Stitch ရုပ်နဲ့ ကောင်မလေး

by The Call
‘Stitch ရုပ်နဲ့ ကောင်မလေး’
◼️ ​မောင်သစ်​အောင်
(၁)
ပင်ပန်းကြီးစွာ သက်ပြင်းတချက်ကိုချပြီး ကျောပိုးအိတ်ကလေးကို လွယ်လို့ လောကကြီးကိုအမှုမထားဘဲ ထွက်ခွာသွားသည်။ ထိုသို့ ထွက်ခွာသွားခြင်းကပင် သူ၏ အကျင့်ဖြစ်ပေမည်။
သူမ၏ အရုပ်ပြာပြာလေးကို လက်တဖက်မှကိုင်၍ ထွက်ခွာသွားသည်။ သူမ၏ကျောပိုးအိတ်နောက်မှာ သူမရှေ့ကအရုပ်ကလေးလို ဆင်တူအရုပ်ကလေးတွေ ရမ်းခါ၍နေသည်။
တချို့က အပြာရောင်၊ တချို့က ပန်းရောင် ဖြစ်သည်။ သူမသည် အပြာရောင်ကောင်မလေးလားဟုပင် စိတ်ဝင်စားမိသည်။
ကန်ဘောင်အတိုင်း လမ်းလျောက်နေခြင်းသည် ဇာတ်ကားထဲမှ မင်းသမီးတဦး ကြေကွဲနေသည့် ဇာတ်ဝင်အခန်းကို ရိုက်နေသည့် ပုံစံဖြင့် တကယ့်အပြင်တွင် မြင်တွေ့နေရသည်။
အသားဝါဝါဖြင့် နားကြပ်ကြိုးတန်းလန်းဖြင့် သူမ၏ ပုံစံ‌၊ လက်မှ ပြာပြာအရုပ်ကလေးကို အဖော်ပြု၍ တဦး‌တယောက်တည်း အထီးကျန်နေခြင်းပင်လား။ ရီဝေနေသော မျက်လုံးတစုံ ထိုမျက်လုံးတစုံကို ကျနော်အရိပ်တကြည့်ကြည့် နောင်တချိန်တွင် ကြည့်နေရတော့မည်ကို ကျနော်မသိ။
ယခု သူမ၏ပုံစံကို လမ်းဘေးမှနေ၍ ဆေးလိပ်သောက်ပြီး အကဲခတ်နေခြင်းသာ မည်သည့်စိတ်ရိုင်းမှမရှိဟုဆိုလျင် မုသားပါရာကျပေမည်။ သို့သော် မုသားမပါ လင်္ကာမချောဆိုသလို သူကိုဘာခံစားမှုမှ မရှိသေးခြင်းကား မုသားပင်ဖြစ်ပါတော့မည်။
လောကသဘာဝ အဖို၊ အထီးဟူသော ရင်ခုန်မှုမျိုးရှိပါ၏။ ထိုရင်ခုန်မှုမျိုးကို ကျနော်ခံစားဖူးပါသည်။
သို့သော် ခုမှတွေ့တွေ့ခြင်း ကောင်မလေးကို ရင်ခုန်နေလားဟု မေးစရာရှိသည်။ ကျနော်သူ့ကို ခုမှ တွေ့ဖူးသည်မဟုတ်ပါ။
မိုးသည်းစွာရွာနေတဲ့ နေ့တနေ့မှာ ကျနော်အိမ်ရှေ့မျက်နှာစာတွင် ကော်ဖီသောက်ကာ စီးကရက်ကိုဖွာရင်း သူမ ကို ဒီလိုပုံစံဖြင့် ထီးတချောင်းမိုးကာ တွေ့ဖူးပါသည်။ အပြာရောင်အရုပ်ကလေးကို လက်တဖက်မှပိုက်လို့ သူမ လွယ်အိတ်နောက်က အရုပ်ကလေးတွေက ရမ်းခါလို့ သူမကို ထူးဆန်းပေစွဟု ကြည့်ဖူးပါသည်။
သူမကတော့ လောကကြီးကို အမှုမထား ယခု ကျနော်မြင်တွေ့နေရတဲ့ပုံစံအတိုင်း လမ်းလျောက်ထွက်သွားနေပါသည်။ သူမကို ကြည့်ရသည်မှာ ဒီလိုပုံစံပဲ အမြင်တွေ့ရပါသည်။
တခုခုကို စောင့်နေဟန်ပြုတတ်သည်။ သူမသည် ရယ်မောမှုကို မသိသည့်အလား တခုခုကိုမကျေနပ်သည့်အလား အမြဲတမ်း တည်တံ‌၍နေလေသည်။
သူမပြုံးတဲ့အချိန်များလည်း ရှိပါသည်။ တခါခါ သူမလက်မှ အပြာရောင် အရုပ်ကလေးကို ပွတ်သတ်ပြီး ပြုံးနေတတ်သည်။
သူမ ကျောပိုးအိတ်နောက်မှ အရုပ်ကလေးတွေကို ဆော့ကစားရင်း ‌ပြုံးနေတတ်သည်။ ဒီလိုဆိုတော့လည်း သူမသည် ကလေးငယ်လေး တယောက်သဖွယ် ချစ်စရာကောင်းလေသည်။
ကျနော် အကူညီသည် လူအများအတွက်ဖြစ်သည်။ ထို အမည်မသိ အရုပ်အပြာရောင်လေးကို နှစ်သက်မြတ်နိုးသည့် ကောင်မလေးအတွက် ကျနော်သည် အကူညီပေးစရာရှိသည်က ပေးမည်ပင် ဖြစ်သည်။
သူမ မိုးသဲထဲတွင် အိမ်‌ခေါင်းမိုးထွက်နေသည့် ဈေးဆိုင်တခုတွင် မတ်တတ်ရပ်နေသည်။ ကျနော်သည် ဈေးဆိုင်ကို ကော်ဖီနဲ့ စီးကရက်ထွက်ဝယ်သည်။
သူမ မုန့်လာဝယ်ဟန် မတူ။ မိုးခိုနေပုံရသည်။ ခေါင်းမှာ စိုရွှဲလို့ သူမ၏အရုပ်ကလေးမှာလည်း‌ ရေတွေ တစက်စက်နဲ့ သူမကတော့ ကျနော်ကို အမှုမထား သူမပုံစံအတိုင်း ငေးမောနေ၍သာ နေလေသည်။
“ရော့ ထီးယူပြီး အိမ်ပြန်ရင်ပြန်လေ” ကျနော်မှ ပေး၍ ကမ်းလိုက်သော ထီးကို သူမစိုက်ကြည့်နေသည်။ ထို့နောက် သူမထံမှ စကားသံကို ပထမဆုံးကြားခဲ့ရသည်။
“နေပါစေ ကျနော်ယူသွားရင် အကို အိမ်ပြန်စရာမရှိဘဲ နေပါ့မယ်” သူမ၏စကားသံ ပထမဆုံးကြားလိုက်သည့် စကားသံကို ကျနော်သည် တသက်မေ့မရပေ။ သူ့ကိုယ်သူ ကျနော်ဟု ဆိုသည်။ ယောင်္ကျားလေးစိတ်များ ဝင်နေရော့သလား။ မဖြစ်နိုင်ပါ သူမပုံစံသည် ခေတ်ပေါ် မိန်းကလေးများ ပုံစံပင်ဖြစ်နေသည်။
ထုံးစံအတိုင်း အရုပ်ပြာပြာကလေးကို လက်ထဲမှ ကိုင်ထားသည်။ ပို၍ထူးဆန်းသည်က သူမ၏ ကြက်တောင်စည်းထားတဲ့ ဆံပင်နှစ်ခွ‌တွင် ထိုအရုပ်ပြာပြာလေးနဲ့ ပန်းရောင်အရုပ်ကလေးတခုကိုပါ တွေ့ရသည်။
နောက်ဆုံး ကျနော်ကပင် အပေးကောင်း၍လား သူမကပင် မိုးရွာနေသည်ကို စောင့်မနေနိုင်တော့သည့်လားမသိ ထီးကိုယူ၍ သွားလေသည်။ ဒါသည် ကျနော်တို့ နှစ်ယောက်၏ ပထမဆုံး ရင်းနှီးမှုဖြစ်တော့မည်။
ထိုနောက်နေ့တွင် သူမသည် အရုပ်ပြာပြာလေးကို လက်မှ ကိုင်မလာပါ။ကျောပိုးအိတ်အစား ဘေးလွယ်အိတ်အသေးလေးကို လွယ်၍လာပါသည်။
သို့ပေမယ့် ထိုဘေးလွယ်အိတ်ကလေး‌သည်ပင် သူမ၏ အရုပ်ပြာပြာကလေး ပင် ဖြစ်နေသေးသည်။ ကျနော်ထံ တန်းတန်းမတ်မတ်​လျှောက်လာသည့် သူမကိုကြည့်ရင်း ကျနော်သည် ပြုံး၍ ခေါင်းကိုငြိမ့်ပြလိုက်သည်။
ဘာကြောင့်ရယ်မသိ ကျနော်သိတဲ့လူများနှင့်တွေ့လျှင် ပြုံးကာ ခေါင်းကိုငြိမ့်တတ်သည်ကား မည်သူထံမှ ရသည်မသိခဲ့။ တဖက်လူများမှလည်း ခေါင်းကိုငြိမ့်ကာ ပြန်၍ပြုံးပြသည်။
ရင်းနှီးမှုကိုပြသည့် အမှတ်သားပင်ဖြစ်မည်လော။ ခုလည်း ထို အရုပ်ပြာပြာလေးကို စွဲစွဲမြဲမြဲကြိုက်သူ ကောင်မလေးသည် ကျနော်အား ပြုံး၍ပြလေသည်။
သူမ၏အပြုံးသည် ချိုသာလွန်းပါ၏။ သူမ အရုပ်ကလေးများနှင့် ဆော့ကစားနေသလို သူမ ပြုံးပါသည်။ ကျနော်ကို ဒီလိုပင်ဆော့ကစားသွားလေ‌ဦးမလား။
(၂)
ကျနော်သည် သူမနှင့်ရင်းနှီးပြီး မကြာမီအချိန်အတွင်းပင် သူမ၏ အကြောင်းကို ကောင်းကောင်းသိရှိလာသည်။ တကယ်တော့ အကုန်သိရှိသည်မဟုတ်။ တချို့တဝက်သာ ဖြစ်သည်။
သူမ လက်ထဲမှ အပြာရောင် အရုပ်‌ကလေးသည် Stitch ဆိုတဲ့ အကောင်လေးဖြစ်ကြောင်း။ ကျနော်နှင့်အတူ သူမသည် လက်ဖက်ရည်ကို နှစ်ခြိုက်ကြောင်း။ သို့သော် လက်ဖက်ရည်ကို ဇိမ်ခံ၍ မသောက်တတ်ကြောင်း။ ပန်းချီဆွဲတတ်‌ကြောင်း စသည့် အကြောင်းအရာများဖြစ်သည်။
သူမတွင် ထူးဆန်းသည်မှာ အနီရောင်ကို ကြိုက်နှစ်သက်သော်လည်း အပြာရောင်နှင့် အဝါရောင်ဖြစ်သည့် Stitch ရုပ်နှင့် နေကြာပန်းတို့ကို စွဲစွဲမြဲမြဲကြိုက်ခြင်း ဖြစ်ပေသည်။ သူမအတွက် ကဗျာလေးအား ဖွဲ့နွဲ့ဖူးပါသည်။
ထူးဆန်းသောမိန်းမပျို
အပြာရောင်ကိုကြိုက်တယ်ထင်ပေမယ့်
အနီရောင်ကိုကြိုက်တယ်
အဝါရောင်ကိုမကြိုက်ပေမယ့်
နေကြာပန်းကိုသဘောကျတယ်
အမြဲတမ်းကိုင်ထားတဲ့
မင်းအရုပ်ကလေးနေရာမှာ
ကိုယ်ဟာအစားထိုးဝင်ရောက်ချင်သူပါ။
အမြဲ ပန်းချီဆွဲတဲ့မင်း
လက်ချောင်းလေးတွေကို
ကိုယ်ဟာမြတ်မြတ်နိုးနိုး ကိုင်ထားချင်သူပါ။
ခွင့်ပြုချက်ရရင် မင်းရဲ့ပါးနီရိုက်ထားတဲ့
ပါးပြင်လေးကို မြတ်မြတ်နိုးနိုးနမ်းချင်သူပါကွယ်။
ကျနော်၏ကဗျာလေးကို ကြည့်ရင်း ကျနော်သည် တယောက်ထဲ‌အတွေးဖြင့် ကြည်နူးနေသည်။ သူမကိုတော့ ကျနော်သည် ဤကဗျာလေးအား မပြဖြစ်ပါ။
သို့သော် ကန်ရေပြင်သို့ ကျနော်တို့ အတူတူလမ်းလျောက်ထွက်ကြသည်။ လက်ဖက်ရည်ဆိုင်သို့ အတူတူထိုင်ကြသည်။ သူမသည် တိတ်ဆိတ်နေသော အချိန်များတွင် အဝေးသို့ငေးမောကာ တစုံတခုကို တွေးတော‌နေသကဲ့သို့ ရှိသည်။ စကားပြောသည့် အခါများတွင်လည်း သူမသည် ရယ်မောပျော်ရွှင်ကာပြောသည်။
တညနေခင်းတခုတွင် သူမနှင့်ကျနော် ကန်ရေပြင်ပေါ်တွင် ထိုင်နေသည်။ သူမ ကြိုက်သည်/မကြိုက်သည်ကို မသိသဖြင့် မမေးဘဲ ထားခဲ့သော အရာတခုကို မေးမြန်းခြင်းပြုလိုက်သည်။
“မေးသင့်လား မမေးသင့်လားမသိပေ‌မယ့် ဘာတွေကိုငေးမောနေတာလဲကွယ့်” သူမသည် ကျနော်အမေးကိုကြားသည့်အခါ ကျနော်ဘက်သို့ တချက်လှည့်ပြုံးပြသည်။ သို့သော် အသက်မပါလှ ဟန်လုပ်၍ပြုံးခြင်းဖြစ်သည်။
“အကိုသိလား လူတွေဟာ တခါတခါ ‌မေ့လွယ်ကြတယ်။ မမေ့နိုင်တဲ့ လူတွေပဲဒုက္ခရောက်ကြတာပဲနော်”တဲ့ သူမ ဘာကိုဆိုလိုသည်မသိပါ။ သို့သော် လူတွေမေ့လွယ်ကုန်သည်ကတော့ အမှန်ပင်ဖြစ်သည်ဟု ယူဆရသည်။
“ဒီနေရာမှာ အရင်တလောက လူပေါင်းများစွာသေခဲ့ဖူးတာ အကို သိရဲ့လား။ အင်းယားကန်ဘောင် ပေါ်က အဖြစ်အပျက်တွေကော အကို ကြားဖူးလား” သူမသည် မေးခွန်းနှစ်ခုကို တပြိုင်ထဲထုတ်သည်။ ကျနော်သည် ထိုမေးခွန်းနှစ်ခုလုံးကို မည်သို့ဖြေရမည်မသိ။
“ဒီနေရာမှာ လူတွေသေခဲ့ဖူးတာ လူတွေ ဆန္ဒပြတုန်းကမလား။ အင်းယားကန်ဘောင် အရေးခင်းကတော့ အကို တချို့စာအုပ်ထဲမှာ ဖတ်ဖူးလို့သိပါတယ်” သူမသည် နှုတ်ဆိတ်နေသည်။ မည်သို့်မျှ ပြန်မပြောသေး။
“ဒီလိုပဲ လူတွေဟာ ဘဝမှာ ရုန်းကန်လှုပ်ရှားကြရင်း ဒီအဖြစ်တွေဟာ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြပြီ။ သူတို့ အပြစ်မဟုတ်ပေမယ့် မမေ့နိုင်တဲ့လူတွေကတော့ ခုထိ ဆက်လက်သယ်ဆောင်နေကြတုန်းပဲ”
ဒီကောင်မလေးသည် ကျနော်လုံးဝထင်မှတ်မထားသည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်စိတ်ပြင်းပြနေသည့် မိန်းကလေးတဦးပါလား။
သူမသည် ဆက်၍ စကားကိုပြောသည်။ သူမပြောတာတချို့ကို ကျနော်နားမလည်တော့ သူမ၏အဘိဓမ္မာတွေကို ကျနော်အား ထုတ်လွှင့်ပြနေသည်။
သူမအသံသည် တခါတခါ သရော်အသံပါသည်။ တခါတခါတော့လည်း ဝမ်းနည်းသည့်အသံဖြင့်၊ တခါတခါကြလည်း အားနှင့်မာန်ဖြင့် သူမပြောနေသည့်တချို့ကို ကျနော်နားမလည်။
ကျနော်၏အတွေးသည် နယ်ချဲ့၍သာ နေလေသည်။ သူမအနားမှာပင်မရှိတော့။ သူမပြောနေသည့် တော်လှန်ရေးအကြောင်း၊ ဗမာပြည်သမိုင်းအကြောင်း ကျနော်သည် တလုံးတပါဒမှ မသိရှိတော့။ ခေါင်းထဲတွင်ချာချာလည်သွားသည်။
“ပြန်ကြရအောင်”လို့ သူမဘက်ကစကားသံကြားမှ ကျနော်သည် ထပြန်လာခဲ့သည်။‌ သူမအားလည်း အရင်က အထီးကျန်ကြေကွဲနေသည့် မိန်းကလေးတဦးအဖြစ် မမြင်တော့ဘဲ မကျေနပ်မှု၊မ တရားမှုတို့ကို ဖွင့်အန်ခွင့်မရသဖြင့် မာန်တင်းနေသော မိန်းကလေးတဦးအဖြစ် မြင်မိတော့သည်။
ထို့အတူ သူမအား ကျနော်သည် လွန်စွာလေးစားမိပါ၏။ ဒီကောင်မလေးသည် အချစ်ကြောင့်ကြေကွဲနေသည်မဟုတ်ဘဲ နိုင်ငံအရေးကြောင့် ကြေကွဲနေသော မိန်းမပျိုတဦးဖြစ်သောကြောင့်ပင်။
(၃)
ကျနော်သည် သူမကို သီတင်းတပတ်ခန့် လမ်းမပေါ်၌မတွေ့။ လက်ဖက်ရည်ဆိုင်၌လည်းမတွေ့။ သူမအိမ်၌လည်း အရိပ်အယောင်ပင်မမြင်ရ အိမ်ထဲသို့ဝင်မကြည့်ဖြစ်။
ခရီးဘာညာသွားသည် ဖြစ်မလား။ သို့မဟုတ် ဘယ်ကိုများ ခရီးနှင်သွားသနည်း။ ထိုအချိန်မှစ၍ သူမအားကျနော်သည် အရိပ်အယောင်ပင်မမြင်ရတော့။
ကျနော့်ရဲ့ Stitch ကောင်မလေးသည် ဘယ်ကိုများ သွားရောက်ပုန်းခိုနေသနည်း။ ဒီလောက် အင်တာနက်ခေတ်ကြီးမှာ ကျနော်သည် သူ့ဖုန်းနံပါတ်အား မတောင်းထားမိ၊ သူ့ဆက်သွယ်လို့ရမည့် Facebook Account အားလည်း မတောင်းထားမိ။
ဒီလိုနှင့် ကန်ဘောင်ဘက်သို့ ခြေဦးလှည့်ခဲ့သည်။ ထိုကန်ဘောင်ပေါ်တွင် သပိတ်စစ်ကြောင်းတခု ဖြိုခွင်းခံခဲ့ရဖူးသည်။ ထိုဖြိုခွင်းခံခဲ့ရသည့် ဘေးတွင် ကျနော်ရှိသည်ကိုကား ထို Stitch ရုပ်ဖြင့် ကောင်မလေးမသိရှာပါ။ ပြောခွင့်လည်းမရလိုက်ပါ။ သို့သော် ကျနော် Stitch ရုပ်နှင့်ကောင်မလေးနှင့် ကင်းဝေးခဲ့သည်ကား သုံးနှစ်ပင်ကြာခဲ့သည်။
သူမနှင့်သွားနေကြ ကန်ဘောင်တွင် ကျနော်သည် အမြဲပင်ထိုင်နေပါသည်။ လက်ဖက်ရည်သောက်တိုင်း အေးလျင်သောက်လေ့မရှိသော သူမအား သတိရပါသည်။ နောက် သူမ၏ Stitch အရုပ်ကလေး။ သူမ၏ ဝါဝင်းဝင်းအသားရည် ကလေးတယောက်လို အပြစ်ကင်းလှသောအပြုံးများ သူမအား ကျနော်သည် စောင့်မျှော်နေရသူတဦးသာ ဖြစ်ပေသည်။
သူမသည် ဘယ်‌ဆီ​ရောက်သွား၍ ဘယ်မှာ စခန်းချနေတော့သည်မသိပါ။ ကျနော်ကတော့ ကန်ဘောင်ပေါ်တွင် ငေးမောရင်း သူမအားစောင့်နေရပါတော့သည်။
‘မောင်သားစစ်ရဲ့ အချစ်ဇာတ်လမ်း’ ဆိုတဲ့ ကဗျာထဲကလို ကျနော်သည် သူမအား သည်တခါပြန်လာရင် သပြေခက်ဖြင့် စောင့်ကြိုနေရမည့် သူတဦးသာ ဖြစ်ပါတော့သည်။ ကျနော်၏ ထီးအား ယူမသွားခင်က သူမပြောခဲ့သည့် “နေပါစေ ကျနော်ယူသွားရင် အကို အိမ်ပြန်စရာမရှိဘဲနေပါ့မယ်” ဆိုတဲ့ စကားအသံ အဲ့တုန်းကကျနော်သည် အိမ်ပြန်ရောက်ခဲ့ပါသည်။ ခု သူမသည် ကျနော့်နှလုံးသားအား ယူဆောင်သွားပါသည် ဒီသုံးနှစ်လုံးမှာ ကျနော်သည် အိမ်ပြန်မရောက်ခဲ့သေးပါ။

Related Posts

Leave a Comment