Seven Eleven In Love

“Seven Eleven In Love”
◼️ဖျားသွေး
(1)
တောသားမြို့တက်ဆိုတာ ကျနော့်လိုကောင်မျိုးမှ အစစ်ရယ်။ မြန်မာပြည်မှာ လုပ်ကိုင်စားစရာ မရှိတော့လို့သာ ထိုင်းနိုင်ငံထဲကို ထွက်လာခဲ့တာ ဒီနိုင်ငံက ခေတ်မီပစ္စည်းတွေ သုံးစွဲပုံကို ဘယ်သိမှာလဲဗျာ။ သူတို့တိုင်းပြည်ထဲ စဝင်တော့ ဘတ်စ်ကားကြီး‌ပေါ်မှာပဲ စီးလိုက်ရတာပေါ့။ တိုက်တာအကြီးကြီးတွေ လမ်းအကျယ်ကြီးတွေ ဆိုတာလည်း ခုမှ သေချာမြင်ဖူးတာဆိုတော့ လိုက်ငေးလို့ကို မဝဘူး။ ဒီလိုနဲ့ပဲ အလုပ်လုပ်ရမယ့်နေရာ ရောက်တော့မှာ။ ညမို့လို့ ဝင်လို့မရဘူး။ ဒီဆိုင်ရှေ့မှာပဲ နားရမယ်လို့ ပါလာတဲ့ အလုပ်သမားခေါင်းဆောင်က အော်တော့ ဆဲဗင်းအလဲဗင်းဆိုလား အဲဒီဆိုင်ရှေ့မှာ နားရတယ်။
အဲဒီမှာပဲ ကျနော်က ဗိုက်ဆာဆာနဲ့ ဝင်ပြီး တခုခု ဝယ်စားမယ်လုပ်တော့ ခေါက်ဆွဲခြောက်ဘူးတွေကို တွေ့တာပဲ။ တွေ့ပြီး ရေနွေးအိုးကြီးကနေ ရေနွေးတွေ ထည့်ရမယ့်အချိန်မှာ တိုင်ပတ်ပါ‌ရော။ အဲဒီ ရေနွေးအိုးစက် အကောင်းစားကြီးက ခလုတ်တွေကို မနှိပ်တတ်ဘဲ ဖြစ်နေချိန်မှာ သူကလေးက ရောက်လာတာပေါ့ဗျာ။
ခပ်တုံးတုံး ကောင်လေးတယောက်ရဲ့ ဘဝထဲကို လက်ကလေးတဘက်လည်း ရောက်မလာရဘူးလို့ ကန့်သတ်ထားတာမျိုးမရှိတော့ ကျနော့်လက်ထဲက ခေါက်ဆွဲခြောက်ဘူးလေးကို ယူပြီး ရေနွေးပူတွေ ငှဲ့ပေးသွားတဲ့ လက်ကလေးပေါ့။ သူ့လက်ထဲမှာလည်း ကော်ဖီခွက်ကလေးနဲ့။
ထိုင်းနိုင်ငံကို စဝင်တဲ့ရက်မှာ ဒီအရာကလေးက ဘာမှ ဟုတ်ဘူး ပြောရပေမဲ့ ကျနော့်အတွက်တော့ အမှတ်တရ အကြီးကြီးပါပဲ။ ဒီလက်ကလေးကလည်း ကျနော့်လိုပဲ အလုပ်လုပ်ဖို့ထွက်လာတဲ့ ကောင်မလေးပဲ။ သူကတော့ ကျနော့်လို ခုမှ လာတာမဟုတ်ဘူး။ ပတ်စ်ပို့သက်တမ်းထပ်တိုးပြီး ဒုတိယအကြိမ် ထပ်ထွက်လာတာတဲ့။
ဆဲဗင်းဆိုင်ရှေ့က အုတ်ခုံကလေးပေါ်မှာထိုင်ရင်း သူနဲ့ စကားပြောရတော့ ရခိုင်တိုင်းရင်းသူကလေးဆိုတာကို သိလိုက်ရတယ်။ သူမအတွက်တော့ ဒီရေမြေက အရာရာ အကျွမ်းတဝင်ဖြစ်နေပြီ။ ကျနော်ကတော့ ခုမှ ရောက်ဖူးတာ။ ရွာက အမေ့အိမ်မှာ မော်တာနဲ့လည်တဲ့ ဆီဆုံကလေးထောင်ချင်တာ။ ရင်းနှီးစရာ ပိုက်ဆံလည်းမရှိလို့။ ဒီမှာပဲ ငွေအရင်းနှီးလေး လောက်ငအောင် ရမလားသဘောနဲ့ ထွက်လာခဲ့တာပေါ့ စလို့ ကျနော်က သူ့ကို စိတ်လိုလက်ရ ပြောပြနေခဲ့မိတယ်။
အသားဖြူဖြူဝင်းဝင်း၊ နှုတ်ခမ်းပါးပါးကလေးနဲ့ ထိုင်းသူသွင်ပြင် ပေါက်နေတော့တဲ့ သူကလေးကတော့ ဇာတိမှာ စတိုးဆိုင်ကလေး ထောင်ချင်ခဲ့တာ။ ဒါပေမဲ့လည်း ထောင်ဖို့အဆင်မပြေလို့ ဗီဇာထပ်လုပ်ပြီးပဲ ထွက်လာတာလို့ ဖွင့်ဟတယ်။ ကျနော့်မှာ သူ့ကို ငေးမောနေမိပေမဲ့ ဘဝရဲ့ လေးလံမှုတွေ၊ ရှေ့ဆက်ဖြစ်လာမယ့် ဘဝလမ်းက ရေရာ ချောမွေ့နိုင်ပါ့မလား အတွေးတွေကြောင့် လှပတဲ့ သူကလေးဆီကို ငေးမော မကြည်မွေ့နိုင်ပါဘူး။
စကားပြောနေရာကနေ ဝန်းကျင်ကို လှမ်းငေးမိတော့ ကျနော်တို့လိုပဲ မြန်မာပြည်ကနေ ရေကြည်ရာ မြက်နုရာ ထွက်လာကြတဲ့သူတွေကို မြင်ရတယ်။အချို့က မိသားစုလိုက်။ အချို့က သင်းကွဲ။ အချို့ကျ သမီးရည်းစားတွေလို အတွဲလိုက်။ ဆဲဗင်းဆိုင်ရှေ့က အုတ်ခုံကလေးတွေပေါ်မှာ ပြည့်နှက်လို့နေတယ်။
(2)
ကျနော် ခုလို တောင်တောင်အီအီ ပြောပြနေရတဲ့အကြောင်းက ဟောင်ကောင်ရုပ်ရှင် Comrade, Almost A Love Story နဲ့ ဆက်စပ်သလို ခံစားရလို့ပါ။ အဲဒီရုပ်ရှင်ဟာလည်း ကျနော်တို့တွေလိုပဲ တရုတ်ပြည်မကြီးကနေ တိုးတက်ရာတိုးတက်ကြောင်း ရည်ရွယ်ချက်နဲ့ ဟောင်ကောင်ကို ရောက်လာခဲ့ကြသူ နှစ်ယောက်အကြောင်းပဲ မဟုတ်လား။
ယင်းရုပ်ရှင်ကို လွန်ခဲ့တဲ့ မိုးသည်းညကလေးမှာ ထိုင်ကြည့်မိတော့ သူ့ကို သတိရသွားခဲ့ရပါတယ်။ ခုဆို ကျနော်က ထိုင်းရေမြေမှာ အသားကျလို့နေပြီ။ကျနော့်အခန်းထဲမှာ ကြည့်စရာ တီ‌ဗီကလေးနဲ့ ကျနော်ကြိုက်တဲ့ ရုပ်ရှင်တွေကို အရသာခံ ကြည့်တတ်နေပြီ။ ဆဲဗင်းအလဲဗင်းဆိုင်က ကော်ဖီဖျော်တဲ့ စက်တွေ၊ ရေခဲမုန့်လုပ်တဲ့ စက်တွေက ခလုတ်တွေကိုလည်း ကျင်လည်စွာ အသုံးပြုတတ်နေပြီ။ ဒါပေမဲ့လည်း ရေနွေးအိုးစက်ကြီးအနားကို ရောက်တိုင်း ပြုံးစစနဲ့ကြည့်ပြီး ခလုတ်ကလေးကို နှိပ်ပေးသွားတဲ့ သူ့ကို သတိရသွားစမြဲပါပဲ။ အဲလို သတိရတိုင်းလည်း ကိုယ့်ဖာသာ ပြုံးမိသွားတယ် ထင်ပါရဲ့။ ပြီးရင် မျက်ရည်ခိုးတွေ မြူပါးပါးကလေးလို မျက်ဝန်းတွေရှေ့မှာ ဝေမိသွားသေးသလားပဲ။
ကျနော်အလုပ်လုပ်ရတဲ့ စက်ရုံကြီးက အကြီးကြီးဆိုတော့ လူတွေထောင်ချီလုပ်ကိုင်နေတဲ့ ဒီနေရာမှာ သူနဲ့ ထပ်မဆုံရတော့ဘူး။ နောက်တခုက အလုပ်သမားမှန်သမျှ အလုပ်ချိန်ထဲမှာ Mask တွေအုပ်ပြီး အလုပ်လုပ်ရတာဆိုတော့ ရှာတွေ့ဖို့လည်း မလွယ်ကူလှဘူး။ ထမင်းစားနားချိန် ထမင်းစားဆောင်ကို ရောက်တိုင်းလည်း သူ့ကို လိုက်ရှာမိပေမဲ့ များမြောင်လှတဲ့ ဒီလူအုပ်ကြီးထဲမှာ တွေ့ဖို့ မလွယ်ကူခဲ့ပါဘူး။ စတွေ့တုန်းက Facebook အကောင့်ပေးပါဦး ဘာညာ တောင်းယူဖို့ဆိုတာလည်း အင်မတန်မှ ကြောင်တဲ့အလုပ်လို့ ထင်မိတာမို့ မတောင်းခဲ့တော့ ပိုဆိုးပေါ့။
ဘဝထဲက နာကျင်စရာတွေကို ထုပ်ပိုး ထမ်းရွက်ရင်း ခရီးဆက်ရတဲ့ သူရို့ ကျနော်တို့တွေဘဝမှာ အချစ်ဆိုတာ လျှပ်ပြက်မျှသာ။ နေစရိတ် စားစရိတ် ဆောင်ရတဲ့ နေထိုင်ခွင့်အခွန် စတာတွေထဲမှာ ကြက်အစာကောက်သလို ပိုက်ဆံစုရတဲ့ ကျနော်တို့တွေဘဝမှာ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်ဖို့က ခက်ခဲဝေဝါးလွန်းလှပါရဲ့။ ဆိုတော့ ချစ်ခြင်းမေတ္တာတရားအကြောင်းကို ခံစားနေလို့ မရ။ ကျနော်ဟာ စက်ရုံထဲက အလုပ်ထဲမှာ အသားကျ အဆင်ပြေဖို့ ကြိုးစားရင်း ရေနွေးအိုး ခလုတ်နှိပ်ပေးတဲ့ လက်ကလေးကို ရှာဖွေမိတာကို ရပ်တန့်လိုက်တယ်။
(3)
ဒီလိုနဲ့ တနှစ်လောက်အကြာမှပဲ အလုပ်နဲ့ တမိုင်လောက်ဝေးတဲ့ ထူးလုံ ဈေးနားက ကွေ့တယို ဆိုင်ကလေးမှာ သူ့ကို ပြန်တွေ့ရသတဲ့။ ကျနော့်မှာ ဝမ်းသာအယ်လဲနဲ့ ငါ့ကိုမှတ်မိလားလို့ မေးတော့ သူက ခေါင်းညိတ်ပြတယ်။ အဲဒီအချိန်မှာတော့ ကျနော်က ထိုင်းရောက်ခါစက ပုံစံမျိုး မဟုတ်တော့ဘူးလေ။ နည်းနည်း ပြောရဲဆိုရဲရှိနေပြီ။ နင့်ဆီ နောက်ထပ် အလည်လာလို့ ရလားဆိုတော့ သူနေတဲ့ အဆောင်လိပ်စာပေးပြီး ညနေဆို ဆိုင်ပိတ်ချိန် အားတယ်၊ လာခဲ့လို့ အလည်ခေါ်ရှာပါတယ်။ ဦးထီး သီချင်းစာသားထဲကလို ဒီလိုနဲ့ ဒီလိုနဲ့ ရှည်တဲ့ဇာတ်လမ်းချုပ်ရရင် ဆိုသလိုပဲ ရက်တွေ အတန်ငယ် ကြာလာတဲ့အခါမှာ သူနဲ့အတူ အပြင်အတူထွက်ခွင့်တွေ၊ အဲဒီအနားက ထူးလုံညဈေးကလေးမှာ အတူထိုင်စားလို့ရတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်လာခဲ့ရပါတယ်။
သူ့ကို စက်ဘီးကလေးပေါ်တင်ပြီး ထူးလုံညဈေးမှာ လျှောက်သွားရတဲ့အချိန်က ကျနော့်အတွက်တော့ မမမက်ဂီချောင်ကို စက်ဘီးပေါ်တင်ပြီး စီးနင်းနေတဲ့ မင်းသားချောလေးရဲ့ ပြုံးပျော်ရွှင်မှုလိုမျိုးနဲ့ ထပ်တူဖြစ်နေလောက်မှာပါ။ မုန့်တွေစားပြီးလို့ ပြန်လာတဲ့အခါမှာ တန်းမပြန်ကြဘဲ ခုံးကျော်တံတားလေးအနားက ကြာကန်ရှေ့ဆီကို သွားဖြစ်ကြတယ်။
ကြာကန်ရှေ့က ခုံကလေးတွေပေါ်ထိုင်ရင်း နေဝင်ချိန်ကို ငေးကြည့်ရတာဟာ အင်မတန်မှ ကြည်နူးဖို့ကောင်းလှပါတယ်။ ကြာကန်ကြီးအလွန် တောင်တန်းသွယ်တွေကြားကနေ ငုံ့ဆင်းတိုးသျှိုသွားတဲ့ နေလုံးကြီးရဲ့အလှက သူကလေးလည်း ဘေးမှာရှိနေလို့ ထင်ပါတယ်၊ ပိုပြီး လှနေတာ အမှန်ပဲ။ ကျနော်က စာရူးပေရူးဆိုတော့ အဲဒီလိုထိုင်နေတိုင်း သူ့ကို မောင်ချောနွယ်ကဗျာတွေကို ရွတ်ပြတယ်။ သူကတော့ နားထောင်ကောင်းတယ်လို့ ချီးကျူးရှာပါတယ်။ သူစကားပြောချိန်မှာတော့ ကဗျာတွေအစား သူ့ထံမှာ စုမိဆောင်းမိနေတဲ့ ကိန်းဂဏန်းတွေအကြောင်းပဲ ရွတ်ပြပါတယ်။ အိမ်က အမေ့ဆီကို ဘယ်လောက်ပို့ထားတယ် ဆိုတဲ့အကြောင်း၊ သားအကြီးကောင်ကို သူ့ပိုက်ဆံတွေထဲက ပြန်မပေးဖို့ အကြောင်းတွေနဲ့ လောင်းကစားမက် ဆိုးသွမ်းတဲ့ အကို အကြီးဆုံး အကြောင်းတွေကိုပါ ရင်ဖွင့်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ ကျနော်တို့ စကားအဆုံးသတ်တွေဟာ လေးလံမှု မရေရာမှုတွေနဲ့ အဆုံးသတ်ရပြန်တယ်။
ကျနော်တို့ကိုယ်စီမှာ အထူးသဖြင့်တော့ သူကလေးမှာ ခုအရွယ်အထိ ကိုယ်ပိုင်ဆန္ဒနဲ့ လုပ်ချင်ပါတယ်လို့ ဆိုတာမျိုး တခုမှမပါဘဲ အနာဂတ်မှာ ရည်ရွယ် ထားသမျှအရာတွေမှာ သူ့ပခုံးပေါ်ကိုပါ ထမ်းတင်ထားရတဲ့ မိသားစုအကြောင်းတွေပဲ အမြဲလိုလို ပါနေတတ်ပါတယ်။ ဆိုတော့ အနာဂတ်ဆိုတဲ့ အရာကြီးက ကျနော်တို့အတွက် တကယ်ပဲ ရှိနေသေးရဲ့လားဆိုတာ သံသယဖြစ်ဖို့ကောင်းလှပါတယ်။ ကျနော်တို့ဟာ ပိုက်ကွန်ထဲက ငါးတွေလိုပဲ တိုးရင်းတိုးရင်းနဲ့သာ နောက်ကို ရောက်ရောက်သွားတယ်လို့ ထင်ခဲ့ရပါတယ်။ ကိုယ်စီရဲ့ ဘဝရှေ့ရေး ကိုယ်ပိုင်တည်ဆောက်ခွင့် ဘဝများအတွက် တွေးတောရင်ဖွင့်ရမယ့် ကိစ္စရပ်တွေက ဖွင့်‌မပြောဖို့ ညှိနှိုင်းထားတာမျိုးမရှိပါဘဲ ဘာသာ နှုတ်ဆွံ့လျက်သား ရှိနေကြပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ ခုဆိုရင် သူ့လက်ကလေးကို ကိုင်ဆုပ်ခွင့် ရနေခဲ့ပါပြီ။ အဲဒီအခါတိုင်း ဘဝထဲက လေးလံမှုတွေကို မေ့လျော့သွားစေတာ အမှန်ပါ။သူ့အနေနဲ့လည်း ကျနော်နဲ့ အတူနေထိုင်ရတုန်း ကျနော် ပျော်ရွှင်ရသလိုမျိုး ထပ်တူ ပျော်စေချင်မိပါတယ်။ ကြာကန်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ပေးရတိုင်း သူ့မျက်နှာလေးကို သေချာငေးကြည့်ခွင့်ရလို့လား မသိဘူး။
ပျော်ရတယ်။ ရယ်စရာတွေပြောမိတိုင်း သူကလေးရယ်တာကို မြင်ရရင်လည်း ပျော်ရတယ်။ လက်သည်းချွန်ကလေးတွေကို ကိုက်ပြီး တွေတွေလေး ငေးနေတာကို မြင်ရရင်လည်း ပျော်ရတာပဲ။ ရခိုင်တိုင်းရင်းသူဆိုပေမဲ့ နန်းလို့ အမည်ပေးထားတဲ့ သူ့နာမည် နန်းလေးရေ ခလေးရေလို့ အဖျားဆွတ်ခေါ်မိတိုင်းလည်း နင်နော် ငါ ကလေးမဟုတ်ဘူးဆိုပြီး မျက်စောင်းလေးထိုးတာကို မြင်ရချိန်မှာလည်း ပျော်မိရတာပါပဲ။
(4)
ကျနော့်ရဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က အတိတ်တွေကို မျောနေလိုက်တာ။ အခန်းရှေ့ထိုင်ရင်း တွေဝေငေးမောနေရာကနေ အခန်းထဲကို ပြန်ဝင်လိုက်မိတယ်။ မရည်ရွယ်ပါဘဲ Comrades, Almost A Love Story ထဲက နောက်ဆုံးအခန်းကို ဖွင့်ပြီး နားကြပ်ကို ခေါင်းမှာ တပ်လိုက်မိတယ်။
နယူးယောက်မှာပဲ ကျင်လည်နေတဲ့ မမမက်ဂီချောင်ဟာ ချစ်ရသူကို ရှာလို့မတွေ့ချိန်မှာ တရုတ်ပြည်မထဲကို ပြန်တော့မယ်ပုံထင်ပါရဲ့။ ဗီဇာရုံးက အထွက် မှာပဲ ထိုင်ဝမ်အဆိုတော် တာရီဇာရဲ့ သီချင်းသံကလေးက လွင့်လာတာလေ။ ကြေကွဲနာကျင်ဖွယ် သီချင်းသံကလေးဆိုပါတော့။ နာမည်ကျော် အမျိုးသမီး အဆိုရှင် တာရီဇာဟာ အသက်လေးဆယ်ကျော်အရွယ် ရှိသေးတုန်းမှာပဲ ကြွေလွင့်သွားခဲ့ရတဲ့အကြောင်းကို ရုပ်သံတွေကနေ ကြော်ငြာပေးနေတာ ဖြစ်တယ်။
တာရီဇာရဲ့ သီချင်းသံတွေက မက်ဂီချောင် သွားရာတလျှောက်ကို ထပ်တူ လိုက်ပါနေတယ်။ ဒီအဆိုရှင်ရဲ့ သီချင်းတွေက သူတို့အတွက် ကြီးမားတဲ့ အမှတ် တရ ရှိတယ်လေ။ ကျနော့်အတွက်တော့ ရေနွေးစက်ခလုတ်ကို နှိပ်ပေးခဲ့တဲ့ လက်ကလေးက အမှတ်တရ ရှိသလိုပဲ မက်ဂီချောင်ကလည်း ဟောင်ကောင် မှာ ရေပေါ်ဆီလူတန်းစားတွေလို နေရာ‌ကလေး ရချင်ခဲ့တာ။ ရွှေပေါ်မြတင် ဘဝနဲ့ မြို့ကြီးသူ ဖြစ်ချင်ခဲ့တာပေါ့။ သူမ အရမ်းချစ်သွားရတဲ့ ကောင်လေးနဲ့ တာရီဇာအခွေတွေ စပ်တူလုပ်ရောင်းတော့ စုထားသမျှ ပိုက်ဆံတွေ ပြုတ်ပြုတ်ပြုန်းသွားပါရော။ ဟောင်ကောင် မြို့ကြီးသူ မြို့ကြီးသားတွေက ဒီသီချင်းတွေကို ဝယ်နားထောင်တာ လူမြင်ရင် ဟောင်ကောင်သားလို့မထင်ဘဲ ပြောင်းရွှေ့တောသားတွေလို့ထင်မှာ စိုးလို့ပါတဲ့။ ဒါကြောင့် သူတို့သီချင်းခွေဆိုင်ကလေး အရင် ပြုတ်သွားရတာပါတဲ့။
မက်ဂီချောင်တို့လို ကျနော်တို့လို ရွှေ့ပြောင်းလူတန်းစားတွေဘဝက ရည်မှန်းချက် အိပ်မက်တွေကလည်း ဖန်သားအတုတွေ မြေပေါ်ကျတာနဲ့ ခွပ်ခနဲ အလွယ်တကူ ကွဲတတ်သလို မကြာခဏ ကျကွဲ ပျောက်ရှရပါတယ်။
သူမ ချစ်ရတဲ့ကောင်လေးနဲ့ ဝေးသွားကြပြီး ပြန်ဆုံကြရတော့ တိုင်းတပါးခြား နယူးယောက်မှာတဲ့။ ကောင်လေးက ထုံးစံအတိုင်း မျက်နှာငယ်ငယ်လေးနဲ့ ခေါင်းငိုက်စိုက်လေးနဲ့ အရင်ကလိုပဲ နုငယ်ပျိုမျစ်တဲ့ နှုတ်ခမ်းထွေးထွေးကလေး ရှိနေတုန်းပေါ့။ သူမ နှုတ်ဖျားက အသံထုတ်ဖော် မခေါ်ပေမဲ့ ကောင်လေးရေ … ကောင်လေးရေ ဆိုပြီး အသံမဲ့ အော်သံတွေနဲ့ ကောင်လေးနောက်ကို အော်လိုက်ခဲ့တယ်။
ပျားပန်းခပ်မျှ လူတွေပြည့်နေတဲ့ အမေရိက လူနေထုထဲမှာ ကောင်လေးကို လိုက်လို့မှ မမီခဲ့တာပဲလေ။ ဘယ်လောက်တောင် ကြေကွဲနာကျင်စရာ ကောင်းတဲ့ ဇာတ်ဝင်ခန်းပါလဲ။
(5)
ငါတို့ ငါတို့ရွာတွေ မီးထဲ မီးထဲ ပါသွားပြီ။ မအလစစ်တပ်က မီးနဲ့ လာရှို့သွားပြီ။ ငါ အိမ်ပြန်မှ ဖြစ်တော့မယ်။ အမေနဲ့ အကို့ကိုလည်း ခု ဆက်သွယ်လို့ မရတော့ဘူးဆိုပြီး တရှုံ့ရှုံ့ငိုနေတဲ့ ညကရော ကျနော်ဟာ မက်ဂီချောင်ပြေးလိုက်လို့ မမီတဲ့ ကောင်လေးပဲလား။ ဒါမှမဟုတ် ကောင်လေးကိုလိုက်လို့ မမီတော့တဲ့ မက်ဂီချောင်ကပဲ ကျနော်ဖြစ်နေလေသလား။ လူအုပ်ကြားထဲမှာ သေသွားတဲ့ ခင်ပွန်းသည်ကိုကြည့်ရင်း ငိုညည်း ဆို့နင့်နေရှာတဲ့ မမမက်ဂီရဲ့ ဖြစ်ရပ်တွေလိုမျိုးပဲလား။
သူမနဲ့ နောက်ဆုံး ဆုံခဲ့ရတဲ့ ကြာကန်ကြီးရဲ့ ညနေဆည်းဆာဟာ ကြေကွဲသွေးပျက်ဖွယ် ကောင်းခဲ့ပါတယ်။ ကျနော့်ပုခုံးကို သူမှီပြီး တရှုံ့ရှုံ့ငိုနေခဲ့တယ်။ စ-စ် အာဏာရှင်ရဲ့ မိစ္ဆာတွေဟာ အပြစ်မဲ့လှတဲ့ သူတို့ဘဝရိပ်မြုံကို အပြီးတိုင် ဖျက်ဆီး ပြာချပစ်လိုက်ပြီ။ ကျနော့်မှာ သူ့ကို အားပေးနိုင်စရာ ဘာစကားမှ လောက်လောက်လားလား မရှိ။ လက်ရှိ အခြေအနေများအတွက် ကျနော်တို့မှာ တွန်းလှန်ပြင်ဆင်နိုင်တဲ့ အင်အားမရှိ။ သူ့ကို အိမ်မပြန်ပါနဲ့ ငါစောင့်ရှောက် ပါ့မယ်ဆိုတဲ့ စကား‌မျိုးပြောထွက်ဖို့ ကျနော့်မှာ ခွန်အားစဉ်းငယ်မျှ မရှိ။
တာရီဇာရဲ့ The Moon Represents My Heart မြန်မာလို ခေါင်းစဉ်ဖလှယ်မယ်ဆိုရင် ငါ့နှလုံးသားကို ကိုယ်စားပြုတဲ့ လရောင် လို့ အမည်ရတဲ့သီချင်းကို နားကြပ်တပ်နားထောင်ရင်း ဆဲဗင်းအလဲဗင်း (Seven Eleven) ဆိုင်ထဲကို ဝင်ခဲ့တော့ ထုံးစံအတိုင်း ခေါက်ဆွဲခြောက်ဘူးကလေးဝယ်ပြီး ရေနွေးစက်ရှေ့ကို လျှောက်ခဲ့တယ်။ ရေနွေးစက်ကြီးကို ငေးရင်း ပြုံးမိနေလောက်မယ့် ကျနော့်ကို ဆိုင်ထဲက အရောင်းဝန်ထမ်းတွေ မြင်ရင်တော့ ရယ်ချင်ကြမယ် ထင်ပါတယ်။
ဘာလို့လဲဆိုတော့ သူ့ကို သတိရမိတိုင်း ဆိုင်ထဲကို အချိန်အခါမဟုတ်မှ နားကြပ်ကြီးတပ်တပ်ပြီး အရူးလို ဝင်ဝင်လာ၊ အဲဒီ ရေနွေးစက်ကြီးရှေ့ရောက်ရင် ပြုံးနေတတ်တဲ့ ကျနော့်ကို သူတို့အနေနဲ့ မျက်မှန်းတန်း သိနေကြပြီလို့ ထင်မြင်မိနေလို့ပါ။
သူနဲ့ အဆက်အသွယ် မရတော့တာလည်း နှစ်နှစ်မက ကြာပြီပဲဗျာ။
.
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*