“Metaphor”
ဘဘဝ
ဒရုန်းနှင့် လေယာဉ်များသည် ကျွန်ုပ်တို့မြို့ကို ပေါစေပြီး စစ်ရဲ့ ဒဿနသည် စစ်သားစုဆောင်းရေးပင်ဖြစ်တယ်။ ထိုလူများကြောင့် လမ်းဘေးစားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များတွင် ပြည့်နှက်နေလေရဲ့။ မင်းကြည့်လိုက်လေ၊ နေရာတိုင်း ကော်ဖီဆိုင်တွေရှိတယ်။ ကဖိန်းဓာတ်နဲ့ တည်ဆောက်ထားတဲ့မြို့လို့ မင်းထင်မှာလား။ ကဖိန်းဓာတ်နှင့်အတူ ဒရုန်းနှင့်လေယာဉ်ပျံတွေ မျိုးပွါးနေကြတယ်လေ။
ဒီနေ့လည်တော့ မော်ဒန်လို့ ခေါ်တဲ့ လက်ဘက်ရည်ဆိုင်ကို သွားဖို့ ရွေးချယ်လိုက်တယ်။ ကျောက်မြောင်း၊ တာမွေဘက်ကနေ ကျယ်လောင်သော နိုဝင်ဘာလေပြင်းများနဲ့အတူ မော်ဒန်တီးဟောက် ရောက်နေလေရဲ့။
အဆုံးစွန်သောအတွေးအခေါ်ကို မော်ဒန်လက်ဘက်ရည်ဆိုင်က ချုပ်နှောင်မရ။ ကဗျာဆရာရဲ့ စိတ်ကြွဆေးများကို မော်ဒန်လက်ဘက်ရည် လာသောက်သူများကအစ သတင်းသမားများအဆုံး လျစ်လျူရှုထားပါ။ သို့သော် ကဗျာဆရာကို ယုံကြည်လိုက်ပါ။ ကဗျာဆရာသည် စကားလုံး ပန်းပုထုဆရာတယောက်ဖြစ်သလို ဆယ်ကျော်သစ်တွေရဲ့ရင်သားကို လွန်စွာစုံမက်သူဖြစ်တယ်။
ကော်ဖီဆိုင်၏အတွင်းပိုင်းက ပိုအေးပြီး လူကို လန်းဆန်းစေတယ်။ ကော်ဖီဆိုင် အလယ်ဝိုင်းတဝိုင်းက အနက်ရောင် ဆံပင်ရှည်ကို ဖားလျားချ၊ လိမ္မာပါးနပ်သော အမျိုးသမီးငယ်တဦး၊ သူမ၏ ဦးခေါင်းထိပ်မှာ ပန်းတွေစိုက်လို့။ သတို့သမီးလိုလို။ သူမသည် တင်းကျပ်သော အပြာရောင် အင်္ကျီလည်ဟိုက်ကို ဝတ်ဆင်ထားတယ်။ သေချာကြည့်လိုက်တော့ ဘုရားသခင်ရဲ့ အိတ်စ်ပဲ၊ အနားကပ်ပြီးပြောတယ်။ ကဗျာတပုဒ်ရဲ့ ပထမစာကြောင်းကို တက်တူးထိုးထားတယ်ဆိုပဲ ၊
“ April is the cruelest month “*
နွေဦးတော်လှန်ရေးပဲ၊ အက်စ်ပရက်ဆို double shot ကို ဆက်သောက်တယ်။ ကော်ဖီခါးခါးပိုင်ရှင် ကိုဝင်းမင်းထွေးများရောက်နေမလား။ ဆိုင်ကောင်တာကနေ သီချင်းသံ သဲ့သဲ့ ဆောင်းလေနဲ့အတူ လွင်ပျံ့လာတယ်။ ဘော့ဒိုင်လန်ရဲ့ Blowin’ in the Wind’ ပဲ။
ဂီတာဟာ လည်မြိုညှစ်ထားတဲ့ ကြိုးတပ်တူရိယာပဲ၊ မော်ဒန်လက်ဘက်ရည်ဆိုင်က ဝန်ထမ်းကို လက်ပြပြီး ထ လစ်လိုက်တယ်။ တာမွေဘက်မှာ ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ပြနေတယ်။
* T S Eliot’s The Waste Land
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
