
“Hostage Politics (သို့မဟုတ်) ယတြာနိုင်ငံရေး”
——————————————
” အကျဉ်းသား ၆၀၀၀ ပြန်လွှတ်လိုက်ပြီ..တဲ့”
ကပ္ပိယကြီး ဦးထုံက “မြောက်မီယမ်မာ” သတင်းစာကိုကိုင်ရင်း အာမေဋိတ် သံပြုလိုက်ရာ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်သောက်နေသော ဗိုလ်ထိပ်ခေါင်က မျက်ခုံးနှစ်ဖက်ကို ဆတ်ခနဲပင့်လိုက်ရင်း …
”ဟာ… ဒီကပ္ပိယကြီးကလည်း.. ခက်ပဗျာ ၊ ဒီသတင်းများ ထူးသမှတ်လို့”
”ထူးသပ ဗိုလ်ခေါင်ရ ၊ ကိုမြအေးတို့ ရွှေညဝါဆရာတော်တို့ အပြင် စာရေးဆရာတွေ၊ လူရွှင်တော်တွေပါ လွတ်လာတာကိုး၊ ပြီးတော့ ရှော်တနဲ ဆိုလား..ဘာလား…….”
ကပ္ပိယကြီး က သူ့စကားကို ခိုင်မာအောင် အချက်အလက်တွေ ထပ်ဖြည့် အတည်ပြုနေဆဲ ဗိုလ်ထိပ်ခေါင်က အကြမ်းပန်းကန်လွတ်ကို ဂွပ်ခနဲ ဆောင့်ချလိုက်ရင်း…
”စီးပွားရေး အကြံပေး ပုဂ္ဂိုလ် ရှောင်တာနဲပါဗျာ..၊ ကပ္ပိယကြီးကလည်း၊ ဒါများ ဘာဆန်းလို့လဲဗျာ.. တချို့ဆို လွတ်ရက်က စေ့ခါနီးနေပြီ၊ ရက်ပိုင်းပဲ လိုသဲ့ဟာ”
”ဘာဖြစ်ဖြစ်..လွှတ်ပေးတာ ဝမ်းသာရမှာပဗျာ”
”အင်း…ခမျာ့တို့ မလဲ
ခုဝမ်းသာလိုက်၊ ခုဝမ်းနည်းလိုက်..၊ ငိုလိုက်.. ရီလိုက်နဲ့ အမှတ်မရှိကြပဲကိုးဗျ”
”ဘာအမှတ်မရှိရမှာလဲ
ဗိုလ်ခေါင်ရ၊ တဆိတ်လောက် လင်းစမ်းပါအုံး”
”ဒီ…စခတွေက ကျုပ်တို့ပြည်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်တွေ အကုန်ပေးပြီး ဦးကုန်းချတောင် ကျုပ်တို့ ရစရာရှိတဲ့အကြွေးတွေ မကျေသေးဘူးဗျ”
ဗိုလ်ထိပ်ခေါင်က အေးစပြုနေတဲ့ ကရားထဲကရေနွေးကြမ်းတခွက်ငှည့်သောက်ရင်း
”ကပ္ပိယကြီးရ… ခင်မျာ့လို (၇၀) တန်းတယောက်အနေနဲ့ ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး ကောင်းကောင်းမှီခဲ့တာပဲ”
”မှီပါ့ဗျာ…ကျုပ်တို့တွေ ကိုယ်တိုင်ကိုယ်ကျ မဲပေးခဲ့ပြီး သောင်ပြိုကမ်းပြို နိုင်ခဲ့သေး”
”ဟုတ်ပ…အဲ့တုန်းက ရွေးကောက်ပွဲကြီးပြီးရင် နိုင်တဲ့လူ တာဝန်လွှဲပြီး စစ်တန်းလျားပြန်မယ်ဆိုတဲ့ စစ်တပ်.. ဘာဆက်လုပ်သတုန်း”
”ဘာဆက်လုပ်သတုန်း.ဆက်ပါအုံး ဗိုလ်ခေါင်ရာ”
”ပြည်သူက တိုင်းပြည်အုပ်ချုပ်ဖို့ ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ဖမ်းဆီးတယ်၊ ခြိမ်းခြောက်တယ်၊ ထောင်ချတယ်၊ သေတဲ့အထိ နှိပ်စက်တယ်၊ ဒီလို..ခဏတာ နှိပ်စက်တာမဟုတ်ဘူးနော်၊၂၀၁၀ အထိ… တချို့ နီပိန်းလို့ အခေါ်ခံခဲ့ရတဲ့ NLD တွေဟာ စီးပွားပျက်၊ ရာထူးပြုတ်၊ မိသားစုအဆွယ်အပွားတွေပါ အညိုးအတေးထား ဒုက္ခအပေးခံ၊ လုပ်ကြံခံကြရပြီး စခတွေနဲ့ ရင်ဆိုင်လာခဲ့တာ နီပိန်းရုံမကဘူး။ နီနီစွေးစွေး ခွပ်ဒေါင်းသွေးနဲ့ ရင်ဆိုင်လာခဲ့တာ နှစ်ပေါင်း(၂၀) … ”
”ဟော…ခုတခါ လာပြန်ပြီ၊၂၀၂၀ ခုနှစိ သောင်ပြိုကမ်းပြိုရွေးကောက်ပွဲပြီးရော ပြည်သူတွေက သူတို့ သတ်ဖို့၊ ညှင်းပန်းနှိပ်စက်ဖို့ ကိုယ်စားလှယ်ရွေးပေးသလို လုပ်ကြပြန်ရော..ကတောက်စ်… ကိုယ့်သမီးမုဒိမ်းကျင့်ခံရဖို့ အမေကိုယ်တိုင်ကရွေးပေးရသလိုမျိုး၊ အခန့် မသင့်ရင် အမရော၊ အဒေါ်ရော… တဆွေလုံး တမျိုးလုံးပါ အကျင့်ခံရတာ..”
”၂၀၀၈- ခြေဥကျ..အာ့ကျ ကျ ဘာထူးသေးလဲ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို အဓမ္မကျင့်ထားတာ ၊ဖဲထုပ်ကို သူချိုးသူဝေ သူပဲဒိုင်ကိုင်ပြီး Marker ထုပ်နဲ့ အပိုင်ရိုက်ခဲ့တာ။
”ဟုတ်ပ…ဗိုလ်ခေါင်ရာ..ခုသူတို့ လူတွေကျတော့ ဘွဲ့တံဆိပ်တွေ ပေးနေလိုက်တာ…ဇော်မဲလုံးက ဇေယျကျော်ထင်၊ ဝီဝီကသီဟပျံချီတဲ့…ပြည်သူ့နှလုံးသားကို တံတွေးနဲ့ ထွေးသလို…”
”အံမယ်….ဒီတခါတော့ ကပ္ပိယ ကြီးစကားတွေက လွှတ်လှဗျာ၊ ဟုတ်တယ် ကပ္ပိယကြီးရ.. သူတို့က ပြည်သူတွေကို လူလို့မမြင်ဘဲ တိရိစ္ဆာန်လို သဘောထားကြတာ၊ ပြည်သူ့အာဏာကို ဓားပြတိုက် ယူထားပြီး အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံသိထင်ရှားသူတွေကို မလိုအပ်ဘဲဖမ်းထား UN တို့ HRW တို့က တရားဝင် အော်တော့မှ ရာဇဝတ်သားတွေနဲ့ နည်းနည်းချင်း ရောလွှတ်ပြ။ တန်ခိုးကြီးဘုရားတွေမှာ ယတြာအတွက် ရောင်းတဲ့ ငှက်တွေ၊ ငါးတွေလို သဘောထားခဲ့ကြတာ”
”ဒါဆို…သူတို့လုပ်ရပ်ကို ဘယ်လိုပြောရမလဲ ဗိုလ်ခေါင်ရ”
”Hostage Politics
ပြည်သူကိုတန်ဆာခံလုပ်တဲ့ ပြန်ပေးဆွဲနိုင်ငံရေး
(ဒါမှမဟုတ်) ယတြာနိုင်ငံရေးပေါ့ဗျာ။ “
– ငါးမျဉ်းစောင်း မင်းထိပ်ခေါင် (ရေးသည်)
( ၅/ဒေသ၊ ရွာတရွာရှိ ”ထိပ်ခေါင်”လက်ဖက်ရည်ဆိုင်ကို စခတွေက မီးနဲ့ရှို့ခဲ့တဲ့အတွက် ဒင်းတို့ကို လက်စားပြန်ချေပြမယ်ပြောမိတဲ့ အသက် (၄၀) အရွယ်ဆိုင်ရှင် ကိုပုကို ရွာမှလူငယ်များက ဗိုလ်အဖြစ် ရာထူးခန့်ပေးလိုက်ပြီး သူ့ရဲ့ထိပ်ခေါင်လက်ဖက်ရည်ဆိုင်ကိုအစွဲပြုကာ ဗိုလ်ထိပ်ခေါင် ဖြစ်လာခဲ့ပါတယ်။
ဗိုလ်ထိပ်ခေါင်နဲ့ ဆွေးနွေးသွားတဲ့ ကပ္ပိယကြီး ဦးထုံရဲ့နာမည်ရင်းက ဦးစုံပါ။ ရွာဦးကျောင်း ဆရာလော်-မဘသအထိုင် ကွန်ဆာဗတစ် တပည့်ရင်း ခပ်ထုံထုံမို့ ဦးစုံက ဦးထုံ ဖြစ်သွားသူပါ။ သူ့ကိုလူတွေက ဦးထုံအခေါ်ခံရတာ နာကြည်းပြီး ဆရာလော်အလစ်ရွာထဲဝင် သတင်းစာဖတ်ရင်း ဗဟုသုတများ ရှာမှီးနေသူပါ)။
Be the first to comment