
‘NUG သို့ ပေးစာ’

နုဂျီ့ကို ပြောချင်တဲ့စကားတွေ နုဂျီကြားအောင် ဘယ်ကနေ ပြောရမှန်း မသိလို့ ဒီနေရာကနေ လှမ်းပြောပါရစေခင်ဗျ။
ဒီလိုပါနုဂျီခင်ဗျ။ ကျနော်တို့ဒေသမှာ နယ်မြေ အတော်ကြီးကို စိုးမိုးနိုင်ခဲ့ပါပြီခင်ဗျ။ ဘယ်လောက်အထိ စိုးမိုးနိုင်သလဲဆို ၂၀၂၅ ထဲမှာ မင်းအောင်လှိုင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ရဲ့ နယ်မြို့မှာ မဲရုံ ဖွင့်လို့ မရပါဘူး။ မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေရှိလို့ တမြို့လုံးက ရှောင်တိမ်းနေကြတာ အာဏာသိမ်းကတည်းက အခုထိပါ။ အဲ့ဒီမြို့မှာ စစ်သားတွေကလွဲလို့ ဘယ်ပြည်သူမှ မရှိပါဘူးတကယ်ပါ။ ပျူစောထီးရွာအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့လို့ နေရပ်ပေါင်းစုံ တိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်း အိမ်ပြန်နိုင်ခဲ့ကြပါပြီခင်ဗျ။ မသိမ်းနိုင်သေးတဲ့ ပျူစောထီးရွာအချို့ ရှိသေးပေမယ့် အဲ့ဒီပျူစောထီးရွာကနေလည်း မဲတပြားမှ ရမှာ မဟုတ်ပါဘူး။ ပျူစောထီးတွေကလွဲလို့ ဘယ်ပြည်သူမရှိလို့ပါ။ အဲ့လောက်အထိ နယ်မြေစိုးမိုးနိုင်ခဲ့ပါပြီခင်ဗျ။
နုဂျီခင်ဗျ
အဲ့လို နယ်မြေစိုးမိုးနိုင်တဲ့အတွက် ကျနော်တို့နယ်မြို့နဲ့ ပျူစောထီးရွာတွေကလွဲလို့ ရွာတိုင်းနီးပါး NUG လက်အောက် ကြားကာလပညာရေးကျောင်းတွေလည်း ဖွင့်နေကြပါပြီခင်ဗျ။ နုဂျီဖွင့်ထားတဲ့ တက္ကသိုလ်ကလည်း ကျနော်တို့ နယ်မှာပါခင်ဗျ။ ကျနော်ပြောချင်တာက အဲ့ဒီ စာသင်ကျောင်းက အဖြစ်အပျက်တွေကိုပါ။
စာသင်ကျောင်းတွေမှာပေါ့။ အတန်းငယ်လေးတွေမှာ ကျောင်းသူဦးရေ များပြားတယ်။ ဒါပေမယ့် အတန်းကြီးလာလေ ကျောင်းသားကျောင်းသူဦးရေ နည်းနည်းလာလေ ဖြစ်နေတယ်ခင်ဗျ။ လျော့သွားတာတွေထဲမှာ ကျောင်းသူက နည်းပြီး ကျောင်းသားက များများလာတယ်။ ကျောင်းသူတွေထက် ကျောင်းသားတွေက ကျောင်းထွက်သွားကြတာ ပိုများလာတယ်လို့ ဆိုချင်တာပါ။
ကျောင်းသူတွေထက် ကျောင်းသားတွေက ကျောင်းထွက်သွားကြတာ ပိုများလာတာက ဘာကြောင့်လို့ နုဂျီထင်လဲခင်ဗျ။ ဒီလိုပါ။ ရွာတိုင်းရွာတိုင်းမှာ တော်လှန်ရေးအဖွဲ့တဖွဲ့စီ ရှိကြပါတယ်။ ရွာကို ကာကွယ်ဖို့အတွက်ရော ရှေ့တန်းရှိရင် အဆင်သင့် လိုက်ဖို့ ဖွဲ့ထားကြတာပါ။
အဲ့ဒီ တော်လှန်ရေးအဖွဲ့ထဲမှာ အဖွဲ့သားတွေဟာ ဆယ့်ငါးနှစ်အရွယ်လေးတွေ ရှိကြပါတယ်။ ဘယ်က ကောင်လေးတွေ ဖြစ်ရမလဲ။ ကျောင်းဆက်မတက်ဘဲ တဝက်တပျက်နဲ့ ကျောင်းထွက်သွားကြတဲ့ ကောင်လေးတွေပါ။
အဲ့ဒီကောင်လေးတွေဟာ တော်လှန်ရေးသမားဖြစ်ဖို့ အလွန်ကို နုနယ်ပါသေးတယ်။ အဲ့ဒီအရွယ်လေးတွေနဲ့ တိုက်ပွဲဆင်နွှဲမယ်ဆိုရင် ကျရှုံးဖို့ ပိုများပါတယ်။ ဒါကို ကျေးရွာတိုင်းမှာ ရှိကြတဲ့ တော်လှန်ရေးခေါင်းဆောင်တွေက မသိကြတာလား မသိဟန်ဆောင်တာဘဲလားပဲ။ ဘယ်ကောင်လေးက ကျောင်းထွက်ပြီး တော်လှန်ရေးအဖွဲ့ထဲ ဝင်လာလာ လက်ခံနေကြပါတယ်။ မငြင်းပယ်ကြဘူး။ ဟိုကောင်က ကျောင်းထွက်ပြီး အဖွဲ့ထဲ ဝင်ပြီဆိုရင် ကျန်တဲ့ကောင်တွေကလည်း ကျောင်းထွက်ပြီး လိုက်ဝင်ကြတော့တာပဲ။ ရွာတရွာမှာဆို ကျောင်းသား တယောက်မှ မရှိတော့ဘဲ ကျောင်းသူချည်းပဲ ကျန်တော့သတဲ့။ တော်လှန်ရေးအဖွဲ့က ကျောင်းသားတွေကို ကျောင်းထွက်ချင်အောင် လှုံ့ဆော်သလို ဖြစ်နေတယ်။ ကျောင်းသားတွေရဲ့ ရင်ထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်လှန်ရေးစိတ်ဓာတ် ကိန်းအောင်းတာ ကောင်းပေမယ့် တချို့ကကျတော့ တော်လှန်ရေးစိတ်ဓာတ် တကယ်ကိန်းအောင်းလို့မဟုတ်ဘဲ ကျောင်းပြေးချင်လို့ကို တော်လှန်ရေးထဲ ဝင်ကြတာပါ။
ဒါကို နုဂျီ ဘယ်လိုများ စီစဥ်ကြီးကြပ်ပေးနိုင်မလဲခင်ဗျ။ အကြံဉာဏ်တောင်းပါရစေခင်ဗျ။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို ပညာတတ်ကြီးတွေ ဖြစ်စေချင်ကြတာပါပဲ။ ကိုယ့်သားသမီးက ကျောင်းမနေချင်တော့ဘူးလို့ ပြောလာရင် မိဘတွေ ဘယ်လောက် စိတ်ညစ်ကြရတယ်ဆိုတာ နုဂျီသိလောက်မှာပါပဲ။ တော်လှန်ရေးသမားတွေ မြင့်မြတ်စွာ ကျဆုံးနေတဲ့ သတင်းတွေလည်း ကြားရပါတယ်။ အဲ့ဒါကြောင့် နောက်ထပ်အစားထိုးမယ့် တော်လှန်ရေးသမားတွေ လိုအပ်ပါတယ်။ အဲ့ဒါကြောင့်နဲ့ပဲ ဘယ်ကောင်လေးက ကျောင်းထွက်ပြီး ဝင်လာလာ မငြင်းပယ်ဘဲ လက်ခံနေတော့မှာလားခင်ဗျ။ ဝင်လာတိုင်း လက်ခံနေမယ်ဆိုရင် မိဘတွေခမျာ သားက ကျောင်းထွက်လို့ ဝမ်းနည်းရတာရော ဘယ်အချိန် သေသွားမယ် မသိရတဲ့ တော်လှန်ရေးအဖွဲ့ထဲ ဝင်သွားတာရောကြောင့် ဝမ်းနည်းရတာနဲ့ မိအေးနှစ်ခါနာတာပေါ့။ ဝင်လာသူတွေဟာ အားကောင်းမောင်းသန် ယောကျ်ားကြီးတွေဆို တော်သေး။ အခုဟာ ဆယ့်ငါးနှစ်အရွယ်လေးတွေလေ။ အဲ့အရွယ်လေးတွေက ဘဝဆိုတာ ဘာမှန်း မသိသေးတဲ့ နုနုနယ်နယ်လေးတွေပါ။ အဲ့လို နုနုနယ်နယ်လေးတွေနဲ့တော့ တော်လှန်ရေးက အောင်ဖို့ မလွယ်ပါ။
တော်လှန်ရေး အောင်ဖို့ အရေးကြီးသလို ပညာတတ်လေးတွေ များစွာ ပေါ်ထွန်းဖို့လည်း အရေးကြီးပါတယ်ခင်ဗျ။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးကို တည်ဆောက်မယ်ဆိုရင် ပညာတတ်တွေနဲ့ တည်ဆောက်ရတာမဟုတ်လား။ တော်လှန်ရေး ပြီးသွားတဲ့အခါ ပညာတတ်လေးတွေ မကျန်တော့မှာ စိုးပါတယ်ခင်ဗျ။ အခုတော့ ပညာတတ်အလောင်းအလျာလေးတွေဟာ နုနုနယ်နယ်မှာ ကြွေလွင့်ရမယ့် အလောင်းအလျာလေးတွေ ဖြစ်နေပါပြီ။
နုဂျီ တခုခု စီစဥ်ပေးပါလား။ ကျနော့်အမြင်တော့ ဘယ်ကျောင်းသားမှ ကျောင်းမပြီးဘဲ ကျောင်းထွက်ပြီး တော်လှန်ရေးအဖွဲ့ထဲ မဝင်ရ။ ကျောင်းပြီးအောင် တက်ပြီးမှသာ ဝင်ရမယ်လို့ အမိန့်ထုတ်တာမျိုးပေါ့။ တော်လှန်ရေးခေါင်းဆောင်တွေကိုလည်း ကျောင်းပြေးတဲ့ကောင်လေးတွေကို တော်လှန်ရေးအဖွဲ့ထဲကနေ လက်ခံမပေးဖို့ ထုတ်ပြန်တာမျိုးပေါ့။ ကျနော်ကတော့ အကြံကောင်းကောင်း မပေးတတ်ပါဘူး။ နုဂျီဆိုရင် ထိရောက်တဲ့ အကြံဉာဏ်နဲ့ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ယူဆမိလို့ အခုလို အားကိုးတကြီးနဲ့ စာရေးလိုက်တာခင်ဗျ။
အရေးတော်ပုံအမြန်အောင်ပါစေ။
Be the first to comment