EISMAYER (2022)

‘EISMAYER (2022)’
◾️ထွင်
ရုပ်ရှင်ကလေးကတော့ ရိုးရိုးလေးပါပဲကွယ်။ ရိုးရိုးကလေးပေမယ့် ပြောချင်တာလေးတွေ ပေါ်လာလို့ ကိုယ် ဒီစာလေး ရေးမိတယ်။ ရုပ်ရှင်လေးက ဂေးအချစ် ရုပ်ရှင်ကလေး။ ဖြစ်ရပ်မှန်ကလေးကို ရိုက်ထားတာ။ သြစတေးလျ စစ်တပ်ထဲက ဂေးစစ်သားနှစ်ယောက်ရဲ့ အဖြစ်ကလေးမို့ စစ်ကားကလေးပေါ့။ စစ်ကားလေးဆိုပေမယ့် စစ်ပွဲတွေတော့ မပါဘူးရယ်။ ရုပ်ရှင်အမည်ဖြစ်တဲ့ EISMAYER ဆိုတာ ရုပ်ရှင်ထဲက ဇာတ်ကောင်ဖြစ်တဲ့ ချာလီ အက်စ်မေယာရဲ့ နာမည်ပေါ့။ ရုပ်ရှင်ထဲက ဂေးနှစ်ယောက်ဆိုတာ ချာလီ အက်စ်မေယာ နဲ့ မာရီယို ဖာလက် တဲ့။ အဲ့ဒီနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဆိုပေမယ့် ဘာကြောင့် အက်စ်မေယာရဲ့ နာမည်ကိုမှ ရုပ်ရှင်အမည် ပေးထားရသလဲဆိုရင် ရုပ်ရှင်ကလေးကို ကြည့်ရင်သိရလိမ့်မယ်။
ချာလီအက်စ်မေယာဆိုတာ အသက်လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်အရွယ် စစ်သင်တန်းနည်းပြ။ ရုပ်ရည်ကတော့ သာမန်။ သူ့မှာ ဇနီးနဲ့ ဆယ်နှစ်ဝန်းကျင်အရွယ် သားကလေးလည်း ရှိတယ်။
မာရီယို ဖာလက်ဆိုတာ အသက်နှစ်ဆယ်ကျော်အရွယ် သင်တန်းသားကလေး။ လူငယ်ဆန်ဆန် ဂျစ်ကန်ကန်နဲ့။ ရုပ်ရည်ကတော့ ယောကျ်ားဆန်ဆန် ခန့်တယ်။ သူဟာ ဂေးပါလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ သင်တန်းဝင်ဝင်ချင်း နည်းပြ ချာလီ အက်စ်မေယာရဲ့သင်တန်းမှာ ကျတယ်။ အဲ့တော့ နှစ်ယောက်သား သင်တန်းမှာ ဖူးစာဆုံတယ်ပေါ့။
ချာလီ အက်စ်မေယာက သင်တန်းသားတွေအပေါ်မှာ အလွန်တင်းကြပ်တယ်။ ဆဲတယ်။ အပြစ်နာနာပေးတယ်။ ဘယ်လောက်တောင် တင်းကျပ်သလဲဆိုရင် သင်တန်းသားတွေက ချာလီ အက်စ်မေယာကို မြန်မြန် ပြာကျစေချင်တယ်လို့ ဆုတောင်းရတဲ့အထိ။
အဲဒီလို သင်တန်းသားတွေက အမြင်ကတ်နေချိန်မှာ ချာလီ အက်စ်မေယာဟာ ဂေးပါလို့ တီးတိုးသတင်းတွေ ထွက်လာတော့ သင်တန်းတွေအတွက် အတင်းပြောစရာတွေ ဖြစ်တာပေါ့။
ချာလီ အက်စ်မေယာဟာ တကယ်လည်း ဂေးတယောက်ဖြစ်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ပိတ်လှောင်ထားတယ်။ သူ့ကိုယ်သူ ဂေးဆိုတာ ဝန်မခံဘူး။ ဒါ့ကြောင့်လည်း ဇနီးယူထားတာပဲပေါ့။ သူ့ဖြစ်တည်မှုကို ကာကွယ်ချင်လို့ ဇနီးယူထားတာ။ ရှင်းရှင်းပြောပြရရင် ကာဗာယူထားတာပေါ့။ အဲ့ဒီလို ကိုယ့်ဖြစ်တည်မှုကို ကာကွယ်ချင်လို့ အမျိုးသမီးတယောက်ကို ကာဗာယူပြတဲ့ ဂေးတွေဟာ အတ္တကြီးသူတွေဖြစ်တယ်။ သွေးကြောင်သူတွေ။ သတ္တိမရှိသူတွေ။ လူမပီသသူတွေ။ သူတို့လိုလူတွေကြောင့် အမျိုးသမီးတွေဟာ ဘဝပျက်ရတယ်။ လင်နဲ့ကွဲရတယ်။ ပတ်ဝန်းကျင်ကြားမှာ မျက်နှာမပြဝံ့စရာ ဖြစ်ရတယ်။ သားသမီးတွေလည်း မိဘတွေကြားမှာ မြေစာပင်ဖြစ်ရ။ အမေတကွဲ အဖေတကွဲဖြစ်ရ။ မင်းတို့အဖေက ဂေးကြီး ဂေးကြီး ဆိုပြီး သူငယ်ချင်းတွေက လှောင်ပြောင်တာ ခံရနဲ့။ ဒါဟာ ဂေးတယောက် သူ့ကိုယ်သူ ပိတ်လှောင်ထားခြင်းရဲ့ ဆိုးကျိုး။ အမျိုးသမီးတယောက်ကို ကာဗာယူပြခြင်းရဲ့ ဆိုးပြစ်။ အဲဒါတွေက ဒီရုပ်ရှင်ကြည့်ပြီး ကိုယ် ပြောချင်လာရတဲ့ အကြောင်းတွေ။
မာရီယို ဖာလက်ကတော့ ချာလီ အက်စ်မေယာဟာ ဂေးပါလို့ သင်တန်းဖော်တွေ မပြောခင်ကတည်းက သိနေသလိုပဲ။ မြွေမြွေချင်း ခြေမြင်တယ် ပြောရမလား။ ချာလီ အက်စ်မေယာကို သူ့ကိုယ်သူ ဂေးပါလို့ ဝန်ခံလာစေချင်လို့များလား ဒါမှမဟုတ် ချာလီ အက်စ်မေယာကို ကြိုက်နေလို့များလားတော့ မသိ၊ ချာလီ အက်စ်မေယာ သတိထားမိအောင် ပြဿနာတွေ ဖန်တီးပြတယ်။ ရေချိုးခန်းထဲမှာ သူ့ဟာကြီး ထောင်ထောင် ထောင်ထောင် ဖြစ်နေတုန်း သင်တန်းဖော်တွေကို ခေါ်သွင်းတာတို့၊ သင်တန်းမှာ စည်းကမ်းတွေ မလိုက်နာတာတို့၊ ညဘက် ကိုယ်လုံးတီးနဲ့ အဆောင်အပြင်ထွက်တာတို့ ဖန်တီးပြတယ်။
မာရီယို ဖာလက်ရဲ့ လုပ်ရပ်တွေကြောင့် ချာလီ အက်စ်မေယာဟာ ဒေါသထွက်ရပေမယ့် သူ့စိတ်ထဲမှာတော့ မာရီယိုဖာလက်ကို ချစ်စိတ်တွေ ဝင်နေတယ်။ ထမင်းစားချိန်ဆို ခိုးခိုးကြ​ည့်တယ်။ ဇနီးသည်နဲ့လည်း ညည အတူမနေတော့ဘဲ တကိုယ်တည်း အာသာဖြေတတ်လာတယ်။ မာရီယို ဖာလက်စိတ်နဲ့ လမ်းဘေးက ဂေးပြည့်တန်ဆာတွေနဲ့လည်း လိင်ဆက်ဆံမိတယ်။ ညဘက်ဆို အိပ်ပြန်နောက်ကျတတ်လို့ သူ့ဇနီးက သူ မူပျက်နေတာကို သတိထားမိလာရတဲ့အထိပဲ။ ဇနီးသည်က သူ မူပျက်နေတာကို သတိထားမိတဲ့အခါ ဝမ်းနည်းစိတ်တွေနဲ့ သားလေးကိုခေါ်ပြီး ထွက်သွားတယ်။ ပြန်မလာဘူး။ အဲ့ဒါကို ချာလီ အက်စ်မေယာဟာ အခွင့်ကောင်းယူပြီး မာရီယို ဖာလက်ကို သူ့အိမ်က တီဗီပျက် နေလို့ လာပြင်ပေးပါဆိုပြီး ညဘက် အတူခေါ်အိပ်တယ်။ ဒါပေမယ့် သူ့ရဲ့ ဝန်မခံရဲတဲ့စိတ်ကြောင့် မာရီယို ဖာလက် ကို ထိတွေ့ချင်ပေမယ့် မဝံ့ရဲခဲ့ဘူး။
မာရီယို ဖာလက်ကတော့ မဆွတ်ခင်က ညွတ်ချင်နေသူရယ်။ ချာလီ အက်စ်မေယာ ရေချိုးနေတုန်း အခန်းထဲဝင်လာပြီး သူ့ကိုယ်သူ ပွတ်သပ်ပြပေမယ့်လည်း ချာလီ အက်စ်မေယာက ထိတွေ့မလာဘူး။ ချာလီ အက်စ်မေယာရဲ့ ထိတွေ့လာမှုကို ငံ့လင့်နေပေမယ့် ထိတွေ့မလာတော့ ထိတွေ့လာအောင် ကြံဖန်တယ်။ သင်တန်းသားတယောက်နဲ့ ပြဿနာဖန်တီးပြီး နေရာကနေ တဇွတ်ထိုးထွက်သွားတယ်။ ရေချိုးခန်းထဲ။ ချာလီ အက်စ်မေယာ လိုက်လာမယ်ထင်လို့ပေါ့။ တကယ်လည်း ချာလီ အက်စ်မေယာဟာ စိတ်ဆိုးမာန်ဆိုးလိုက်လာပြီး ဆူပူအော်နေချိန်မှာ မာရီယို ဖာလက်က ချာလီ အက်စ်မေယာရဲ့နှုတ်ခမ်းကို ဆတ်ကနဲ နမ်းချလိုက်တယ်။ ဒီတော့လည်း မာရီယို ဖာလက်ကို ထိတွေ့ချင်ချင် ဖြစ်နေတဲ့ ချာလီ အက်စ်မေယာလည်း ဘယ်နေမလဲ။ ခုနက ဒေါသတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီး မာရီယို ဖာလက်အပေါ် အနမ်းမိုးတွေ ရွာချလိုက်တာ မစဲတမ်းပါပဲ။
အဲ့ဒီနောက်ပိုင်း ချာလီ အက်စ်မေယာက သူဟာ ဂေးတယောက်ပါလို့ ဇနီးသည်အပေါ် ဝန်ခံလိုက်တယ်။ ဇနီးသည်ရဲ့ မျက်နှာကိုကြည့်ပြီး ဆက်ပြီး မဖုံးကွယ်ချင်တော့လို့ပါ။ ဇနီးသည်ဟာ သူ မူပျက်နေတာကို ရိပ်မိနေတာ ကြာပြီ။ ဒါပေမယ့် ဘာကြောင့်လဲ မမေးရက်ဘူး။ အချစ်လျော့သွားပြီလား၊ ဖောက်ပြန်နေပြီလား၊ အသစ်တွေ့နေပြီလား စသဖြင့် မေးချင်ပေမယ့် မကြားရဲဘူး။ ဒါပေမယ့် လင်ဖြစ်သူထံက မမေးဘဲနဲ့ ဖွင့်ပြောဖို့ကို ငံ့လင့်နေတယ်။ အဲ့ဒီတော့ ချာလီ အက်စ်မေယာလည်း ဇနီးသည်အပေါ် မဖုံးကွယ်ချင်တော့လို့ အကုန်ဖွင့်ပြောလိုက်တယ်။ ကိုယ်ဟာ ဂေးပါလို့၊ လိင်တူချစ်တဲ့သူပါလို့၊ တလျှောက်လုံး ဒီစိတ်ကို ဖုံးကွယ်နေခဲ့မိတာပါလို့။ ကိုယ်ငယ်ငယ်က မိဘတွေကို ကိုယ့်အကြောင်း ဖွင့်ပြောခဲ့ဖူးတယ်။ ကိုယ့်အမေဟာ ကိုယ့်ကိုလက်မခံဘူး။ နောက် ဒီစကားကို ဘယ်တော့မှ မပြောရင် ကောင်းမယ်တဲ့။ ကိုယ့်အဖေကဆို လှည့်မကြည့်တော့တာ ဒီနေ့အထိပါပဲတဲ့။ ဒီလိုတွေ ကြားလိုက်ရတော့ ဇနီးသည်ဟာ မျက်ရည်ကျရုံသာကျတယ်။ ချစ်တဲ့စိတ်နဲ့ ဘာမှ ပြန်မပြောဘူး။
ချာလီ အက်စ်မေယာ ပြောတာကိုကြည့်ပြီး ကိုယ်အတွေးဝင်မိတယ်။ လောကကြီးမှာ လိင်တူချစ်ခြင်း၊ ဖြစ်တည်မှုကို နားလည်လက်ခံမပေးတဲ့ မိဘတွေကြောင့် သားသမီးတွေဟာ လမ်းမှားတွေ လိုက်နေမိတတ်တယ်လို့ ကိုယ်တွေးမိတယ်။ မိဘက လက်မခံလို့ လင်ယူကြ၊ မယားယူကြနဲ့။ မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းကြရတယ်။ တဘဝလုံး စိတ်မချမ်းသာကြရဘူး။ တချို့များဆို ဆူဆိုက်ပစ်ကြတယ်။ ပခုက္ကူမှာ ဂေးလေးတယောက် သူ့ဖြစ်တည်မှုကို မိဘတွေက လက်မခံလို့ ဆူဆိုက်ပစ်ဖူးတယ်။ ဒီလိုလူစားတွေ အများကြီး တွေ့ဖူးပါတယ်။ ချာလီ အက်စ်မေယာဆိုရင်လည်း မိဘတွေက လက်မခံလို့ မယားယူလိုက်ရတယ်။ အကျိုးဆက်ကတော့ တဘဝလုံး ကိုယ့်ကိုယ်ကိုယ် လူလိမ်လူညာတယောက်လို ခံစားရပြီး မပျော်ရွှင်ရတော့ဘူး။
ဒါပေမယ့်လေ ချာလီ အက်စ်မေယာဟာ ဇနီးသည်ကို လီဆယ်ပြီး ပြောသလားတော့မသိဘူး။ အားလုံးရှေ့မှာ သူ့ကိုယ်သူ ဂေးပါလို့ ဝန်မခံရဲသေးဘူးလေ။ ရုပ်ရှင်ကိုကြည့်ရင်း နောက်မှာ ချာလီ အက်စ်မေယာ ပြောတဲ့စကားတွေ၊ လုပ်ရပ်တွေကိုကြည့်ပြီး သုံးသပ်နိုင်တယ်။
မာရီယို ဖာလက်နဲ့ ချာလီ အက်စ်မေယာတို့ နှစ်ယောက်သားဟာ ချစ်သူတွေလို နေကြတယ်။ လူလစ်ရင် လစ်သလို လိင်ဆက်ဆံကြတယ်။ မာရီယို ဖာလက်ကတော့ နှစ်ယောက်သား တွဲနေတာကို လူသိမှာ တစိုးတစိမှ မစိုးရိမ်ပေမယ့် ချာလီ အက်စ်မေယာကတော့ လူသိမှာ ကြောက်တယ်။ ဒါ့ကြောင့်လည်း တိတ်တိတ်ကလေးတွဲကြဖို့ ပြောတယ်။ မာရီယို ဖာလက်ကတော့ မရဘူး။ ပွင့်ပွင့်လင်းလင်း တွဲချင်တယ်။ အားလုံးရှေ့မှာ ချပြကြဖို့ တိုက်တွန်းတယ်။ လေယာဥ်ပစ်ကျည်ဆန်နဲ့ လုပ်ထားတဲ့ လက်စွပ်ဆင်တူလေး ဝတ်ပေးတယ်။ ချာလီ အက်စ်မေယာကတော့ မင်းဟာ လောကကြီးကို ဘာမှမသိဘူးဆိုပြီး အကြောင်းပြတယ်။ မာရီယို ဖာလက်ကတော့ ဂျစ်ကန်ကန်စိတ်ဓာတ်ပီပီ လောကကြီးအကြောင်း ကျုပ်မသိတာ မဟုတ်ဘူး၊ ခင်ဗျားကသာ သတ္တိမရှိတဲ့ ဂေးအိုကြီးလို့ ပြန်ခံပက်တယ်။
အဲ့ဒီနောက် ချာလီ အက်စ်မေယာမှာ ဆေးလိပ်အလွန်အကျွံသောက်လို့ သွေးအန်ရောဂါ စွဲကပ်လာခဲ့ပါတယ်။ မာရီယိုဖာလက်ကတော့ တကယ်ချစ်တဲ့သူပီပီ အနီးကပ်စောင့်ရှောက်တယ်။ ရောဂါသက်သာလာအောင် လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ပေးတယ်။ တခန်းတည်းအတူနေ လူနာအဖိုးကြီးက မင်းမှာ သားချောလေးရှိတာပဲလို့ ပြောလာတာတောင် ချာလီ အက်စ်မေယာက သူဟာ သားမဟုတ်ဘူး၊ ချစ်သူပါလို့ပြောဖို့ သတ္တိမရှိသေးဘူး။
ခြောက်လကြာသွားတော့ ချာလီ အက်စ်မေယာဟာ မာရီယိုဖာလက်ရဲ့ အနီးကပ် ပြုစုစောင့်ရှောက်မှုတွေကြောင့် လူကောင်းပကတိ ပြန် ကျန်းမာလာခဲ့တယ်။ အဲ့အချိန် မာရီယို ဖာလက်ကတော့ တရားဝင်စစ်သား ဖြစ်သွားပြီ။
မာရီယို ဖာလက်က ဆက်ပြောလာတယ်။ လက်ထပ်ချင်တယ်၊ အတူနေချင်တယ်၊ စစ်တပ်ထဲက လိင်တူချစ်သူစုံတွဲလို့ အသိအမှတ်ပြု ခံရချင်တယ်တဲ့။ ဒီအထိ ချာလီ အက်စ်မေယာဟာ သတ္တိကြောင်တုန်း။
တနေ့တော့ ချာလီ အက်စ်မေယာရဲ့ ဇနီးက ဖုန်းဆက်လာတယ်။ ရှင့်သားက ရှင့်ကို လွမ်းနေတယ်တဲ့။ ဒီတော့ ချာလီအက်စ်မေယာလည်း သားကလေးကို သွားတွေ့ရတယ်။
သားကပြောလာတယ်။ ဖေဖေ ဘာလို့ မေမေ့ကို မချစ်တော့တာလဲတဲ့။ သည်တော့ ချာလီ အက်စ်မေယာက ပြန်ဖြေတယ်။ မဟုတ်တာ သားရယ် ဖေဖေ မေမေ့ကို ချစ်ပါတယ်တဲ့။ အဲ့ဒီအဖြေဟာ အတည်လား၊ လိမ်ညာတာလားတော့ မပြောတတ်ဘူး။ သားက ဆက်ပြောလာတယ်။ မေမေကပြောတယ်၊ ဖေဖေက မိန်းမတွေထက် ယောကျ်ားတွေကို ပိုသဘောကျတယ်ဆို တဲ့။ သားဆီက ဒီလိုကြားလာရတော့ ဘာမှမသိတတ်သေးတဲ့ ကလေးငယ်ကို ဒီလိုလျှောက်ပြောတတ်တဲ့ ဇနီးသည်ကို စိတ်ကွက်သွားသလားတော့ မပြောတတ်ဘူး။ ရုပ်ရှင်ထဲမှာ ချာလီ အက်စ်မေယာရဲ့ ဖြစ်ပျက် သွားတဲ့ မျက်နှာကြီးကို ကိုယ် မဝေခွဲတတ်ဘူး။ သူ့စိတ်ထဲမှာ သားကလေးကို ဒီလိုပြောပြဖို့ အရွယ်မရောက်သေးဘူးလို့ ထင်နေရှာမှာ။ အဲ့အချိန် သားကလေး ဆက်ပြောလာတဲ့စကားနဲ့ အမေးကြောင့် ချာလီ အက်စ်မေယာဟာ အသိနက်နက်တခု ဝင်သွားခဲ့တယ်။ သားဟာ ငယ်ပေမယ့် သားရဲ့စိတ်ဓာတ်က လူကြီးဖြစ်နေပြီး မိမိသည် လူကြီးဖြစ်နေပေမယ့် စိတ်ဓာတ်က ကလေးငယ်သာသာဖြစ်ကြောင်း အသိဝင်သွားခဲ့တယ်။ သားပြောတာကတော့ သားလည်း မိန်းကလေးတွေထက် ယောကျ်ားတွေကို ပိုစိတ်ဝင်စားပါတယ်၊ သားတို့အတန်းထဲက လူးဝစ်ဆိုတဲ့ကောင်လေးကို သား အရမ်းစိတ်ဝင်စားတယ်။ ဒါနဲ့ ဖေဖေ့ရဲ့ ကောင်လေးနာမည်ကရော ဘယ်သူလဲဟင် တဲ့။
သားဆီက ဒီစကားတွေ ကြားလာရတော့ ချာလီ အက်စ်မေယာ ကြောင်အ,သွားတယ်။ နောင်နေ့တွေအထိ ကြောင် အ,နေတုန်းပဲ။ သူ့စိတ်ထဲမှာ တွေးနေလိမ့်မယ်။ ငါ့သားကတောင် ငါ့အကြောင်းကိုသိပြီး ငါ့ကို နားလည်ပေးနေပြီ။ ငါကတော့ ငါ့စိတ်ကို ငါသိပါလျက်နဲ့ ကိုယ့်ကိုယ်ကို လိမ်ညာဖုံးကွယ်ပြီး နေနေတယ်။ ငါဟာ အလွန်တကာမှ သတ္တိသွေးကြောင်သူဖြစ်တယ်။
ဒီလို တွေးလိုက်နေမိတယ် ထင်ပါရဲ့။ ချာလီ အက်စ်မေယာဟာ နေရာက ဆတ်ကနဲထပြီး မာရီယို ဖာလက်ဆီ သွားတယ်။ အဲ့အချိန် မာရီယို ဖာလက်ဟာ ရှေ့တန်းရောက်နေပြီ။ ချာလီ အက်စ်မေယာကလည်း မာရီယို ဖာလက် ရှေ့တန်းက ပြန်အလာကို စောင့်မနေတော့ဘူး။ ချက်ချင်း ကားကိုမောင်းပြီး ချစ်ရသူ မာရီယို ဖာလက်ရှိရာ ရှေ့တန်းကို အပြင်းနှင်တယ်။ ရှေ့တန်းရောက်တော့ မာရီယို ဖာလက်ကို အသင့်တွေ့ရတယ်။ ချာလီ အက်စ်မေယာက စစ်သားတွေအားလုံးရှေ့မှာ မရှက်မကြောက် ပြောလိုက်တယ်။ ဖာလက် ငါ မင်းကို လက်ထပ်မယ်၊ မင်းတောင်းဆိုတဲ့အတိုင်း ဒူဘိုင်းကို ပျားရည်ဆမ်းခရီး ထွက်ကြမယ်။ ပြီးတော့ ဆေးတွေလည်း သုံးကြတာပေါ့။ နှစ်ယောက်သားဟာ အားလုံးရှေ့မှာ တယောက်နှုတ်ခမ်းကို တယောက် အငမ်းမရ စုပ်နမ်းလိုက်ကြတယ်။
ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။ ဇာတ်လမ်းပြီးသွားပေမယ့် ကိုယ်ကတော့ အတွေးတွေထဲ မျောနေတုန်း။ လောကကြီးမှာ ချာလီ အက်စ်မေယာလို လူစားတွေလည်း တွေ့တွေ့နေရတဲ့အကြောင်း ကိုယ်တွေးနေမိတာ။ ဂေးဖြစ်နေပြီး သားသုံးယောက်ရနေပြီဖြစ်တဲ့ လူတယောက်အကြောင်းလည်း အတွေးထဲ ဝင်လာတယ်။ သူ့ရဲ့သားအကြီးက ကိုယ်ရေးတဲ့ ဝတ္ထုလေးတွေဖတ်ပြီး LGBT ဆိုတာ ဘာလဲလို့ မေးလာခဲ့ဖူးတယ်။ ကိုယ့်မှာ ရှင်းပြချင်ပေမယ့် သူ့အဖေ့မျက်နှာ ပြေးမြင်ပြီး ရှင်းမပြဝံ့ဘူး။ မင်းကြီးလာတဲ့အခါ အလိုလို နားလည်လာပါလိမ့်မယ်လို့ပဲ ပြောပြခဲ့ရတယ်။
တချို့ကျတော့ သူ့အမူအရာကြည့်ပြီး ဂေးမှန်း သိသာနေပေမယ့်လည်း ဂေးပါလို့ ဝန်မခံသူတွေကို တွေ့ဖူးတယ်။ သူတို့ကို ဂေးဆိုပြီး လူတွေက နားလည်ပေးကြပေမယ့် သူ့ကို ဂေးလို့ သတ်မှတ်ကြတာကို လုံးဝမကြိုက်ကြဘူး။ ခံပြင်းကြတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခြင်းပဲ။ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားခြင်းဟာ ကိုယ့်ကိုယ်ကို နှိပ်စက်နေခြင်းပဲ။ အဲ့ဒီတော့ သူ့စိတ်ဟာ ပူလောင်နေမှာ။ မပျော်ရွှင်တော့ဘူး။ ကိုယ့်ကိုယ်ကို လူလိမ်လူညာဇာတ်သွင်းတာ။ ဒီလိုလူမျိုးတွေဟာ လူဖြစ်ရှုံးသူတွေနဲ့တူတယ်။
ဒီရုပ်ရှင်လေးကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားခြင်းကနေ လွတ်မြောက်ဖို့ မျှော်လင့်တယ်။ ချာလီအက်စ်မေယာဟာ သားဖြစ်သူရဲ့စကားကြောင့် ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားခြင်းကနေ လွတ်မြောက်ခဲ့ပြီ။ ဒီရုပ်ရှင် ရိုက်ကူးနေချိန်မှာ ချာလီ အက်စ်မေယာနဲ့ မာရီယို ဖာလက်တို့ဟာ စစ်တပ်ထဲမှာပဲ တာဝန်ထမ်းဆောင်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Director: David Wagner
About The Call 320 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*