Total Internal Reflection

“Total Internal Reflection”
◼️လင်းလက်နွေဦး
တနေ့က ကျနော့်အမျိုးသမီးကို ကြိတ် လေးစားသွားတယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်လို့ပဲ ပြောပြော၊ ကပ်ချည်နေတယ် ပြောပြော၊ ဒါလေးတော့ ပြောရဦးမယ်။ ကျနော့်အကိုနဲ့ မရီးရဲ့ အင်္ကျီ၊ မင်္ဂလာဆောင်ဓာတ်ပုံ၊ ဘွဲ့ဓာတ်ပုံ စသဖြင့်ပေါ့၊ ဘာညာသာရကာတွေကို သိမ်းထားပေးဖို့ ပြောလာတယ်။ ဇာတ်လမ်းအစအဆုံး မသိရင် ဘာထူးလို့လဲလို့ ထင်စရာပေါ့။ ထူးတယ် … ထူးတယ်၊ တကယ် ထူးတယ်နော်။ ကျောင်းကန်နီးမှ မြန်မာ့ပုံပြင်ထဲကတော့ မဟုတ် လောက်ပါဘူး။ ရွာထဲရပ်ထဲ ပြောနေကျ ဟာသပုံဝတ္ထုလေးတပုဒ် ရှိတယ်။ တယောက်က ပြောလာတယ်၊ ‘ဒို့ရွာက ဘုန်းကြီးက ထူးတယ်’ တဲ့။ အဲတော့ ပုဂ္ဂိုလ်ထူးဆို ကြည်ညိုချင်ကြသူတွေမို့ မေးကြတာပေါ့။ ဘယ်လို တန်ခိုးပြလဲ၊ ဘယ်လို ထူးလဲလို့။ အဲလူက ပြောတယ်၊ ‘ငါ တနေ့တုန်းက လမ်းလျှောက် လာတုန်း နှင်းမှုန်မှုန်တွေထဲကနေ လူရိပ်တခု တွေ့လိုက်တယ်။ ငါ့ရှေ့ ဝါးတရိုက်လောက်က။ အဲတင် အမီလိုက်ပြီး ကြည့်လိုက်တော့ ဒို့ရွာကျောင်း ဆရာတော်၊ အတင်း သုတ်ခြေတင်နေတာနော်၊ လက်ထဲမှာလည်း ပုံးကြီးဆွဲလို့။ ငါလည်း လိုက်မီရော၊ ‘ဘုန်းဘုန်း’ လို့ခေါ်လိုက်တာ၊ ‘ဟေ’ တဲ့ ထူးတယ်ဗျ။ နားထောင်နေတဲ့လူတွေ ထမေးကြတာပေါ့၊ မင့်တို့ဘုန်းကြီး ဘာထူးလဲ။ ‘ဟေ’ လို့ ထူးတယ်လေလို့ ပြန်ဖြေတော့မှ တဟားဟား ဝိုင်းရီကြတယ်။ ချစ်စနိုးနဲ့ ခွေးမသား ငါ့တို့က အဟုတ်မှတ်နေတာ၊ နေစမ်းပါဦး ဘုန်းကြီးက အစောကြီး ပုံးကြီးနဲ့ ဘာလုပ်တာလဲ။ မနက် အရုဏ်ဆွမ်းစား ကြွရမှာ၊ ကားဆီပြတ်နေလို့ ထွက်ဝယ်တာတဲ့။ ထူးပါ့ … ထူးပါ့။
အဲလိုထူးတာ မဟုတ်ဘူးနော်၊ ကျနော့် အမျိုးသမီးက။ ဒီလိုဗျ၊ အာဏာမသိမ်းခင် နှစ်နှစ်လောက်တုန်းက ကိစ္စတခုနဲ့ ကျနော်တို့လင်မယားနဲ့ သူတို့ဇနီးမောင်နှံ စကားများထားတယ်။ ‘နင်ဘဲငဆ’ ထိုးမယ်ကြိတ်မယ်လောက်ထိတော့ မဟုတ်ပါဘူး။ အဖုအထစ်လေး အနည်းအကျဉ်းရှိလေတော့ အရင်လို ဟက်ဟက်ပက်ပက်ကြီး မဟုတ်တော့ဘူးပေါ့။ ကျနော်တို့မိသားစုက ရွာပြန်ကပ်တော့လည်း သွားသွားလာလာ မရှိလှပါဘူး။ မရှိဆို၊ ကျနော်က အိမ်တွင်းပုန်းဖြစ်၊ သူတို့က လမ်းပေါ်ထွက်နေတာကိုး။ ကျနော် စတေးရှောင်ရချိန်မှာတော့ သူက ဝရမ်းပြေးဖြစ်သွားပါပြီ။ အဲဒီအချိန်မှာ အမေတို့အိမ်မှာ ပစ္စည်းတချို့တဝက် ရွှေ့ထားတာရှိတယ်။ အကိုတို့အိမ်လေး ချိတ်ပိတ်ခံရပြီး အိမ်ထောင်ပရိဘောဂအကုန် အခိုးခံလိုက်ရတယ်။ တဝိုင်းလုံး တူးဆွမွှေနှောက် ရှာဖွေခံရတယ်‌ ပေါ့။ ဒါပေမယ့် နှလုံးသားနဲ့ ဦးနှောက်ကတော့ အရင်အတိုင်း သန္ဓေမပျက်တဲ့ အမြုတေပေါ့လေ။ ဒါကြောင့်ပဲ အကိုဟာ ပြည်သူ့ကာကွယ်ရေးတပ်ထဲ ရောက်သွားပါတယ်။
အမေတို့ အဖေတို့ ရွာမှာရှိနေရင်တော့ ကိစ္စမရှိပါဘူး။ သူတို့ပစ္စည်းလေးတွေကို စောင့်ရှောက် ထိန်းသိမ်းပေးတာကိုး။ ခြတက်မှာ စိုးလို့၊ ဟိုနားပြောင်း ဒီနားရွှေ့ လုပ်ပေးတယ်ပေါ့။ အလေးအပင်တွေ မ’ တာ ရွှေ့တာဆိုရင်တော့ ကျနော့်ကိုလှမ်းခေါ်ပြီး ခိုင်းတယ်။ အကိုတို့ကလည်း ဈေးသည်ဆိုတော့ ရောင်းကုန်တချို့တဝက်တွေလည်း အမေတို့ကပဲ သိမ်းပေးရတာဆိုတော့ တိုလီမုတ်စတွေကို သိမ်းရဆည်းရပေါ့လေ။ မိုးမမိအောင် နေမပူအောင် စောင့်ရှောက်ရတာကိုး။ အိမ်ထဲ၊ အဖီထဲ၊ စတိုခန်းထဲ … အရှုပ်သား။ သားကြီးဩရဿ ပြန်အလာကို အထုပ်တွေနဲ့ စောင့်နေရှာသူတွေပေါ့။
အမေတို့ကိုကြည့်ပြီး စိတ်မောရပါတယ်။ နတ်ကရာ ကြည့်မောပေါ့လေ။ ရွာထဲ အုံးကနဲ ဒိုင်းကနဲဖြစ်လို့ တောထဲတောင်ထဲ စစ်ရှောင်ရပြီဆိုရင် အမေတို့က နောက်ဆံတငင်ငင်။ ရွာထဲဝင်လို့ရပြီဆိုရင် အရင်ဆုံး ဝင်ကြတဲ့သူတွေဟာ အမေတို့ပါပဲ။ နောက်တော့ မဖြစ်တော့ပါဘူး၊ ကျနော် ကြည့်ထားလိုက်ပါ့မယ်၊ အတော်အေးပြီဆိုမှ ပြန်လာပါလို့ မှာလိုက်ရတယ်။ ဒါပေမယ့် အလွန်ဆုံးနေ နှစ်ပတ်ပေါ့၊ အိမ်ပြန်လာတာပဲ။ အဲဒါကြောင့် ထင်ပါရဲ့၊ အဖေက အမေ့ကို နာမည်ပြောင်ပေးထားတယ်၊ ‘မအိမ်မြဲ’ တဲ့။
ခုတော့ ကျနော်တို့ဆန္ ဒပြည့်သွားပါပြီ။ အကိုရော ကျနော်ရော ကျန်တဲ့ ဆွေမျိုးသားချင်းတွေကရော ဒီဆန္ဒလေးတခုရှိတယ်။ အဖေရော အမေ့ကိုပါ စိတ်ချရတဲ့တနေရာကို ပို့ထားချင်တယ်။ ခေါ်ထားမယ့်သူတွေလည်း ရှိတယ်။ လိုက်ပို့မယ့်သူတွေလည်း ရှိတယ်။ ခက်တာက အမေ ‘ဒေါ်အိမ်မြဲ’။ လွန်ခဲ့တဲ့ ၃ လလောက်က ကျနော်တို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာကတော့ ‘မအလ’ တတွေ ဖြစ်ပါတယ်။ ဒေါ်….. နဲ့ ဦး ….. ကို အလိုရှိတယ်လို့ အရှာခိုင်းလာပါတယ်။ လျှောက်လည်နေတဲ့ အဖေကတော့ အော်တိုလွတ်တယ်ပေါ့။ အမေကတော့ အ‌တော် ကံကောင်းရှာတယ်။ အမြဲ ရွတ်ဖတ်ပူဇော်နေတဲ့ တရားတော်တွေကြောင့်လို့တော့ အမေက ယူဆတာပေါ့။ အဲဒီ စစ်ရှောင်နေရာက လေးငါးယောက်လောက် ပါသွားတယ်။ အမေ့ကို ရှာမတွေ့ဘူးဆိုပြီး ပြန်သွားကြတယ်။ အမေက ဘယ်မှ ရှောင်ပုန်းနေတာ မဟုတ်ပါဘူး။
အမေက စိတ်ချလက်ချပါပဲ။ ပူပင်သောကတွေနဲ့ ကျနော်တို့ကသာ အဖေနဲ့အမေ့ကို နာရီပိုင်းအတွင်း နေရာရွှေ့ပေးလိုက်ပါတယ်။ အဲဒီနေရာကနေ နောက် ထပ် စိတ်ချရတဲ့နေရာဆီ ပို့ထားလိုက်ပါပြီ။ အမေ ခဏခဏ အိမ်ပြန်လာလို့ မရတဲ့နေရာပါ။ အဲဒီနေ့ကစပြီး သင်္ကြန်မကျဘဲ ဗြဟ္မာ့ဦးခေါင်းကြီးကတော့ ကျ‌နော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတယ်။ တနေ့တခါ ကြောင်ကျွေးရတဲ့ အလုပ်ကြီးတခု၊ နှစ်ရက်ခြား အပင်တွေ ရေလောင်းရတဲ့ အလုပ် ကြီးတခု အမွေဆက်ခံရပါတယ်။ အဲမတိုင်ခင် အိမ်တွင်းအိမ်ပြင် အဖိုးတန်လောက်မယ့် ပစ္စည်းပစ္စယတွေကို တနေရာ သွားအပ်ရပါသေးတယ်။ ဒါတော့ မပြောပလောက်ပါဘူး။ မောင်ပူစီကို နေ့စဉ်မပြတ် ဆွမ်းဝတ်ပို့ရတဲ့အလုပ်ကတော့ အတော် ဂရုစိုက်ရပါတယ်။ တရက်ပြတ်မိရင် ‘သင်းကလေးက’ တခြားအိမ်တွေ သွားသောင်းကျန်းပါတယ်။ အိမ်နီးချင်းတွေက ကျနော့်ကိုမြင်တာနဲ့ တန်းတိုင်တာ၊ ‘မနေ့က ငါးထုပ်ကြီး ဆွဲသွားတယ်၊ ဟင်းတွေ မှောက်ကုန်တယ် …’။ ကျနော်ကလည်း လျော်မပေးချင်တော့၊ ‘ကျနော့်ကြောင် မဟုတ်ဘူး’ လို့ ငြင်းလိုက်ရတာပါပဲ။
နွေလေးနည်းနည်းပေါက်လာတော့ တဖွဲဖွဲကြွေကျလာတဲ့ သစ်ရွက်တွေ၊ တပတ်တခါ လှဲထုတ်နေရတယ်။ မန်ကျည်းမှိုက်၊ ဇီးမှိုက်ပေါ့လေ။ အုန်းလက်ခြောက်တွေကတော့ ကူကောက်မယ့်သူ ရှိပါတယ်။ နေ့တိုင်း အိမ်တပတ်လှည့် ခြတက်မတက်ကြည့်၊ တက်ရင် ခြစ်ထုတ်ခေါက်ချပေါ့။ အဲလို အိမ်တော်ထိန်းကြီး ဖြစ်နေပါတယ်။ တနေ့သား ကျနော့်မဟေသီ မြတ်နိုးအေး (နာမည်တူ) အမေတို့အိမ် ရောက်သွားပါတယ်။ အဲတော့ ကျနော့်ကို ငေါက်တာလေ ငေါက်တာ၊ ‘ရှင်က ရုပ်ပဲချောတာ အကျင့်မကောင်းဘူး’ အဲလိုတော့ မပါပါဘူး။ အကိုတို့ပစ္စည်းတွေ အိမ်အပြင်ဘက် အဖီလေးထဲမှာ ဒီအတိုင်း ထားထားလို့။ အိမ်သော့ကလည်း မကောင်းတဲ့သော့နဲ့ ခတ်ထားလို့။ အဲတင် ကျနော့်မှာ အာမခံသော့ ပြေးဝယ်ရ၊ အကိုတို့ပစ္စည်းတွေ အိတ်တွေနဲ့ ထည့်၊ အိမ်ထဲ သေချာထည့် သော့ခတ်။ လုပ်ရပါတယ်။
တချို့များ ပြောတတ်ကြတယ်။ ငါတို့က ‘မှန်’ လို လူစားတဲ့။ ကိုယ့်အပေါ် ကောင်းတဲ့သူဆိုရင် ပြန်ကောင်းပေးမယ်ပေါ့။ ‘မှန်’ ဆိုတာ ‘လ ’တို့ ‘ကြယ်’ တို့လိုပါပဲ။ ကိုယ်ပိုင်အလင်းရောင် မရှိတဲ့သူတွေ။ အလင်းရောင်ပေးနိုင်တဲ့ သဘာဝ အရင်းအမြစ်ကြီးကတော့ သိတော်မူကြတဲ့အတိုင်း ‘နေမင်းကြီး’ ပါပဲ။ နေဟာ ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုဘူး။ သူရှိရင် ‘နေ့’ ပဲ။ သူက အလင်းပဲ။ သူ့ရှေ့ရောက်လာတဲ့ အမှောင်ဟူသမျှကို ဖယ်ရှား အနိုင်ယူလိုက်တာပဲ။ ကျနော်တို့ဟာ ‘နေ’ ပဲ ဆိုပါတော့ အမှောင်ဆိုတာ ကျနော်တို့ဆီ ရောက်မလာရဲတော့ပါဘူး။ အမှောင်ဟာ ချောင်ထဲမှာ ဝင်ခွေနေရမှာပါ။ အဲလို ‘နေ’ လို လူစား ဖြစ်ဖို့ဆိုတော့ အတော်ခဲယဉ်းတယ်ပေါ့။ လောက အမှောင်တိုက်ကို ထိုးဖောက်နိုင်စွမ်း ရှိတဲ့သူဆိုတာ ရှားတယ်၊ တော်တော့်ကို ရှားတယ်။
‘စိန်’ လို လူစားလောက်ဆိုရင်ကို အတော်ဟုတ်နေပါပြီ။ ကိုယ့်အပေါ် ကောင်းကောင်း မကောင်းကောင်း၊ ကိုယ်လုပ်ရမယ့်အလုပ်တွေကို လုပ်နိုင်သလောက် ထမ်းဆောင်မယ်။ အဓိကက ဒါပဲမဟုတ်လား။ လူဖြစ်လာရင် လူ့တာဝန်တွေ ကျေပြွန်ဖို့ လိုတယ်နော်။ ကိုယ့်အပေါ် ကောင်းတဲ့သူတွေအပေါ်မှာသာ ကိုယ်ကောင်းပေးမယ်ဆိုတာ အတော်ဘောင်ကျဉ်းတဲ့ အတွေးမျိုးပါပဲ။ အတ္တဗဟိုပြုတယ်လို့ ဆိုရမယ်ထင်တယ်။ အတ္တကို ဗဟိုပြုတယ်ဆိုတာ ဗုဒ္ဓစကားနဲ့ ပြောရရင် လောဘပါလို့၊ ဒေါသပါလို့၊ မောဟပါလို့ ဖြစ်လာတဲ့ အဝန်းအဝိုင်းတခုပါ။ အတ္တပင့်ကူအိမ်ထဲက ရုန်းမထွက်နိုင်တဲ့သူတွေ ပြောတဲ့စကားပေါ့။
စိတ်ကို ရှင်းရှင်းထား။ အတ္တမာနတွေ ခွာချထား။ ဒါဆို ရှေ့ဆက်ရမယ့်လမ်း ဖြောင့်တန်းပြီပေါ့။
၁၂.၂.၂၀၂၅
နေ့လည် ၁၂ နာရီ ၁၂ မိနစ်။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*