မနက်ခင်းအတွေး

-၂၀၂၄ ​ဇူလိုင် ၁ ​တနင်္လာနေ့ –
■ မနက်ခင်းအတွေး
ဇွန်လဟာ ဇွန်လပါပဲ။ အမှန်တရားရဲ့မြားတံတွေလို မိုးရေစက်တွေက သဲသဲမဲမဲရွာသွန်းခဲ့တယ်။ ရှစ်ခွင်လုံးမှာ မှိုင်းမှုန်ခဲ့တယ်။ သံမဏိအမယ်အိုဟာ လူထုနှလုံးသားထဲမှာ နီရဲမွှေးပျံ့နေတုန်းပဲ။ အောင်ဇေယျအလံထူပြီး ယိုးဒယားနယ်စပ်ကိုချီတက်အံ့ဆိုတဲ့ ဖက်ဆစ်စစ်ကြောင်းဟာ ဒေါနတောင်တန်းပေါ်မှာ သူတို့သင်္ချိုင်းကို ရှာတွေ့ခဲ့ကြတယ်။ ရွှေဈေး ဒေါ်လာဈေးတွေက ပြည်သူ့ထမင်းအိုးကိုမှောက်ခဲ့တဲ့ အာဏာလုအကြမ်းဖက်တပ်ကို လည်မျိုညှစ်ခဲ့တယ်။ သာသနာ့ခေါင်းဆောင် ရဟန်းမြတ်တပါးကို သာသနာ့ဒါယကာကြီးအမည်ခံသူရဲ့ ဘာသာ သာသနာခေါင်းစီးတပ်ထားတဲ့ အကြမ်းဖက်တပ်က လမ်းမပေါ်မှာ အစီအစဉ်တကျ လုပ်ကြံပစ်သတ်ခဲ့တယ်။ ငပလီကမ်းခြေမှာ ရခိုင်တပ်တွေက သူတို့ပင်လယ်လေကို သူတို့ရှုရှိုက်နိုင်ခဲ့ကြတယ်။ လွတ်လွတ်လပ်လပ် အားရပါးရဆိုပါတော့။ နောက်ဆုံး ဇွန်လဟာ ဟိုင်ဂင်စာချုပ်မှာ တချီနားခဲ့တဲ့ ၁၀၂၇ မြောက်ပိုင်းထိုးစစ်ကြီးရဲ့ ဒုတိယလှိုင်းပုတ်သံတွေနဲ့ ဇူလိုင်လကို လက်ဆင့်ကမ်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဇွန်လရဲ့စာရင်းရှည်ဟာ ဖက်ဆစ်တပ်ရဲ့ နောက်ဆုံးနေ့တွေကို မသာခေါင်းလောင်းထိုးနိုင်ခဲ့ပါတယ်။
အကြမ်းဖက်တပ်က သူတို့အဓမ္မစုဆောင်းထားတဲ့ ပြည်သူ့ရင်သွေးတွေကို စစ်သင်တန်းလက်ပူတိုက်ပေးပြီး တော်လှန်စစ်ပြင်းထန်နေတဲ့ စစ်မျက်နှာတွေဆီစေလွှတ်ကာ သေတွင်းပို့နေတာကို တွေ့ရတယ်။ နွေဦးတော်လှန်ရေးတုန်းက လမ်းမပေါ်အတူတက်ခဲ့ကြတဲ့ လူငယ်တွေကို မျက်နှာချင်းဆိုင်ပြီး အချင်းချင်းပစ်သတ်ကြအောင် အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းတဲ့ ယုတ်မာပက်စက်မှုပါပဲ။ မိဘတွေဟာ အိမ်ပေါ်တက် ဆွဲထုတ်သွားတဲ့ သူတို့ရဲ့ရင်နှစ်သားလေးတွေ ဘယ်ရောက်လို့
ဘာတွေဖြစ်နေလဲ မသိနိုင်ကြတော့ဘူး။ ရွာလုံးကျွတ်မီးရှို့သတ်ဖြတ်သလိုပဲ လူငယ်တွေကို အစုလိုက်အပြုံလိုက် သေတွင်းပို့တာဟာလည်း စစ်ရာဇဝတ်မှုမြောက်ပါတယ်။ အနာဂတ်ကိုသတ်သူတွေမှာ အနာဂတ်မရှိတော့ပါဘူး။
ဇူလိုင်လဟာ အတွင်းဝန်ရုံးမှာ သွေးစွန်းခဲ့တယ်။ ဇူလိုင်လဟာ သမဂ္ဂအဆောက်အဦးမှာ သွေးစွန်းခဲ့တယ်။ အဲဒီစွန်းခဲ့တဲ့သွေးတွေနဲ့ပဲ ဇူလိုင်လဟာ တော်လှန်ရေးကို လမ်းပြခဲ့တယ်။ မျက်ရည်တွေ သွေးတွေအားလုံး ဒီတမိုးမှာ ဆေးကြောသန့်စင်ပစ်ကြမယ်။ ဇူလိုင်လနဲ့အတူ ဒီတမိုးကုန်ရင်ကွယ်ဆိုတဲ့အိပ်မက်ကို ရဲရဲကြီးမက်ကြရအောင်။

About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*