ကျီးကန်း
ဒီအချိန်၊ ဒီလိုအခြေအနေတွေမှာ အတင်း စိတ်အားတက်ကြွစရာတွေကို ပြောဖို့ဆိုတာ အင်မတန်မှ ခက်လှပါတယ်။ ကျနော့်အနေနဲ့ Motivation နဲ့ ပတ်သက်ပြီး ရှောင်ခဲ့တာတွေမှ၊ မပြောဖြစ်ခဲ့တာတွေမှ အများကြီးရှိပါတယ်။ အဘက်ဘက်က ခက်ခဲနေချိန်၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် တစုံတရာကို အထောက်အကူပြုစေဖို့ရာ ရည်ရွယ်၍ ဒီစာကို ရေးပါတယ်ခင်ဗျာ။
လူတွေ ဒုက္ခရောက်နေချိန်၊ လူတွေ အခက်အခဲများစွာ၊ စိတ်အားငယ်စရာများစွာ၊ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်တွေ့ကြုံ ကျော်ဖြတ်နေရတဲ့အချိန်မှာ
လူသားတယောက်အနေနဲ့ ဝေမျှခြင်းမေတ္တာကို ကိုင်ဆုပ်လို့ လူသားတယောက်အနေနဲ့ ဒီစာကို ရေးပါတယ်ခင်မျာ။
Resilient (ခံနိုင်ရည်ရှိသော)
Resilient Person (ခံနိုင်ရည်ရှိသူ)
Resilient People (ခံနိုင်ရည်ရှိသောလူတွေ)
Resilient Infrastructure (ခံနိုင်ရည်ရှိသော အခြေခံအဆောက်အဦး)
တကယ်တော့ စာအရပြောရင် Resilient (ခံနိုင်ရည်ရှိသော) ဆိုတာ ဂုဏ်ရည်ပြ နာမဝိသေသန ဖြစ်ပြီးတော့ နာမ်ကို အထူးပြုပါတယ်။ ဒီတော့ Resilient (ခံနိုင်ရည်ရှိသော) ဂုဏ်ပုဒ်နဲ့အတူ အထူးပြု သတ်မှတ်ခြင်းခံရတဲ့ နာမ်၊ လူပုဂ္ဂိုလ်၊ ပစ္စည်း၊ အဆောက်အဦးတွေမှာ ထူးခြားတဲ့အချက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်သလို မတော်တဆ မွေးရာပါ အရည်အချင်းမျိုးလည်း မဟုတ်ပြန်ပါဘူး။
လူ့ပတ်၀န်းကျင်မှာ မကြာခဏ ကြားရတဲ့စကား ရှိပါတယ်။ ကျနော်ဆို ပိုပိုကြားရပါတယ်။ အဲဒါကတော့ မင်းမို့လို့၊ သူမို့လို့ ခံနိုင်ရည်ရှိတာ၊ ငါတို့က မင်းလို၊ သူ့လို မဟုတ်ဘူးလေ ဆိုတာမျိုးပေါ့။ ဟုတ်ပါတယ်။ လူတိုင်းက တယောက်နဲ့တယောက် တူညီဖို့ဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်မယ့်အရာပါ။ အတွေးအမြင်တွေ မတူကြဘူး၊ ရပ်တည်မှုနဲ့ ဖြစ်တည်မှုတွေ မတူကြဘူး၊ ဘ၀ဖြတ်သန်းမှုနဲ့ အတွေ့အကြုံတွေ မတူညီကြပါဘူး။ ဒါ့ကြောင့်ပဲ ကမ္ဘာကြီးက လှနေတာ။
ဒါပေမယ့် Resilient (ခံနိုင်ရည်ရှိသော) ဆိုတဲ့ အရည်အချင်းက မွေးရာပါဗီဇ မဟုတ်သလို ဘုရားပေးတဲ့ဆုလည်း မဟုတ်ပြန်ပါဘူး။ ကြိုးစားယူရတာ၊ ကြိုးစားလေ့ကျင့်ရတာ၊ ကြိုးစားတည်ဆောက်ရတာ ဖြစ်တဲ့အတွက် လူတိုင်းရှိနိုင်တဲ့၊ လူတိုင်းရနိုင်တဲ့ ဂုဏ်သတ္တိ၊ အရည်အချင်းတခုပဲ ဖြစ်ပါတယ်။
Resilient (ခံနိုင်ရည်ရှိသော) ၊ Resilient Person (ခံနိုင်ရည်ရှိသူ)ဆိုတာ တနည်းအားဖြင့် ကြံ့ခိုင်သောသူဆိုတာ ဘ၀တခုမှာ တွေ့ကြုံလာရတဲ့ အခက်အခဲတွေ၊ ဆင်းရဲပင်ပန်းမှုတွေကို ခံနိုင်ရည်ရှိစွာဖြင့် ကျော်ဖြတ်နိုင်စွမ်းရှိကြပါတယ်။ တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်တွေးဆပြီး ပြင်ဆင်ထားတတ်ကြပါတယ်။ ကြိုတင် ပြင်ဆင်ထားမှုတွေကြောင့်ပဲ အခက်အခဲတွေနဲ့ ဆင်းရဲပင်ပန်းမှုတွေကို တွေ့ကြုံလာရတဲ့အခါမှာလည်း ကျော်ဖြတ်နိုင်စွမ်း ရှိကြတာကို တွေ့မြင်ကြရပါတယ်။
ဥပမာအားဖြင့် ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေဟာဆိုရင် ငလျင်လှုပ်နိုင်မယ့် ဘေးအန္တရာယ်အတွက် ကြိုတင်တွေးဆ ဆောက်လုပ်ကြသလိုပါ။
ကြိုတင်ပြင်ဆင်ထားတဲ့အတွက် အန္တရာယ်နဲ့ ကြုံတွေ့ကြတဲ့အခါ ခံနိုင်ရည်ရှိကြတာ၊ ပြိုလဲမသွားကြတာမျိုးပါ။ ဒါပေမယ့် Resilient (ခံနိုင်ရည်ရှိသော) ဆိုတဲ့ ဂုဏ်သတ္တိက ကိုယ့်ရဲ့ပြင်ဆင်မှုအပေါ်မူတည်ပြီး အကန့်အသတ်တော့ ရှိပါတယ်။
Resilient Person (ခံနိုင်ရည်ရှိသောသူ) တနည်းအားဖြင့် ကြံ့ခိုင်တဲ့သူတွေဟာ အန္တရာယ်တွေ၊ အခက်အခဲ အတားအဆီးတွေနဲ့ တွေ့ကြုံကြရတဲ့အခါ သာမန်သူတွေလို ဝေဝါးခြင်းမရှိဘဲ သူတို့ရဲ့ တုန့်ပြန်မှုတွေက ကြိုတင် ပြင်ဆင်ထားကြတဲ့အတွက် ရဲရင့်ပြတ်သားသလို လုပ်ဆောင်မှုတွေမှာလည်း မှန်ကန်စွာ လုပ်ဆောင်နိုင်တာ၊ မြန်ဆန်စွာ တုန့်ပြန်နိုင်တာတွေကို မြင်တွေ့ကြရပါတယ်။
ဒီ့အပြင် ကိုယ် ကြိုတင်ပြင်ဆင်ထားတဲ့ ခံနိုင်ရည်စွမ်းကို ကျော်လွန်သွားခဲ့ရင်ရောလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ Resilient (ခံနိုင်ရည်ရှိသော) ဆိုတဲ့ ဂုဏ်သတ္တိက အကန့်အသတ်ရှိပါတယ်။ ပြင်ဆင်မှုထက် ပိုတဲ့ စိန်ခေါ်မှုတွေ၊ ထိုးနှက်မှုတွေ၊ အခက်အခဲတွေ၊ ဘေးအန္တရာယ်တွေ၊ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာကြရတဲ့အခါ သူတို့လည်း ပြိုလဲကြရပါတယ်။
ဒီလိုအခြေအနေတွေမှာတော့ နောက်တဆင့်အနေနဲ့ ရင်ဆိုင်ရတဲ့ ပြိုလဲမှုတွေကို အကောင်းဆုံးနဲ့ အလျင်အမြန် ပြန်လည် တည်ဆောက်နိုင်ဖို့အတွက်
လိုအပ်တဲ့အရည်အချင်းဖြစ်တဲ့ Resilience ဆိုတဲ့ လုပ်စရာရှိတာတွေ၊ ကျော်ဖြတ်စရာ ရှိတာတွေကို မြန်မြန်ဆန်ဆန် ကျော်ဖြတ် လုပ်ဆောင်နိုင်ဖို့ရာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပြန်လည် တည်ဆောက်ဖို့ လိုအပ်ပါတယ်။
Resilience ကို Google Translate မှာ ရှာကြည့်ရင် Resilience (ခံနိုင်ရည်ရှိသည်)၊ Resilience and Perseverance (အကြပ်အတည်းများကို ရင်ဆိုင်ရာတွင် ခံနိုင်ရည်ရှိခြင်း)၊ Resilience and Adaptability (ခံနိုင်ရည်နှင့် လိုက်လျောညီထွေရှိမှု)၊ Resilience and Determination (ခံနိုင်ရည်နှင့် ဆုံးဖြတ်ချက်) စတာတွေကိုပါ တွေ့မြင်ရပါတယ်။
ဒီတော့ Resilience ဆိုတဲ့ လဲကျပြီး ဘယ်လောက်မြန်မြန် ပြန်ထနိုင်တာမျိုး၊ ခြေကုန်လက်ပန်းကျပြီး ဘယ်လောက်မြန်မြန် လုပ်စရာရှိတာ ဆက်လုပ်နိုင် တာမျိုး စတဲ့ အရည်အချင်းတွေကို ကြိုးစားရယူဖို့ဆိုတာက အပေါ်က ရှာတွေ့ထားတာနဲ့တင် ကျနော်တို့ စဉ်းစားလို့ရနေပါပြီ။ ကြိုးစားလို့ ရပါတယ်။
Resilience and Perseverance (အကြပ်အတည်းများကို ရင်ဆိုင်ရာတွင် ခံနိုင်ရည်ရှိခြင်း)
ဒါက သည်းခံနိုင်မှုကို ဆိုလိုပါတယ်။ ထိုးနှက် ဖိနှိပ်မှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေ၊ ကြုံတွေ့လာတဲ့ မလိုချင်တဲ့ အကြပ်အတည်းတွေကို ကိုယ်လိုချင်တဲ့ အခြေအနေ၊ ကိုယ်လိုချင်တဲ့ အချိန်အခါထိ ရောက်ရှိလာအောင်၊ ရရှိလာအောင် သည်းခံ စောင့်ဆိုင်းနိုင်ဖို့ လိုအပ်ပါတယ်။ အန္တရာယ်ကြုံတဲ့အချိန်မှာ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့ကြရတဲ့အခါမှာ အရင်ဆုံး လှုပ်ရှားမှုထက် တည်ငြိမ်မှုကို ရယူတဲ့၊ အင်အားကို စုစည်းတဲ့ ဖြစ်စဉ်ပါ။ မိသားစုထဲမှာဖြစ်စေ၊ အဖွဲ့အစည်းထဲမှာဖြစ်စေ၊ စစ်ရေးကိစ္စနဲ့ တော်လှန်ရေးကိစ္စတွေမှာဖြစ်စေ အခက်အခဲ အတားအဆီးတွေကို ကြုံတွေ့ရတဲ့အခါ သည်းခံမှုကို တဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းရင်ဆိုင်ရင်း ခံနိုင်ရည်ရှိမှု အားကောင်းလာတဲ့အထိ အင်အားစုစည်းကြရတာမျိုးပါ။ စစ်ရေးဖြင့်ပြောရရင် ခုခံစစ်ကို ပိုင်နိုင်ရင် ခုခံစစ်ကနေ ထိုးစစ်အထိ ပြောင်းလဲတိုက်ခိုက်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်ခင်မျာ။
ရဲဘော်တွေ ရှေ့တန်းမှာ ထိခိုက်ဒဏ်ရာရတယ်။ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ ဆုံးရှုံးရတယ်။ ဆေးဝါးကုသမှုပိုင်းမှာ နာကျင်မှုတွေနဲ့ ရင်ဆိုင်ရတယ်။ ကျော်ဖြတ်ကြရတယ်။ ဒါတွေက တဦးချင်း တယောက်ချင်းကနေ အစုလိုက် အဖွဲ့လိုက် ပူးပေါင်းပါ၀င်ကြရတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ပြည်သူတွေ ခံစားကြရတယ်။ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီကြတယ်။ သည်းခံ ကျော်ဖြတ်ကြတယ်။ ဒါတွေကို ကျနော်တို့ ဘယ်လောက်အထိ ကြိုးစားလုပ်ဆောင်ကြသလဲ ဆိုတာက အနာဂတ်နိုင်ငံတော်အတွက် အခြေခံအုတ်မြစ်သဖွယ် အရေးကြီးလှပါတယ်။
Resilience and Adaptability (ခံနိုင်ရည်နှင့် လိုက်လျောညီထွေရှိမှု)
လူ့သဘာ၀အရကို ပတ်၀န်းကျင်နဲ့လိုက်ဖက်အောင် ပြောင်းလဲ နေထိုင်နိုင်စွမ်း ရှိကြပါတယ်။ မိုးရွာတဲ့အခါ အပြင်ထွက်ရင် ထီးဆောင်းကြတယ်။ မိုးကာ ဝတ်ကြတယ်။ ကားစီးကြတယ်။ နေပူရင် ထီးဆောင်းကြတယ်။ ဦးထုပ်ဆောင်းကြတယ်။ ရာသီဥတုပူရင် ပါးလွှာတဲ့ ပေါ့ပါးတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ကြတယ်။ ရာသီဥတုအေးတဲ့အခါ အနွေးထည်၀တ်ကြတယ်။ မီးလှုံကြတယ်။ စသဖြင့်ပေါ့။ ဒီလိုပါပဲ ကျနော်တို့ အခက်အခဲ အတားအဆီးတွေနဲ့ ဆင်းရဲပင်ပန်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့အခါ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြင်ဆင်ကြဖို့ လိုအပ်ပါတယ်။
ရဲဘော်တွေ ခြေထောက်ပြတ်သွားတယ်။ လေ့ကျင့်ခန်းလုပ်မယ်။ ခြေတုတပ်မယ်။ လမ်းဆက်လျှောက်လို့ ရပါတယ်။ ဒါတွေဟာ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေအပေါ် လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ စီးပွားရေး ကျဆင်းလာတယ်။ မူလစီးပွားရေး အဆင်မပြေတဲ့အခါ အခြားသောအဆင်ပြေမယ့် စီးပွားရေးတွေကို ပြောင်းလဲ လုပ်ကိုင်ကြရတယ်။ နေရာရွှေ့ပြောင်းကြရတယ်။ အဖွဲ့အစည်းတွေအချင်းချင်း သဘောထားတွေ မတိုက်ဆိုင် ကြတဲ့အခါ၊ လုပ်ငန်းစဉ်တွေ နှောင့်နှေးကြန့်ကြာတဲ့အခါ ညှိနှိုင်း တိုင်ပင်ကြရတယ်။ ပြောင်းလဲပြင်ဆင်ကြရတယ်။ ဒါတွေဟာ လိုက်လျောညီထွေရှိမှုပါ။
မာကြော ကြွတ်ဆတ်တဲ့ အရာတွေဟာ ကျိုးလွယ် ပျက်လွယ်ပြီး ပျော့ပြောင်းနူးညံ့သော လိုက်လျောညီထွေရှိမှုက အခက်အခဲတွေ၊ ဖျက်ဆီးမှုအန္တရာယ် တွေကို ခံနိုင်ရည်ရှိစေပါတယ်။ ဘဝအခြေအနေ၊ ဘဝဖြစ်တည်မှုနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေမှာ ဘယ်အရာတွေကို အသုံးချပြီး တည်ဆောက် ကြမလဲဆိုတာ သေချာစွာ စဉ်းစားကြရပါတယ်။
Resilience and Determination (ခံနိုင်ရည်နှင့် ဆုံးဖြတ်ချက်)
စဉ်းစားပြီးရင်တော့ ဆုံးဖြတ်ဖို့ လုပ်ဆောင်ရပါတော့တယ်။ ဒီအချိန်၊ ဒီလိုအခြေအနေတွေမှာ တွေ့ကြုံကြရတဲ့ အခက်အခဲတွေကို ခံနိုင်ရည်ရှိစွာ ကျော်ဖြတ်တယ်။ ခံနိုင်ရည်စွမ်း အကန့်အသတ်ကို ကျော်လွန်တဲ့အခါမှာတော့ ပြိုလဲကျရတယ်။ ပြီးရင် ပြန်လည် တည်ဆောက်ကြရပါတယ်။ အဲ့ဒီအခါမှာ တည်ဆောက်မှုဆိုတဲ့ လုပ်ရပ်တွေက စဉ်းစားမှု၊ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။ အခြေခံကျတဲ့၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုလည်း သေချာ မြဲမြံစွာ စွဲကိုင်ထားဖို့လည်း လိုအပ်ပါတယ်။ ဆုံးဖြတ်ချက် မခိုင်မာတဲ့အခါ အလွယ်တကူပြိုလဲမယ်။ အလွယ်တကူ ပျက်စီးကြရမှာပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် မခိုင်မာတဲ့အခါ အလွယ်တကူ ရှုံးကြတာများပါတယ်။
ကျနော့်အနေနဲ့ ကျနော့်ဘဝ ဖြတ်သန်းမှုအရ ဘဝရဲ့ အခက်အခဲ၊ စိန်ခေါ်မှု ထိုးနှက်ချက်တွေကို ဖော်ပြပါအချက်အတိုင်း ကြိုးစားလုပ်ဆောင်ပါတယ်။ ခံနိုင်ရည်ရှိအောင် ကြိုတင်စဉ်းစားပါ ၊ ပြင်ဆင်ပါ။ ကျော်ဖြတ်ရနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်စဉ်းစားပြီး စိတ်ရောကိုယ်ပါ ပြင်ဆင်မှုတွေကို လုပ်ဆောင် ပါ။ ဒါက တကယ်ကြုံတွေ့ရတဲ့အခါ ကြိုတင်စဉ်းစားပြီးသား၊ ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်တဲ့အတွက် ပုံမှန်ထက် ခံနိုင်ရည်ပိုရှိပါတယ်။
သည်းခံပါ။ ဟုတ်ပါတယ်။ကြုံလာရင် ရှောင်လွှဲလို့မရနိုင်ပါဘူး။ တယောက်တည်း နေပါ။ သည်းခံပါ။ အချိန်အကြာကြီး မလုပ်ပါနဲ့၊ ခံစားပါ။ ပြီးရင်တော့ လူအများနဲ့နေပါ။ အကူအညီတောင်းပါ။ အကူအညီရယူပါ။ တချို့သောကိစ္စရပ်တွေမှာ တယောက်တည်း ပြန်ထလို့ မရနိုင်ပါဘူး။
ကူညီပါ။ တစုံတယောက်ကို ကူညီတာက ကိုယ်တိုးတက်ဖို့ ကြိုးစားတာထက် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုမို ကြံ့ခိုင်လာစေပါတယ်။ မိမိရဲ့ တပါးသူအပေါ် အသုံး၀င်မှုနဲ့ အရေးပါမှုက ကိုယ့်ကိုယ်ကို လေးစားမှုရစေပါတယ်။
စဉ်းစားပါ။ ပြဿနာရဲ့ အရင်းမြစ်ကို စဉ်းစားပါ။ ဖြေရှင်းဖို့ နည်းလမ်းရှာပါ လုပ်ဆောင်ပါ။
ဆုံးဖြတ်ချက် ခိုင်မာပါစေ။ မိမိကိုယ်ကို လေးစားမှုရှိရင် မိမိဆုံးဖြတ်ချက်ကို လေးစားတယ်။ ပိုခိုင်မာစေပါတယ်။ ယုံကြည်စေပါတယ်။
အတ္တမှ ဝေးအောင်နေပါ။ ပြဿနာက ကိုယ်မှဖြစ်ရတယ်လို့ မတွေးပါနဲ့။ လူတိုင်း ပြဿနာတွေနဲ့ တွေ့ကြုံကြရပါတယ်။
လူပီသစွာ ငိုပါ၊ ရယ်ပါ၊ ခံစားပါ၊ ကူညီပါ၊ မျှဝေပါ။ အဆိပ်အတောက်ဖြစ်စေမယ့် လူ့ပတ်၀န်းကျင်ကို ရှောင်ပါ။ ကိုယ့်အတွက် အဆင်မပြေနိုင်မယ့်
ပတ်၀န်းကျင်ကို ငြင်းဆန်ရဲဖို့ လိုအပ်ပါတယ်။
ဘဝတခုမှာ အပြောင်းအလဲ၊ အချိုးအကွေ့တွေ အများကြီးနဲ့ တွေ့ကြုံကြရပါလိမ့်မယ်။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက် ရောက်အောင် ဆက်လျှောက်ဖို့ လိုအပ်ပါတယ်။
Be the first to comment