
“The Lady (2011)”

ဒီရုပ်ရှင်ကြည့်ဖူးတာ ကြာပဲ ကြာခဲ့ပါပြီ။ စ, ကြည့်ခဲ့တုန်းက လူမှန်းတောင်မသိသေးတဲ့ ဆယ်ကျော်သက်အရွယ်လောက်က ဖြစ်မယ်။ ၂၀၁၁ ခုနှစ်မှာ ရုပ်ရှင်ထွက်ခဲ့တာဆိုတော့ ရုပ်ရှင်ထွက်အပြီး မကြာခင်လေးမှာ ကြည့်ခဲ့ရတယ်ထင်တာပဲ။ DVD ပြားကို အောက်စက်ထဲထည့်ပြီး ကြည့်ခဲ့ရတာ။ အဲဒီတုန်းက ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့ကို ပီပြင်လွန်းတယ်ဆိုပြီး ကြောက်ရွံ့ခဲ့မိတာ မှတ်မိသေးတယ်။ အကြားအမြင်ဆရာမကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတ်ပစ်ခိုင်းလို့ သေနတ်နဲ့ပစ်သတ်တဲ့အခန်းနဲ့ အကျဥ်းသားတယောက်ကို ကန်ကျောက်ပြီး အလုံပိတ်အခန်းထဲ ထည့်လိုက်တဲ့အခန်း။ အဲဒီအခန်းတွေဟာ ပီပြင်လွန်းလို့ ဒါ တကယ်ဖြစ်ပျက်နေတာပါဆိုပြီး အသည်းထိတ်မတတ် ကြောက်ရွံ့သွားခဲ့မိတာ။ ဒါဟာ ဒါရိုက်တာရဲ့အစွမ်းပါပဲ။
နှစ်တွေကြာပြီး အခုလို နိုင်ငံရေးရှုပ်ထွေးတဲ့ ကာလမျိုးမှာ ဒီရုပ်ရှင်ကို ခဏခဏ ကြည့်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ ဒေါ်အောင်ဆန်းကြည်ရဲ့ အထုပ္ပတ္တိရုပ်ရှင် ပါ။ ဒါ့ကြောင့် ကျနော်က အမေစုလို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လွန်းလို့ ကြည့်ဖြစ်တယ်။ လေးစားလို့ ကြည့်ဖြစ်တယ်။ အကျဥ်းကျနေလို့ သနားမိတိုင်း ကြည့်ဖြစ်တယ်။ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ရွံမုန်းတိုင်း ကြည့်ဖြစ်တယ်။ ဘယ်နှကြိမ်ကြည့်ကြည့် မရိုးဘူး။ ရုပ်ရှင်ဟာ အသက်ဝင်လွန်းလို့ အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲယိုးကို ဒုတိယအမေစုလို့ သတ်မှတ်မိတဲ့အထိပဲ။
The Lady ရုပ်ရှင်ဟာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်းဆိုတာ အားလုံး သိပြီးသားမဟုတ်လား။ ဒီရုပ်ရှင်ကို မကြည့်ဖူးသူတွေတောင် ဒေါ်အောင်ဆန်းကြည်အကြောင်းကို သိကြလိမ့်မယ်။(ဒါပေမယ့်လည်း မြင်ပါလျက်နဲ့ မမြင်ချင်ယောင်ဆောင်သူ၊ ကြားပါလျက်နဲ့ မကြားချင် ယောင်ဆောင်သူတွေ၊ မနာလိုသူတွေကတော့ ရုပ်ရှင်ထဲကအကြောင်း (ဒေါ်အောင်ဆန်းစုကြည့်အကြောင်း) ကို ရုပ်ရှင်ထဲကလို မမြင်၊ မကြားဘဲ တလွဲ မြင်လိမ့်၊ ကြားလိမ့်မယ်။)
ကျနော်ကတော့ ရုပ်ရှင်တကာ့ ရုပ်ရှင်တွေထဲမှာ ဖျော်ဖြေရေးရုပ်ရှင်၊ စိတ်ကူးယဥ်ရုပ်ရှင်တွေထက် The Lady ရုပ်ရှင်လို ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်၊ အထုပ္ပတ္တိရုပ်ရှင်တွေကို ပိုကြိုက်ပါတယ်။
ဖြစ်ရပ်မှန်မှတ်တမ်း/အထုပ္ပတ္တိရုပ်ရှင်တွေဆိုတာ အပြင်လောကမှာ တကယ်ရှိခဲ့သူရဲ့အကြောင်းကို ငယ်စဥ်ဘဝကနေ ရုပ်ရှင်အဖြစ် အသက်သွင်းရလောက်တဲ့ လုပ်ရပ်များအထိ ခရေစေ့တွင်းကျ ရိုက်ကူးထားတာ။ ဘဝအထိုထို ဖြတ်သန်းခဲ့ရတဲ့ အကြောင်းတွေပေါ့။ သူတို့ရဲ့ ဂုဏ်ယူရလောက်တဲ့ အရည်အချင်းတွေ၊ လောကကောင်းကျိုးပြုမှုတွေကို ကြည့်မိသူ လူသားတွေ အတုယူစေဖို့၊ အားကျစေဖို့ ရုပ်ရှင်အဖြစ် မှတ်တမ်းချန်ကြတာ။ သူတို့ရဲ့ သမိုင်းဟာ လူသေသွားလည်း ထာဝစဥ် လှပနေတော့မယ်လေ။
အဲဒီလိုရုပ်ရှင်တွေ ကြည့်ရရင် ကျနော်တော့ အဲဒီပုဂ္ဂိုလ်ကို တကယ်အားကျမိတယ်။ သူတို့လို တော်ချင်တယ်။ မှတ်တမ်းတင် ဂုဏ်ပြုခံရချင်တယ်။ တကယ် အားအကျရဆုံးက ရုပ်ချင်း ချွတ်စွပ်တူသူကို ရွေးချယ်ပြီး ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ခံရတာကိုပဲ။
တချို့ ဖြစ်ရပ်မှန်မှတ်တမ်း/အထုပ္ပတ္တိရုပ်ရှင်တွေကကျတော့ သူတို့ရဲ့သမိုင်းဆိုးကို လောကကြီးထဲမှာ ထာဝရ ရှင်ကျန်စေတာ။ သူဟာ လောကကြီးကို ကောင်းကျိုးမပေး၊ ဆိုးကျိုးကို ပေးခဲ့တဲ့အတွက်၊ စစ်ကို ဖန်တီးခဲ့တဲ့အတွက် သူ့ကို လူတွေ ရွံမုန်းစေအောင်၊ နာကျည်းစေအောင် သမိုင်းဆိုး ချန်ပစ်လိုက် တာ။ ဥပမာ ဟစ်တလာ၊ သန်းရွှေ။
The Lady လို ဖြစ်ရပ်မှန်မှတ်တမ်း/အထုပ္ပတ္တိရုပ်ရှင်မျိုးများစွာကို ကြည့်မိတိုင်း မြန်မာပြည်ရဲ့အခြေအနေကို ရှုမြင်ကြည့်ပြီး များစွာ စိတ်မကောင်း ဖြစ်မိရတယ်။ မြန်မာပြည်ရဲ့ ရုပ်ရှင်လောကကြီးကိုပါ။ မြန်မာ့ရုပ်ရှင်လောကက နှစ် ၁၀၀ တိုင်ခဲ့ပေမယ့် ပေါကားကနေကို မတက်နိုင်သေးဘူး။ အဆင့်မမီသေးဘူး။ အဆင့်အတန်း အလွန်ကို နိမ့်ကျနေတာ။ မြန်မာ့ရုပ်ရှင်ဟာ နိုင်ငံတကာနဲ့ တန်းကိုမဝင်နိုင်သေးဘူး။ မြန်မာ့ရုပ်ရှင်ကားကောင်းတကားဆိုတာ နိုင်ငံတကာနဲ့ တန်းဝင်မှပါ။ နိုင်ငံတကာနဲ့ တန်းဝင်တဲ့ မြန်မာ့ရုပ်ရှင်ကားတချို့ ပေါ်ထွက်နေပြီဆိုပေမယ့် ဆယ်ပုဒ်ထက် မပိုသေးဘူး။ တလျှောက်လုံး ရုပ်ရှင် တွေ ရိုက်လာပြီး တန်းဝင်တဲ့ ကားလေးတကားဖြစ်အောင် ဘာလို့ မရိုက်နိုင်ကြတာလဲ၊ ဘာလို့ တန်းဝင်ရုပ်ရှင်တွေကို အတုမယူနိုင်တာလဲ ဆိုပြီး စောဒကတက်မိတယ်။ မြန်မာတွေရဲ့ အရည်အချင်းက ဒါပဲလားလို့ အားမလိုအားမရ ဖြစ်မိတယ်။ (တကယ်တော့ မြန်မာ့ရုပ်ရှင် တန်းဝင်ဖို့ မြန်မာရုပ်ရှင် ဒါရိုက်တာတွေမှာပဲ တာဝန်ရှိတာမဟုတ်ပါ။ ကျနော်အပါအဝင် မြန်မာပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိပါတယ်) အကယ်ဒမီသုံးဆုရ မင်းသားတယောက်ကတော့ ပြောဖူးတယ်။ မြန်မာ့ရုပ်ရှင်တွေ နိုင်ငံတကာနဲ့ တန်းဝင်ဖို့ဆိုတာက မြန်မာပြည်ရဲ့အခြေအနေနဲ့ သက်ဆိုင်တယ်တဲ့။ မြန်မာ့ရုပ်ရှင် နိမ့်ကျတာဟာ မြန်မာပြည်မှာ အဘက်ဘက်ကနေ နိမ့်ကျနေလို့ပဲတဲ့။ ကျနော်ကတော့ အဲဒီမင်းသားပြောတာ လက်မခံပါဘူး။ သူပြောတဲ့စကားက ဘတ်ဂျက်လိုအပ်ချက် နည်းပါးလို့ဆိုတဲ့သဘော သက်ရောက်တယ်။ တန်းဝင်ရုပ်ရှင်တကားဖြစ်ဖို့ ဘတ်ဂျက်များများ မလိုအပ်ပါဘူး။ ဇာတ်ကောင်သုံးလေးယောက်လောက်ပဲ ပါပြီး ခပ်အေးအေး ရုပ်ရှင်မျိုးနဲ့ နိုင်ငံတကာအထိ တန်းဝင်နေတဲ့ ရုပ်ရှင်ကားတွေ အများကြီးပါ။ အဓိကက ရုပ်ရှင်ပညာ ပါးနပ်ဖို့၊ ပညာသားပါဖို့ပဲ လိုပါတယ်။ ဒါရိုက်တာခရစ်စတီးနားခီ၊ ဏကြီးတို့ရဲ့ ရုပ်ရှင်တွေကြည့်ပြီး မြန်မာ့ရုပ်ရှင်ဟာ နိုင်ငံတကာနဲ့ တန်းဝင်ဖို့ လမ်းစတော့ မြင်နေရပါပြီ။
မြန်မာ့ရုပ်ရှင်တွေဟာ နိုင်ငံတကာနဲ့ တန်းဝင်အောင် မရိုက်ပြနိုင်တော့ The Lady လို အထုပ္ပတ္တိရုပ်ရှင်မျိုးကိုလည်း မရိုက်ပြနိုင်တော့ဘူးပေါ့။ ဒါကိုသိလို့ ဒါရိုက်တာက မြန်မာတွေရဲ့ကိုယ်စား The Lady ရုပ်ရှင်ကို ရိုက်ပေးလိုက်တာလို့ ကျနော်ထင်တာပဲ။ The Lady ဟာ ရိုက်ကိုရိုက်သင့်တဲ့ ရုပ်ရှင်။ ရုပ်ရှင်အဖြစ်နဲ့ မှတ်တမ်း တင်ကိုတင်ထားသင့်တဲ့ ရုပ်ရှင်ပါ။
ဘာလို့ဆို ဒေါ်အောင်ဆန်းစုကြည်ဆီမှာ လူသားတိုင်း စံနမူနာယူထိုက်တဲ့ အရည်အချင်းတွေရှိနေတာ နည်းနည်းနောနောမှ မဟုတ်ဘဲ။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်တယ်၊ ဖခင်ရဲ့ ရဲစွမ်းသတ္တိသွေး အပြည့်ပါတယ်။ (တချို့က ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီး ဖြစ်နေလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်နေလို့ဆိုတဲ့ ပုဂ္ဂိုလ်စွဲပြီး အထင်ကြီးလွန်းနေကြတာပါတဲ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးသာ မဟုတ်ခဲ့ရင် အဖက်လုပ်တောင် ခံရမှာ မဟုတ်ဘူးတဲ့။ အဲဒီစကားကို ကျနော် လက်မခံပါ။ အဲဒီလိုပြောကြေးဆို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်တဲ့ အောင်ဆန်းဦးကိုလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်လို့ဆိုပြီး ပုဂ္ဂိုလ်စွဲပြီး အထင်ကြီးရတော့မပေါ့။ တကယ်တော့ ဒေါ်အောင်ဆန်းကြည်ကို လေးစားရခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသော လုပ်ရပ်များစွာကို လုပ်ခဲ့လို့ပါ။ အောင်ဆန်းဦးလည်း ဖခင်ကဲ့သို့ လုပ်ခဲ့ရင် လေးစားခံရမှာ အသေအချာပါ။ ဖခင်ကဲ့သို့မလုပ်လို့ နာမည်ရှေ့မှာ ဦးတောင် တပ်ခေါ်ဖို့ မတန်။) ဖခင်ရဲ့ လမ်းစဥ်အတိုင်း လိုက်တယ်၊ အတတ်ပညာ ဘွဲ့မျိုးစုံ ပိုင်ဆိုင်ထားတယ်၊ ဘာသာစကားမျိုးစုံနဲ့ ဘာသာပြန်ခံရတဲ့ စာအုပ်တွေ ရေးထားတယ်၊ ဘာသာစကားမျိုးစုံ တတ်ကျွမ်းတယ်၊ စစ်အာဏာရှင်တွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးမို့ မလုံခြုံသလို ခံစားရပြီး ပြည်ပပို့ထားတယ်။ (အဲဒီလို အပို့ခံရလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘဝအထိုထို ဖြတ်သန်းခဲ့ရပြီး အဲဒီအတွေ့အကြုံများစွာက အခုလို ထင်ပေါ်ကျော်ကြားတဲ့ အမျိုးသမီးဖြစ်စေအောင် ပံ့ပိုးသလို ဖြစ်သွားစေတာ။ ရာဇဝင်ရုပ်ရှင်တွေထဲကလို ဘုရင်ဖြစ်ဖို့အတွက် ခက်ခဲကြမ်းတမ်းမှုတွေ ဖြတ်ကျော်ရသလိုပေါ့။ ဘာမှ မကြိုးစားရဘဲ ထိပ်ဆုံးရောက်နေတဲ့ဘဝမျိုးက ဘာအဓိပ္ပါယ်ရှိမှာလဲလေ။) ဒါ့ကြောင့် ပြည်ပမှာပဲ နှစ်များစွာနေရပြီး ဗြိတိန်နိုင်ငံသားနဲ့ အိမ်ထောင်ကျတယ်။ (ကျနော့်အထင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပပို့ထားခြင်းဟာ နိုင်ငံခြားသားနဲ့ ညားစေချင်လို့များလားပဲ။ စစ်အာဏာရှင်တွေက မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းထားတယ်လေ။ ပြည်ပနိုင်ငံသားနဲ့ လက်ထပ်ထားရင် သမ္မတဖြစ်ခွင့်မရှိဘူး။ အဲဒီလို ဖြစ်စေအောင် ဖန်တီးခဲ့လို့ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားက ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆုရှင်ဖြစ်အောင် ပံ့ပိုးပေးခဲ့တယ်။
စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးလို့ လုပ်ခဲ့သမျှ လုပ်ရပ်တိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို အောင်မြင်မှုထိပ်ဖျားဆီ ရောက် အောင် တွန်းပို့မိသလို ဖြစ်နေစေခဲ့ပြန်တာ။) သားနှစ်ယောက် ဖွားတယ်၊ မိခင် နာမကျန်းလို့ စစ်အာဏာရှင် အုပ်စိုးနေတဲ့ မြန်မာပြည်သို့ ခဏပြန်ချိန် စစ်အာဏာရှင်ကို သဘောမကျတဲ့ မြန်မာပြည်သူပြည်သားတွေက ဒီမိုကရေစီကို အရယူမယ့်၊ စစ်အာဏာရှင်ကို ဖြုတ်ချမယ့် NLD ပါတီရဲ့ ခေါင်းဆောင်လုပ်ပေးဖို့ ကမ်းလှမ်းခံရတယ်။ လက်ခံလိုက်ရင် မိသားစုရှိရာနိုင်ငံဆီ ပြန်ခွင့်ရတော့မှာ မဟုတ်တာရော၊ ခင်ပွန်းနဲ့ သားနှစ်ယောက်နဲ့လည်း ခွဲနေရမှာကိုရော ဒေါ်အောင်ဆန်းစုကြည်က သိတယ်။ အရာအားလုံးကို စွန့်လွှတ်ရမှာ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချလိုက်တယ်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တုန်းက မြန်မာနိုင်ငံဟာ အင်္ဂလိပ်တို့လက်အောက် ကျရောက်နေလို့ လွတ်လပ်ရေးရဖို့က ဖခင်တို့တာဝန်ဆိုပြီး လွတ်လပ်ရေးရအောင် တိုက်ယူခဲ့သလို မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက် ကျရောက်နေလို့ ဒီမိုကရေစီရဖို့ရာ သမီးဖြစ်သူ၏ တာဝန်လို့ သဘောထားပြီး NLD ပါတီ ခေါင်းဆောင်တာဝန်ကို ယူခဲ့ပါတယ်။ ခေါင်းဆောင်ပီသအောင် တာဝန်တွေကို အပတ်တကုတ် ကြိုးစားလုပ်တယ်။ မြန်မာပြည်အနှံ့ နယ်လှည့်မဲဆွယ်ပွဲတွေရော။ အဲဒီလိုလုပ်ရင်း မနာလိုသူများစွာက လုပ်ကြံတာ ခံရတယ်။ လုပ်ကြံသူတို့ အထမမြောက်ခဲ့ဘူး။ လက်နက်ကိုင် စစ်သားတွေနဲ့လည်း ထိပ်တိုက်တိုးခဲ့ရတယ်။ နဖူးတည့်တည့် ချိန်ရွယ်ထားတဲ့ စစ်သားများစွာရဲ့ ရှေ့တည့်တည့်ကို ကျားရဲမတကောင်လို တိုးဝင်ခဲ့တယ်။ မေတ္တာနဲ့ ငြိမ်းချမ်းစေတဲ့ လုပ်ရပ်ပါ။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတွေ လုပ်နေချိန် ခင်ပွန်းဖြစ်သူ ကင်မ်အဲရစ်က မြန်မာနိုင်ငံရောက်လာတော့ စစ်အာဏာရှင်က အကူအညီတွေ ပေးနေမှာစိုးလို့ မြန်မာပြည်ဝင်ခွင့် ပိတ်ပင်လိုက်တယ်။ အဲဒီလိုလုပ်လိုက်လည်း စစ်အာဏာရှင်တွေအတွက် မကောင်းကျိုးပဲဖြစ်တာ။ ကင်မ်အဲရစ်က ပြည်ပမှာနေရင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆုရှင်ဖြစ်အောင် တင်ပြပေးခဲ့တယ်လေ။ ဒေါ်အောင်ဆန်းစုကြည်လည်း မဲပေးပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့ပြီး နိုင်ငံကို အုပ်ချုပ်ခွင့်ရခဲ့ပေမယ့် စစ်အာဏာရှင်က အာဏာကို လွှဲမပေးဘူး။ လွှဲမပေးရုံမက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်များစွာ နေအိမ်အကျယ်ချုပ် ချလိုက်တယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရချိန်ပဲ မီးပျက်နေတဲ့ကြားက ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ပေးအပ်ခံရတဲ့အကြောင်း ရေဒီယိုထဲကနေ ခက်ခက်ခဲခဲ နားဆင်ခဲ့ရတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရချိန် ခင်ပွန်းဖြစ်သူ ကင်မ်အဲရစ် ကွယ်လွန်တဲ့အကြောင်း ကြားခဲ့ရပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်တယောက် မပြီးဆုံးသေးတဲ့ ခရီးရှည်ကြီးကို လျှောက်လှမ်းနေရင်း ရုပ်ရှင်ကို ဇာတ်သိမ်းထားတယ်။
ရုပ်ရှင်အပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆက်တွဲ အခြေအနေကို ပြောပြရရင် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးနောက် ရုပ်ရှင်ထဲကလို ဒီမိုကရေစီရဖို့ ပါတီ မဲအနိုင်ရအောင် ပြည်လည်ကြိုးစားခဲ့ပါတယ်။ မပြီးဆုံးသေးတဲ့ခရီးကို မဆုတ်မနစ် ဆက်လျှောက်ခြင်းပါ။ ကံကောင်းစွာ မဲ အပြတ် အသတ် အနိုင်ရပြီး ငါးနှစ်အုပ်ချုပ်ခွင့်ရခဲ့ရာ ငါးနှစ်အတွင်း နိုင်ငံတိုးတက်မှု များစွာရအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကတော့ အာဏာကို အပြည့်အဝ လွှဲမပေးသေးပါဘူး။ အုပ်ချုပ်သက်တမ်း ငါးနှစ်ပြည့်လို့ မဲပြိုင်ပွဲ ပြန်လည်ကျင်းပရာ မဲအပြတ်အသတ် အနိုင်ရခဲ့ပြန်ပါတယ်။ သမ္မတရွေးချယ် ပွဲ ကျင်းပမယ့် ၁/၂/၂၀၂၁ နေ့မှာ စစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတကြီး ဦးဝင်းမြင့်ကိုရော တခြား ခေါင်းဆောင်အများအပြားကိုရော ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ ဒီတခါ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရခြင်းကတော့ အရင်က နေအိမ် အကျယ်ချုပ်ထက် ဆိုးဝါးပါတယ်။ ဘယ်နေရာမှာ ဖမ်းဆီးခံနေရမှန်း ဘယ်သူမှ မသိရလို့ပါ။
အခုချိန်က ဒီရုပ်ရှင်ကို အကြည့်သင့်ဆုံး အချိန်ပါ။ ကြည့်ဖြစ်ရင် တော်လှန်ရေးကို အားသွန်ခွန်စိုက် စွမ်းဆောင်ချင်လာမယ့် စိတ်ဓာတ်တွေ နိုးကြားလာစေနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ရုပ်ရှင်ထဲက အဖြစ်အပျက်လိုမျိုး ပြန်လည်ဖြစ်နေပြီး ဒီမိုကရေစီခရီးလမ်းကလည်း အဝေးကြီး အဝေးကြီး ရှိနေဆဲဆိုတာ သိလိုက်ရမှာပါ။ ဒီလိုသိလိုက်ရရင် ဒေါ်အောင်ဆန်းစုကြည်ကို သနားမိပြီး တော်လှန်ရေးကိုလည်း တစိုက်မတ်မတ် လုပ်ဖြစ်ကြလိမ့်မယ် လို့ ယုံကြည်ပါတယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရုပ်ရှင် ဆက်ရိုက်ဦးမယ်ဆိုရင် The Lady ထက် ပိုမိုကြမ်းတမ်းတာတွေကို ကြည့်ရမှာပါ။
တချို့နိုင်ငံတွေကျတော့ ဖြစ်ရပ်မှန်မှတ်တမ်း/အထုပ္ပတ္တိရုပ်ရှင်များစွာ ရိုက်ကူးနိုင်တော့ ရိုက်သင့်တဲ့အကြောင်းမှန်သမျှ ရိုက်ကူးကြတယ်။ ရိုက်လွန်းလို့ ရိုက်ဖို့ အကြောင်းအရာတွေ ရှားလွန်းတောင် နေကြသလားပဲ။ အေဗရာဟင်လင်ကွန်းလို သမ္မတအကြောင်း ရိုက်ရုံမက Vice (2008) ဆိုတဲ့ ဒုသမ္မတရဲ့ အကြောင်းတောင် ရိုက်ကြသေး။ နှင်းတောထဲ လူတယောက် ပိတ်မိနေလို့ ကယ်ခဲ့တဲ့အကြောင်း၊ မီးပျက်သွားလို့ ဆေးကုသခွင့် မရတော့မလို ဖြစ်သွားလို့ မီးပြန်လာအောင် ကြိုးစားတဲ့အကြောင်း စတဲ့ အကြောင်းအရာလေးတွေကိုတောင် ရိုက်ရှင်ရိုက်နေကြပြီ။
မြန်မာပြည်မှာတော့ ဖြစ်ရပ်မှန်မှတ်တမ်း/အထုပ္ပတ္တိရုပ်ရှင်အဖြစ် ရိုက်သင့်တဲ့ အဖြစ်အပျက်တွေ၊ ပုဂ္ဂိုလ်တွေ တပုံကြီး ရှိနေပါတယ်။ မရိုက်နိုင်သေးပါဘူး။ တကားမှကို မထွက်သေးပါဘူး။ The Lady တောင် သူများနိုင်ငံက ရိုက်ပေးလို့။ ဒါ့အပြင် Beyond Rangoon (1995) ရုပ်ရှင်ဟာလည်း ဇာတ်ကောင် က အမေရိကန်သူဖြစ်နေလို့ ရိုက်ကူးခံရတာ(အဲဒီရုပ်ရှင်ကလည်း အမေစုအကြောင်း။) မြန်မာနိုင်ငံသားဖြစ်တဲ့ သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့အကြောင်း ရိုက်ကူးထားတဲ့ Twilight Over Burma (2015) ရုပ်ရှင်တောင် သူ့ရဲ့မိဖုရားဖြစ်သူ မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် Inge Sargent ဟာ သြစတြီးယားသူဖြစ်လို့သာ ရုပ်ရှင်ရိုက်ကူးခံရတာ။ မြန်မာပြည်သူသာ ဖြစ်နေခဲ့ရင် စော်ဘွားကြီးလို အစောကြီးကတည်းက အာဏာရှင်နေဝင်းရဲ့ လက်စဖျောက်ခြင်းကို ခံရမှာဖြစ်ပြီး အသက် ၉၁ နှစ်အထိ နေရမှာမဟုတ်ဘူး။ နို့မို့ဆို မြန်မာတွေ ကိုယ့်နိုင်ငံက ပုဂ္ဂိုလ်တွေအကြောင်း ရုပ်ရှင်အဖြစ် ကြည့်ရမှာ မဟုတ်ဘူး။ အဲဒီရုပ်ရှင်တွေထဲမှာ အာဏာရှင် နေဝင်းနဲ့ သန်းရွှေတို့ရဲ့ သမိုင်းဆိုးကို ကျန်ရစ်စေတာကို တွေ့ရတယ်။ အဲဒီရုပ်ရှင်တွေကြောင့် “အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ” ဆိုတဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်ဆောင်ပုဒ်ကို ရခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ရပ်မှန်မှတ်တမ်း/အထုပ္ပတ္တိရုပ်ရှင်အဖြစ် ရိုက်ကို ရိုက်ကူးရမယ့် ပုဂ္ဂိုလ်တဦးရှိတယ်။ သူဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ မရိုက်နိုင်သေးပါဘူး။ မင်းသားကြီး လူမင်းက ရိုက်ကူးနေတယ်ဆိုပေမယ့် ဆယ်နှစ်မက ကြာသွားတယ်။ အလုပ်မဖြစ်ခဲ့ပါဘူး။
နောက်ထပ် ဖြစ်ရပ်မှန်မှတ်တမ်း/အထုပ္ပတ္တိရုပ်ရှင်အဖြစ် ရိုက်ကူးစေချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါသေးတယ်။ ဦးနု၊ နာဂသိန်းလှိုင်၊ အမေစုကို NLD ခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့ ဦးဘသော် ခေါ် စာရေးဆရာ မောင်သော်က၊ ဒေါက်တာဆာဆာ၊ စနိုင်နိုင်ထွန်း၊ မြသန်းတင့်၊ ဝင်းမော်ဦး၊ ဖုန်းမော်၊ ဆလိုင်းတင်မောင်ဦး၊ ကိုဂျင်မီ၊ ဇေယျာသော် စသူတို့ဟာ တကယ် လေးစား အတုယူ အားကျဖို့ကောင်းတဲ့ ပုဂ္ဂိုလ်တွေပါ။
ခေတ်အဆက်ဆက် မြန်မာနိုင်ငံကို အုပ်စိုးလာတဲ့ အာဏာရှင်တွေဖြစ်တဲ့ နေဝင်း၊ သန်းရွှေ၊ ခင်ညွန့်၊ မင်းအောင်လှိုင်၊ ဂဠုန်ဦးစောတို့ရဲ့ သမိုင်းကတော့ ရုပ်ရှင်အဖြစ် အသက်မသွင်းလည်း ထာဝရ ကျန်နေမှာတော့ အသေအချာပါပဲ။
Director : Didier hoarau
Starring : Michelle Yeoh, David Thewlis
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ
(2.5.2025)
Be the first to comment