
‘Window’

အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ဥတုသုံးလီရှိတယ်…
လူယန္တရားတွေရှိတယ်…
ဒိတ်လွန်နေတဲ့ ပျော်ရွင်ခြင်းတွေကို
စျေးပေါပါနဲ့ချရောင်းနေတဲ့ ဆိုင်တွေရှိတယ်…
…
အတုမျိုးစုံရနိုင်တဲ့ဆိုင်တွေ
ရင်သားအတု တင်အတုကနေ
အပြုံးအတု ခံစားချက်အတုတွေအထိ
ရဲရဲတင်းတင်း ချရောင်းနေကြ…
…
အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ကိုယ့်သဘောနဲ့ကို စံနှုန်းကို
စိတ်ကြိုက်ပြင်ဆင်သတ်မှတ်ကြ…
…
အသက်တစ်ချောင်းက ဆယ်သိန်း
ဂန်းတစ်လက်က သုံးရာ့ငါးဆယ်
မုဒိမ်းမှုက သိန်းခုနှစ်ဆယ်…
လာထား လာထား ရေများရေနိုင် မီးများမီးနိုင်ပဲ…
…
အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ကိုယ့်သဘောနဲ့ကိုယ် ကျင့်ဝတ်တွေ
ပြင်ဆင်ပြောင်းလဲကြ…
…
လည်သလို စီးပွားရှာတဲ့ မြေခွေးအိုတွေက
ကိုယ်ကျင့်သမိုင်းကောင်းခဲ့ကြောင်းတွေ
စာတစ်တန် ပေတစ်တန်နဲ့…
အကောင်းစားမျက်နှာဖုံးတွေနဲ့ ရဲရင့်နေကြ…
…
ဆင်းရဲခြင်းဟာ အရှက်မလုံ…
အသစ်ဖြစ်နေတဲ့ ငွေဝယ်ဂုဏ်စနစ်မှာ
လေလံဆွဲနိုင်တဲ့ကောင်တွေက ရိုးသားကြ
လိပ်ပြာလုံကြ လေးစားစရာကောင်းစွ…
…
အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ဆိတ်ဖလူးပန်းဟာ မသင်းပျံ့ခဲ့…
ရေစီးသံဟာ အသံမသာခဲ့…
ရှုခင်းတွေဟာ ပန်းချီကားလောက် မလှပခဲ့…
…
အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ…
…..
…
ငါဟာဒေါသတကြီး ပြတင်းတံခါးကို
ဆောင့်ပိတ်ခဲ့.…..
Be the first to comment