“Interregnum”
ဒီမောင်
တိုက်ဆိုင်မှုဟာ အသီးတလုံးဆိုပါစို့။ အဲဒီထဲမှာ ဘာတွေ ဖြစ်တည်နေမလဲ။ ဒါမှမဟုတ် အဲဒီထဲမှာ ဘာမှမရှိတာရော မဖြစ်နိုင်ဘူးလား။
‘သံလိုက်စက်ကွင်းရဲ့ ဝင်ရိုးစွန်းနှစ်ဘက်က ပင့်သက်များ’
စကားလုံးတွေဟာ လေ့ကျင့်ရေးကွင်းထဲက ဘောလုံးတွေလို။ ပွဲကြည့်စင်ပေါ်က ထိုင်ကြည့်နေတာမဟုတ်ရင် ပြည်သူ့ရင်ပြင်က ရေပန်းတခုရဲ့ ပိုက်ခေါင်းလည်း ဖြစ်နိုင်တာပဲ။ အချိန်ကာလတခုမှာ ရပ်တန့်သွားမလား။ ဒါမှမဟုတ်လည်း ရေပန်းတခုရဲ့ ဖြစ်တည်ခဲ့ခြင်း အဓိပ္ပါယ်ထဲမှာပဲ ရေညှိအလိမ်းလိမ်းနဲ့ ဆက်လက် ရှင်သန်နေဦးမှာလား။
အနီးအဝေးကိစ္စဟာ သံလိုက်စက်ကွင်းတခုကို ပြောင်းပြန်လှည့်မိလိုက်ရုံနဲ့ ဘယ်တော့မှ နီးကပ်ဖို့ မဖြစ်နိုင်တော့သလို လွယ်ကူလား။ ဆောင်းဦးရဲ့ မနက်ခင်းနှင်းမြူတွေလို တစိမ့်စိမ့် ဝေဝါးရာကနေ မေးခွန်းတွေအဖြစ် ပေါင်းစပ်မိတာကလည်း မထူးဆန်းတော့တဲ့ သီအိုရီတခုကို ပင့်သက်အရှည်ကြီးတွေကြားမှာ လှမ်းမြင်နေရသလို။
‘မေ့ဆေးပြယ်ကာစ ခွဲစိတ်ခန်းထဲက မျက်လုံးများ’
ပက်ကြားအက်နေတဲ့ နှုတ်ခမ်းတစုံမှာ ရေထက် ပိုဆာလောင်နေတဲ့ တဝက်တပြက် စကားလုံးတွေထဲမှာ ငယ်ဘဝဆိုပြီး လိမ်ပြောလိုက်ရတဲ့ အမည်နာမတခုဟာ ခပ်တိုးတိုးလေး တိုးထွက်နေလိမ့်မယ်။ ဘယ်သူမှ နားမလည်သော၊ သတိမထားဖြစ်သော၊ ဒါမှမဟုတ် သူသတိရလာပြီဆိုသော ပစ္စုပ္ပန်ဆန်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဟာ ခွဲစိတ်ခန်းထဲက မီးလုံးတွေထက် ပိုဖို့ သိပ်ကို ခက်ခဲနေကြမှာ။
ဆည်းဆာလား၊ မနက်ခင်းတခုလား။ နေ့တနေ့ရဲ့ နေ့လား၊ ညလား။ တခါတလေ ကိုယ်ရောက်နေတဲ့နေရာကို တခြားလူတယောက်ကို မေးရတာမျိုးလည်း ဘဝမှာ ကြုံဖူးရမယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက်တော့ လေးဖြူရဲ့ ‘လေလွင့်လူ’ ထဲမှာ ထိုးဖွက်ခဲ့ရတဲ့ စာရွက်နွမ်းလေးတွေမှ တထပ်ကြီး။
‘ဧကရီရဲ့ လျှာဖျားပေါ်က မှဲ့ဟာ တက်တူးနဲ့ ချာတိတ်တယောက်သာဆိုရင်’
သူဟာ အိပ်မက်ထဲက ဝရုန်းသုန်းကား ထွက်ပြေးနေတယ်။ ဘယ်ကိုလဲ၊ ဘာကြောင့်လဲ။ တခါတလေ အရှိန်နဲ့ အပြင်းနှင်နေတဲ့ ကားတစီးပေါ်မှာ ဘယ်လိုစောဒကမျိုးမှ တက်ပိုင်ခွင့်မရှိဘဲ လိုက်ပါသွားရသလိုမျိုး။ ကားကိုဘယ်သူမောင်းနေလဲဆိုတဲ့ မေးခွန်းကိုတော့ ဘယ်သူကမှ ကြိုးစားပြီး သိချင်ကြမှာမဟုတ်ဘူး။ ဒါကလည်း ကင်းဘတ်စပေါ် ဥဒဟိုကျလာတဲ့ ဆေးသားတွေရဲ့ ရွေးချယ်မှုကင်းမဲ့တဲ့ ပင့်သက်ရှည်တွေလိုပဲ ဖြစ်လိမ့်မယ်။
အဝေးပြေးလမ်းမကြီးဟာ အဝေးကို ပြေးနေတာလား။ ဒီလိုမှမဟုတ်ရင် သူ့အနားမှာ ပြတ်ကျနေတဲ့ အပိုင်းအစတွေကို ဘယ်သူမှမသိအောင် တိတ်တိတ်လေး ခိုးဆက်ထားတာလား။ မျက်တောင်တဆုံး၊ မျက်စိတဆုံး၊ ပြီးတော့ ဘဝတဆုံး။ အဝေးပြေးလမ်းမတဆုံး။ ကားတွေ။ ကားပေါ်က သူ့ကိုပေးမသိချင်တဲ့၊ တနေရာရာကို သွားနေကြတဲ့၊ ဘယ်ကိုမှန်းမသိတဲ့ သူစိမ်းတွေ။
ဘဝမှာ သိဖို့မလိုအပ်မှန်း သိလျက်နဲ့ သိချင်နေမိတဲ့ မသိစိတ်ရဲ့ နှုတ်ခမ်းသားတွေဟာ မာယာပဲ။
Be the first to comment