မနက်ခင်းအတွေး

by The Call
54 views

-၂၀၂၄ ​ဇူလိုင် ၃ ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
ယူကရိန်းမှာလည်း စစ်ဖြစ်နေတယ်။ မြန်မာပြည်မှာလည်း စစ်ဖြစ်နေတယ်။ ယူကရိန်းစစ်ပွဲက တကမ္ဘာလုံး သည်းသည်းလှုပ်ပဲ။ ယူကရိန်းစစ်ပွဲအနိုင်အရှုံးက ကမ္ဘာကြီးအတွက် အဆုံးအဖြတ်တခုလိုဖြစ်နေတာ။ တကယ်လည်း ဒီနေ့ကမ္ဘာကြီးရဲ့အခင်းအကျင်းကို တိုက်ရိုက်ကော သွယ်ဝိုက်ပါ ထိခိုက်စေမှာ သေချာတာကို။ မြန်မာပြည်ကစစ်ပွဲတွေကတော့ တိုင်းပြည်တပြည်ရဲ့ မတည်ငြိမ်မှုလောက်ပဲ သဘောထားကြပုံရတယ်။ အနိုင်အရှုံးက ဒေသအဆင့်လောက်တော့ အနည်းငယ်လှုပ်ခတ်နိုင်ပေမဲ့ ကမ္ဘာကြီးအတွက်တော့ အနေသာကြီးပေါ့လေ။
ဒါပေမဲ့ သေတာတွေ သတ်တာတွေ ထိခိုက်ပျက်စီးတာတွေကတော့ အတူတူပါပဲ။ အမှန်တရားအတွက် တရားမျှတမှုအတွက် လူသားတန်ဖိုးအတွက် တိုက်ပွဲဝင်နေကြတဲ့အဓိပ္ပါယ်ကလည်း တပြားမှမလျော့ပါဘူး။ ဒါကြောင့် ကမ္ဘာကြီးက မြန်မာပြည်ကိစ္စလည်း အနည်းနဲ့အများ စိတ်ဝင်စားသင့်တယ်လို့ ယုံကြည်တဲ့သတင်းသမားတွေ ရောက်လာတယ်။ ပြီးတော့ သူတို့မျက်ဝါးထင်ထင်မြင်ခဲ့ရတဲ့စစ်ပွဲကို Forgotten War “အမေ့လျော့ခံစစ်ပွဲ” လို့ခေါင်းစဉ်တပ်ပြီး ကမ္ဘာကြီးသိအောင် တင်ပြခဲ့ကြတယ်။ ကျေးဇူးပါ။
တကယ်တော့ မြန်မာပြည်သူတွေ အဲလိုအမေ့လျော့ခံနေကြရတာ ကြာပါပြီ။ ပြည့်စုံအောင်ပြောရရင် လွတ်လပ်ရေးရကတည်းကဆိုပါတော့။ နှစ်ပေါင်း ၈၀ နီးပါးရှိခဲ့ပါပြီ။ ပြောရရင် မြန်မာပြည်သူတွေကိုယ်တိုင် သူတို့စစ်ပွဲကို သူတို့မေ့လျော့ခဲ့ကြတယ်။ ရန်သူ့လက်မှာ သုံ့ပန်းလို၊ ကျေးကျွန်လိုနေခဲ့ကြရတဲ့ဘဝကို နေသားကျလာခဲ့ကြတယ်။ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ အလုပ်သမား၊ ကျောင်းသားတွေ မျိုးဆက်အဆက်ဆက် လှုပ်ရှားရုန်းကန်ကြပေမဲ့ သူတို့အားလုံး ပျောက်ဆုံးသွားသောမျိုးဆက်များ ဖြစ်ခဲ့ကြရတယ်။ ကိုယ့်ဖာသာကိုယ်တောင် ပျောက်ဆုံးနေကြတဲ့သူတွေကို ဘယ်သူတွေက သတိတရရှိနေပါ့မလဲ။ ကမ္ဘာကြီးရဲ့အမေ့လျော့ခံထားခဲ့ရတာ မထူးဆန်းပါဘူး။
ဒါပေမဲ့ ၈၈ အရေးတော်ပုံကစပြီး ပြန်နိုးကြားလာကြတယ်။ ကိုယ့်ဘဝကိုယ် ပြန်ရှာဖွေဖို့ သတိရလာကြတယ်။ အပျောက်ဆုံးမခံနိုင်တဲ့ မျိုးဆက်တွေပေါ်လာတယ်။ ဖိနှိပ်သူတွေရဲ့ အဆုံးစွန်မိုက်မဲမှုမှာ မြန်မာလူထုဟာ ကိုယ့်ဘဝကိုယ် ပြန်လည်ကယ်တင်ဖို့ ခုခံတော်လှန်စစ်ကို ရွေးချယ်လိုက်ကြတယ်။ နွေဦးတော်လှန်ရေးဟာ မြန်မာပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့လိုက်ကြတဲ့ပွဲပဲ။ ကမ္ဘာကြီးဟာ သူတို့အကြာကြီးမေ့လျော့ထားတဲ့ လူမျိုးတမျိုးနဲ့ တိုင်းပြည်တပြည်ဟာ ဒီကမ္ဘာကြီးပေါ်မှာ တကယ်ရှိနေပါလားဆိုတာ မကြာခင် ပြန်သတိရလာကြလိမ့်မယ်။ အလုံပိတ်အခန်းထဲမှာ အဆိပ်ငွေ့ပေးပြီးအသတ်ခံခဲ့ရတဲ့လူမျိုးဟာ သူတို့နဲ့ထိုက်တန်တဲ့ဂုဏ်သိက္ခာနဲ့ တိုင်းပြည်တပြည်ကို ဘယ်သူ့ဆီကမှ လက်ဝါးဖြန့်မတောင်းခဲ့ဘဲ ကိုယ်တိုင်ရယူနိုင်ခဲ့ကြတယ်။ ဒီလိုပဲ ၂၁ ရာစုရဲ့ အမေ့လျော့ခံစစ်ပွဲတပွဲကလည်း ကိုယ်ကျိုးစီးပွားတွေနဲ့ ဝေစုခွဲနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ အဖိနှိပ်ခံပြည်သူတွေဟာ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ဘယ်လိုဖန်တီးနိုင်ခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းတခု ထိုးခဲ့ဦးမှာဖြစ်ပါတယ်။
ခင်ဗျားတို့မေ့ထားခဲ့ပေမဲ့ ကျနော်တို့က အားလုံးကိုသတိရနေဦးမှာပါ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment