စီးနက္ခတ်တွေ အလှည့်အပြောင်း ဖြစ်သွားရလို့လား။
ဒီလို ကျယ်ပြန့်လှကုန်သော သတ္တလောကကြီးထဲမှာ ကျတော်တို့တွေကိုပဲ ကွက်ပြီးမှ သီးခြား ကံဆိုးမိုးမှောင်ကျရလေသလား စ လို့… ကံကိုသာ ယိုးမယ်ဖွဲ့ကြရရုံ ရှိတော့တာပ။ Derry မြို့ထဲမှာ လူလာဖြစ်ရတယ်။ ဒီမြို့ထဲမှာ အမှောင်နဲ့ မိစ္ဆာတွေရဲ့ လုပ်ပိုင်စွမ်းကို အပြည့်အဝ ကိုင်စွဲထားနိုင်တဲ့ မကောင်းဆိုးဝါးတကောင်လည်း ရောက်ရှိလို့ နေပါတယ်။ သူဟာ ဘယ်လို သဏ္ဍာန်မျိုး ဖြစ်နေပါလိမ့်။ လူငယ်တွေတက်တဲ့ တက္ကသိုလ်ထဲမှာပဲ အယောင်ဆောင်နေတဲ့ ကျောင်းသားတယောက် အသွင်လား။ မုတ်ဆိတ်ကျင်စွယ် ဗလပွနဲ့ မဆလာတွေ ထည့်ထားတဲ့ တောင်းကြီးနှစ်လုံးကို ထမ်းထားတဲ့ မာမူကြီး ပုံစံလား။ လက်ပွေ့သတင်းစာတွေပိုက်ရင်း ဟိုယောင်ယောင် ဒီယောင်ယောင် လျှောက်နေတဲ့သူ၊ ညကြီးညဉ့်နက်ကျမှ ပဲပြုတ်ပဲပြုတ်ဆိုပြီး အော်နေတဲ့သူ၊ ဒါထက်ပိုပြီး အမိန့်အာဏာနဲ့ မကျွတ်လွတ်သေးတဲ့ သရဲတစ္ဆေတွေကို ထိန်းချုပ်ထားပြီးမှ ဒီမြို့ကလေးရဲ့ အမှောင်ရိပ်ထဲကို ပို့လွှတ်နေတဲ့ မှော်ဆရာတယောက်များ ဖြစ်လို့နေလေသလား။
Derry မြို့ကလေးမှာ အဲဒါတွေထက် ပိုတဲ့ ကြောက်မက်ဖွယ်ရာ အမှောင်တွေ ပြည့်လို့နေပါတယ်။ ဒီမကောင်းဆိုးဝါးကြီးက လူပြက်တယောက်ကို သတ်ဖြတ်စားသုံးခဲ့ပြီးမှ မြို့ကလေးရဲ့ မြေအောက်ပိုက်လိုင်းတွေထဲကို လူပြက်ခန္ဓာအိမ်အသေကို စီးနင်းလို့ Derry မြို့ကလေးကို တစစီချေမွပစ်ဖို့ ရောက်လာတာ။ သူ့ဆီမှာ ပါတဲ့အရာတွေက လက်ရှိခေတ်ကာလထဲက နောက်ဆုံးပေါ် လူသတ်လက်နက်တွေထက် အဆပေါင်းများစွာ တန်ခိုးထက်တဲ့ အရာတွေကိုပါ ပါရှိလို့လာနေတာ။
အဲဒါကတော့ လူ့သားလောကကို ချိတ်ဆက်ရှင်သန်မှုပေးမယ့် မျိုးဆက်သစ်ကလေးတွေကိုမှ အဓိကထား စားသောက်သတ်ဖြတ်ဖို့အတွက် အကြောက်တရားလက်နက်ကို ယူဆောင်လာတာပါတဲ့။ သူဟာ ဒီလက်နက်နဲ့ပဲ မျိုးဆက်သစ်လူငယ်ကလေးတွေရဲ့ စိတ်နှလုံးအိမ်ကို ဖျက်ဆီးနိုင်ဖို့အတွက် နည်းလမ်းပေါင်းများစွာကို ဆင့်ပွါး ဖန်တီးထားတယ်။ ဘာတွေလဲဆိုတော့ လူကြီးဖြစ်တဲ့သူတွေက ဒီကလေးတွေရဲ့ တွေးခေါ် မြော်မြင်တတ်မှုနဲ့ စူးစမ်းလေ့လာလိုခြင်း အကြောင်းတရားတွေကို အသိအမှတ်ပြုမပေးဖို့ လူသားဘဝ နုနုကလေးမှာတင် ရောက်လာရတဲ့ အမှောင်ထုတွေထဲက လက်သည်းရှည်တွေနဲ့ ပတ်သက်ပြီး ကာကွယ်တိုက်ခိုက်ပေးဖို့အတွက် ပျက်ကွက်မှု စတဲ့ အရာတွေနဲ့ ကန့်သတ် ခွဲခြားထားတယ်။
အကြောက်တရားတွေ အပြည့်နဲ့ အသက်သေဆုံးသွားရတဲ့ ကလေးငယ်တွေရဲ့ အသားက သူ့အတွက်တော့ စားသောက်ဝါးမျိုရတာဟာ အချိုမြိန်ဆုံး ညစာဖြစ်လို့ သူတို့တွေ ကြောက်လေ၊ တန်ပြန်တော်လှန်စိတ်နည်းသွားပြီး အရှုံးမြန်မြန်ပေးလေ ဒီသားကောင်ရဲ့ အသွေးအသားတွေဟာ အရသာပိုပြည့်လာတာမို့ သူဟာ မြို့ကလေးရဲ့ အမှောင်တွေထဲမှာ ကူးလူးရှင်သန်ရင်းနဲ့ပဲ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီးတော့ ဖမ်းဆီးဝါးမျိုဖို့ ကြိုးပမ်းနေပါတယ်။
မင်းတို့ လူငယ်တွေမှာ ဘာစဉ်းစားတွေးခေါ်တာ ရှိသလဲ၊ တခုခုဆိုရင် စိတ်လိုက်မာန်ပါပဲ လုပ်တဲ့ကောင်တွေ။ ငါ့ကို လာဆရာမလုပ်နဲ့ မင်းတို့ထက် အရင် ထမင်းစားလာတာ၊ ငါ့တို့ကြောင့် မင်းမှာ လူဖြစ်ရတာ၊ ကလေးနေရာ ကလေးနေစမ်း။ မင်းတို့ သူ့ကို တော်လှန် ပုန်ကန်လို့မရဘူးလေ။ မနိုင်နိုင်ဘူး စတဲ့ စကားတွေဟာ အမှောင်ထဲက IT ကြီးအဖို့တော့ အင်မတန်မှ သဘောအကျကြီး ကျနေရမယ့် စကားလုံးတွေလေ။ အားကိုးစရာ၊ ယုံကြည်စရာ မရှိတော့တဲ့ ကလေးငယ်တွေအတွက် သူ့စိတ်ကြိုက်ချယ်လှယ်လို့ ရစေမယ့် လက်နက်ကို အသာကလေး ပစ်လွှတ်လို့ ရပြီလေ။
အကြောက်တရားပါပဲ။ အကြောက်တရားဆိုတာ အိပ်မက်ဆိုးမက်မှ ကြောက်တာမျိုးလို့ မဟုတ်။ သင်္ချိုင်း တစပြင်သုဿန်ကို ဖြတ်မှ ကြောက်ရတာမျိုးလို့ မဟုတ်။ ပြောသင့် ပြောထိုက်ရမယ့် မတရားမှု၊ လူအချင်းချင်း ဖိနှိပ်အုပ်ချုပ်မှု၊ လူတယောက်ရဲ့ ရသင့်ရထိုက်တဲ့ အလုပ်အကိုင်၊ အခွင့်အလမ်း၊ မိမိဝါသနာပါရာ တခုခုကို လွတ်လပ်စွာနဲ့ ပြုမူဖန်တီးခွင့် ရဖို့။ ဒါတွေတခုမှ မရဘဲ ဒီမကောင်းဆိုးဝါး မိစ္ဆာက ထိန်းချုပ် ရယူထားတာကို သိသိကြီးနဲ့ ဘာမဆို နှုတ်ဆွံ့နေရတဲ့ ကြောက်စိတ်ဟာ၊ ဒီကြောက်စိတ်သက်သက်ကပဲ လွှမ်းမိုးခံလိုက်ရတော့တာ။ IT မိစ္ဆာကြီးရဲ့ လိုသလို ပြုမူထိန်းချုပ်မှုအောက်မှာ ဘာတခုမှ မလွန်ဆန်နိုင်ရဲတော့ဟာ နောက်ဆုံးပေါ် လက်နက်ဆန်းတွေနဲ့ ပစ်သတ်ခံလိုက်ရတာထက် ပိုမိုထိတ်လန့်ဖွယ်ရာ ရှိတဲ့ လူ့ဘဝမျိုးဆက်ပျက်သုဉ်းရမှုပဲလေ။ ဆိုတော့ အကြောက်တရား ဆိုတာ စင်စစ် ဘာကို ရည်ညွှန်းလိုက်တာမျိုးလေလဲ။ ဒီလိုအကြောက်တရားတွေနဲ့ပဲ ရှင်ရက်သေနေကြရတဲ့ ဘဝမှာ လူဖြစ်ရတာဟာ ထိုက်တန်ပါတယ်လို့ ခေါ်ဆိုထိုက်ပါ့ဦးပမလား။
IT ဟာ အဲဒီလက်နက်ကို မြဲမြံစွာ ကိုင်စွဲရင်းနဲ့ Derry မြို့ထဲက ကြီးကောင်ငင်စ ကလေးတွေကို ဖမ်းယူစားသုံးနေခဲ့တယ်။ သူ့ဆီက စွမ်းအားပကတိတွေက ဒီမျှအထိ ပြင်းထန်အားကောင်း နေလွန်းလှတော့ ဘယ်လိုပုံ၊ ဘယ်လိုနည်းလမ်းနဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်ကြရပါလိမ့်။ သူ့ဆီမှာ ဘာမဆိုကာကွယ်ပေးနေတဲ့ ယူနီဖောင်းဝတ် စစ်တပ်လို မိစ္ဆာအသင်းအပင်းတွေကလည်း အရံသင့်ရှိနေတယ်။ တရားမျှတမှုရေးရာ အဖွဲ့အစည်းက တာဝန်ရှိသူတွေဆိုသူတွေကလည်း ဒီမိစ္ဆာကြီး ဘယ်လိုလုပ်လုပ် မသိလျက်သား ဟန်ပန်နဲ့ တခုခုဆိုရင် ဘတ်စ်ကားမှတ်တိုင်လောက်မှာပဲ စာကပ်ပေးဖို့လောက်သာ ရှိနေကြတော့တယ်။
ဒါကြောင့်လည်း မချိတင်ကဲနဲ့ ဆိုလိုက်မိတာပဲလေ။ သတ္တလောကကြီးက ကျယ်ပြန့်ပါရက်နဲ့ ဘာကြောင့်များ Derry မြို့ကလေးထဲမှာ လူလာဖြစ်ကြရသလဲပေါ့။ နောက်ဆုံးတော့လည်း ဒီကလေး လူငယ်လေးတွေမှာပဲ မိစ္ဆာလူပြက်ကြီးကို အသက်နဲ့ရင်းပြီး တော်လှန်အားထုတ်ဖို့ ကြိုးပမ်းရတော့တယ်။ သူတို့ကိုင်စွဲရတဲ့ လက်နက်က ဘာလဲဆိုတော့ အကြောက်တရားကို တန်ပြန်ခြင်းလို့ပဲ အမည်သညာပေးရမယ့် တိုက်ရိုက်သဘောနဲ့ဆိုရင် မကြောက်တရား လက်နက်လို့ပဲ ရည်သန်မှည့်ခေါ်ရပါ့မယ်။ IT မိစ္ဆာကောင်ကြီးဟာ သူတို့တွေကို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ပဲ ခြောက်လှန့် ပါစေ၊ အကြောက်တရား အမျိုးမျိုး အဖုံဖုံနဲ့ တိုက်ခိုက် ဖိိနှိပ်ပါစေ။ ဒီကြောက်စိတ်ကို တက်ညီလက်ညီ ဖယ်ထုတ်ပြီး တန်ပြန် တိုက်ခိုက်ကြပါတော့တယ်။
Derry မြို့ကလေး အမှောင်တွေထဲက ပြန်လည်လွတ်မြောက်စေဖို့ပေါ့။ ဒီလောက်ဆိုရင် ကျနော် ဘာကိုဆိုလိုချင်တာလဲ ဆိုတာကိုလည်း စာဖတ်သူမိတ်ဆွေတို့ သဘောပေါက် ခံစားမိကြမယ် ထင်ပါတယ်။
ကျတော်တို့တွေဟာ လက်ရှိမှာ Derry မြို့ထဲက လူတွေလေ။ မကောင်းဆိုးဝါး မိစ္ဆာဟာ IT ကိုယ်ပွါး လူပြက်တကောင် အသွင်မျိုးနဲ့ မြို့တခုလုံးကို ဝါးမျိုနိုင်စေဖို့ အကြောက်တရား ပါတဲ့လက်နက်အမျိုးမျိုးတွေနဲ့ တိုက်ခိုက် ဖျက်ဆီးပစ်နေတာလေ။
ထပ်ပြောပါ့မယ်။ ကျတော်တို့ဟာ Derry မြို့ထဲက လူငယ်လေးတွေ။ ဒီအကြောက်တရားတွေနဲ့ မြေအောက်ပိုက်လိုင်းထဲကို လိုက်ပါမသွားဖို့အတွက် ဖီဆန်တိုက်ခိုက်နေကြတဲ့ Losers Club ထဲက တိုက်ပွဲဝင် ရဲဘော်လေးတွေ။
(*ရုပ်ရှင်ရည်ညွှန်းနဲ့ ဝန်ခံချက်- ကမ္ဘာကျော် သည်းထိတ်ရင်ဖို စာရေးဆရာကြီး စတီဖင်ကင်း လက်ရာဖြစ်တဲ့ IT ရုပ်ရှင်များနဲ့ 2025 အတွင်းက ထွက်ရှိခဲ့တဲ့ IT: Welcome To Derry စီးရီးကို ကြည့်ရှု့ပြီးနောက်မှာ ဆက်စပ်ခံစားဖြစ်တဲ့ အက်ဆေး ဖြစ်ပါတယ်။ )
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
