3
Maybie
‘Slipper တဖက်နှင့်လမ်းပျောက်သောသူ’
အလှူအိမ်ကနေပြန်လာခဲ့ရတဲ့ရက်တွေလို သူများအဆောင်ထဲကထွက်တာနဲ့ ညာတဖက်သာ ကျန်တဲ့ Slipper ကိုတွေ့ရတယ်။ ဟိုးအတိတ်မှာ ဂျောင်ထဲထိုးထားတဲ့ဘယ်တစ်ဖက်နဲ့ပေါင်းရင် လမ်းလျှောက်နိုင်ကောင်းပါရဲ့လို့တွေးရင်းတွေဝေရင်း။ မျက်လုံးတွေကခြောက်ကပ်၊ နှလုံးမှာတော့ ရေအိတ်တည်နေပြီ။ မနက်ဖြန်ကို ပဲဟင်းချက်မယ်ပြောတယ်၊ ထမင်းချက်ကို ကော်ဖီတစ်ခွက်တိုက်ထားရင် ငရုပ်သီးထောင်းတော့ ပါကောင်းပါရဲ့။
ပရီမီယာတစ်ခွက်ကအရံသင့်၊ ကြုံရင်ကြုံသလို လူတတ်မြောက်လုပ်နိုင်ဖို့ စာအုပ်အထူကြီးရှေ့ချပြီး ကျက်ရချေဦးမယ်။ အဆိုအချေတွေမသိဘူး၊ သူဘယ်လောက်သိသလဲ သွား၊ ဟော လာပြန်ပြီ အသက်ညှောင့်စိနဲ့ ရပ်ပါတစ်ယောက်။ သူ့ကိုလည်း သင်ပေးဦးမှပေါ့။ ငါအလွတ်ကျက်ခဲ့သောစာအုပ်က သက်စေ့ကျော်၊ စာမျက်နှာထောင်ကျော်က အခန့်သားချေနိုင်ဖို့။ သွားပြီ၊ သွားပြီ… ရပ်ပါယောင်ယောင် လူငယ်ယောင်ယောင် လူသားတစ်ကောင်က ငါ့ဦးနှောက်ကို လာစမ်းနေချေပြီ။
ပုရွတ်ဆိတ်တွေနဲ့ ကစားဖို့အတွက် မြေပြင်ပေါ်ထိုင်ချလိုက်ရင်ပဲ ထိကရုန်းပင်အဆူးရဲ့ ထိုးချမှုကို ခံလိုက်ရတယ်။
ဟိုးကာလအဝေး အတိတ်တွေဆီမှာ ငါဟာလွင့်မျောနေပြန်မိချိန် အတုံးသေးပြီး စျေးကြီးတယ်လို့ဘလိမ်းခဲ့တဲ့ ဝက်သားတုတ်ထိုးကို အခုသတိရနေမိတယ်။ တနေ့ကပြန်လေသူ အဆင်ပြေရဲ့လား၊ ဒီနေ့ရောက်လာလေသူ အဆင်ပြေပါ့မလား၊ အို… ဒုက္ခပါပဲ ငါကရော အဆင်ပြေနေရဲ့လား၊ ဘယ်ဘက်ကလူတွေက ဘာလို့ရယ်နေရတာလဲ၊ ညာဘက်ကလူတွေကရော ဘာလို့ငိုနေပြန်တာလဲ၊ အားလုံးအဆင်ပြေကြရဲ့လား။
ငါ့အဆောင်ကို ပြန်ရောက်တော့ ငါအဆင်မပြေမှန်းသိလိုက်ရတယ်။
အတိတ်မှာသိမ်းထားခဲ့တဲ့ဒဏ်ရာဒဏ်ချက်က ညာဘက်ဖြစ်နေတယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
