မနက်ခင်းအတွေး

by The Call

-၂၀၂၄ ​ဇူလိုင် ၄ ကြာသပ​တေးနေ့ –
■ မနက်ခင်းအတွေး
စစ်ပွဲသတင်းတွေကို သတင်းကောင်းလို့ပြောရတာ နည်းနည်းတော့ ကသိကအောင့်နိုင်ပါတယ်။ အခုလို အကြမ်းဖက်ဖိနှိပ်နေတဲ့ ဖက်ဆစ်တပ်ကို တော်လှန်တိုက်ခိုက်စစ် ဆင်နွဲနေတဲ့အချိန်မှာတော့ ရန်သူကို တိုက်တဲ့စစ်ပွဲတွေဟာ အဖိနှိပ်ခံပြည်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ များများတိုက်နိုင်လေ၊ အောင်ပွဲတွေဆွတ်ခူးနိုင်လေ ရောင်နီကို လှမ်းမြင်ရလေပဲ မဟုတ်လား။
တဖက်မှာတော့ တိုက်ပွဲတွေပြင်းထန်လာလေ ထိခိုက်ပေးဆပ်မှုတွေက အရင်ထက်များလာလေပါပဲ။ လူလူချင်းတိုက်ရတဲ့စစ်လေ။ ကိုယ့်ဘက်ကပေးထားရတာက လူကောင်းသူကောင်းလေးတွေ။ အနာဂတ်တခုအတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ အများအတွက် ကိုယ့်အသိစိတ်နဲ့ကိုယ် ချွေးတွေ သွေးတွေ အသက်တွေ ပေးဆပ်ဖို့ ဆုံးဖြတ်ရွေးချယ်ခဲ့တဲ့သူတွေ။ လက်ဖျားကို သံမှိုနှက်ရွေးရင်တောင် မိုက်ရူးရဲပဲရချင်ရမယ်။ ဒီလိုလူတွေ ရဖို့မလွယ်ဘူး။ အဲတော့ တယောက်ဆိုတယောက် တန်ဖိုးရှိတယ်။
ဒီလိုပဲ စစ်ပွဲတွေကျယ်ပြန့်လာလေ အရပ်သားထိခိုက်သေဆုံးမှုတွေကလည်း များလာလေပဲ။ ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ ဖက်ဆစ်တပ်ရဲ့ ယုတ်မာရက်စက်မှုကြောင့်လည်း အရပ်သားပြည်သူတွေရဲ့ စစ်ဒုက္ခက ပိုကြီးမားလာတယ်။ ယဉ်ကျေးပါတယ်ဆိုတဲ့ ဒီကနေ့ကမ္ဘာကြီးက ဒါကို ဘယ်လောက်ကြာကြာ လက်ပိုက်ကြည့်နေဦးမှာလဲ။ စစ်အကြမ်းဖက်အုပ်စုလက်ထဲ ကယ်ဆယ်ရေးပစ္စည်းတွေထည့်ပြီး လူသားချင်းစာနာထောက်ထားမှုလို့ ပြောနေကြတဲ့ နိုင်ငံတကာကလူကြီးမင်းတွေကော လိပ်ပြာလုံကြပါရဲ့လား။
ပြည်သူတွေကတော့ သားစဉ်မြေးဆက် စစ်ကျွန်ဘဝကလွတ်မြောက်ဖို့ ဖြစ်လာတဲ့ ဒုက္ခသုက္ခတွေကို ခါးစည်းခံဖြတ်ကျော်သွားကြမှာပဲ။ သေသော်မှာတည့် ​သြော်ကောင်း၏လို့ ရင့်ကျုးပြီး သူ့ကျွန်ဘဝကို ငြင်းဆန်ခဲ့တဲ့သမိုင်းက ရှိပြီးသားလေ။ အနီးကပ်ဆုံး တယောက်ကိုတယောက်ကူညီကြမယ်။ ညီညီညွတ်ညွတ်ရှိကြမယ်။ ဘယ်သူက ပြည်သူ့ရန်သူ ဘယ်သူကပြည်သူ့မိတ်ဆွေ ကွဲကွဲပြားပြားသိထားရမယ်။ တော်လှန်စစ်မှာ ထမင်းတထုပ် ရေတပုလင်းပဲဖြစ်ဖြစ် ကိုယ်နိုင်သလောက် ပါဝင်ကြရမယ်။
စောင့်နေသူတွေနဲ့ ပြန်လာသူတွေ တနေ့ထက်တနေ့ မင်းနဲ့လက်တကမ်းကို ကိုယ်ရောက်ပြီဖြစ်ကြရမယ်။ သီချင်းသံပြိုင် အတူတူဆိုကြမယ်လေ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment