-၂၀၂၄ ဇူလိုင် ၂ အင်္ဂါနေ့ –
■ မနက်ခင်းအတွေး
အိမ်ရှင်တွေက မီးဖိုချောင်ကို လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်လုံလုံလောက်လောက်ဝင်အောင် မှန်ပြတင်းအကျယ်ကြီးတွေကို သုံးထားတယ်။ ခြံခတ်ထားတဲ့တံတိုင်းကလည်း သိပ်မမြင့်တော့ မီးဖိုချောင်မှာ တခုခုလုပ်နေရင်း ဘေးခြံအလွတ်ကတဆင့် တဖက်အိမ်ကို လှမ်းမြင်နေရတယ်။ ကုန်းမြင့်ဆင်ခြေလျောမှာ တည်နေတာမို့ သူတို့အိမ်က အမြင့်ပိုင်းရောက်နေတာလည်းပါမယ်။ မနက်က အမှတ်တမဲ့ လှမ်းအကြည့်မှာ အဲဒီအိမ်ရဲ့ ဘေးခြံအုတ်တံတိုင်း အလွှာလိုက် ပြိုလဲကျနေတာတွေ့လိုက်ရတယ်။ ကွန်ကရစ်ပါးပါးအောက်က အောက်ခံမြေသားကိုပဲ မြင်နေရတယ်။ အသဲယားစရာပါပဲ။
ညက ရွာတဲ့မိုးက အတော်သည်းတယ်။ ဒါလည်း အပြင်ကပြန်လာတဲ့သူမို့ သိလိုက်တာ။ လမ်းမှာ ရှေ့မြင်ကွင်းတောင် မမြင်နိုင်လောက်အောင် မိုးက တမကြီးရွာချတာရယ်။ မိုးချုပ်နေပြီဆိုပေမယ့် ဝိုင်းကမသိမ်းကြသေးဘူး။ လူတော်တော်များများ ချက်ပြုတ်စားသောက် စကားပြောနေကြပေမဲ့ အိမ်က အသံလုံတယ်။ အပြင်ကမိုးကို ဒီလောက်သည်းမယ်မထင်ခဲ့ကြဘူးပေါ့။ မနက်ကျမှ ကိုယ့်ဘေးအိမ်က ခြံစည်းရိုးကြီးတခုလုံး ပြိုကျနေတာတွေ့လိုက်ရတော့ တအံ့တဩဖြစ်ရ၊ အိမ်ကြီးပြိုကျရင်တောင် ငါတို့အပေါ် ပိကျမလာမချင်း သိမှာမဟုတ်ဘူးလို့လည်း စိုးရိမ်ထိတ်လန့်လို့ပေါ့လေ။ လုံခြုံတဲ့အိမ်တလုံးထဲမှာ ကမ္ဘာဟာ ဘယ်တော့မှမပျက်နိုင်ဆိုတဲ့ ယုံကြည်မှုမျိုးလို့ ဆိုရလေမလား။
တကယ်တော့ အပြင်ထွက်မကြည့်ရင်၊ ကိုယ့်တည်ဆောက်ထားတဲ့ဘဝလေးထဲက လုံခြုံငြိမ်းချမ်းမှုလေးကိုပဲ ယုံကြည်စိတ်ချရင်း၊ ကိုယ့်အနီးအနားက ပြိုပျက်မှုတွေ မိုးသံလေသံတွေ အချိန်မရွေးကိုယ့်ဘဝအပေါ် ခုန်အုပ်လာနိုင်တဲ့အန္တရာယ်တွေကို မမြင်နိုင်ကြတော့ဘူး။ အားလုံးဟာ မိုးကောင်းကင်ကြီးတခုတည်းအောက်မှာ၊ မြေအပြင်တခုတည်းပေါ်မှာဆိုတာမျိုးကို မေ့နေကြတယ်။ မေ့ထားကြတယ်။ ငြိမ်းချမ်းရေးဆိုတာ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာလို့ ဆွဲတွေးကြတယ်။ တိုက်တန်းနစ်ရုပ်ရှင်ဟာ သင်္ဘောကြီးနစ်တာကို ရိုက်ပြတာပဲ။ ဒါပေမဲ့ သူတကယ်ပြသွားတာက လူတွေရဲ့စိတ်သမုဒ္ဒရာဟာ ဘယ်လောက် ကျယ်ပြောကြောင်း၊ လျှို့ဝှက်ချက်များနဲ့ ထောင်ချောက်ဆန်ကြောင်း၊ မဲမှောင်အေးစက်ကြောင်း။ ပြီးတော့ လူတွေဟာ နောက်ဆုံးမှာ ကိုယ်ပင်လယ်မှာ ကိုယ်နစ်မြုပ်သွားကြသူတွေဖြစ်တယ်ဆိုတာပါပဲ။
Be the first to comment