ကိုကြီးညိုပြောတဲ့ ဝတ္ထုတို

“ကိုကြီးညိုပြောတဲ့ ဝတ္ထုတို”

■ အော်စွန်းမိုင်

ကိုကြီးညို လူမျိုးစုံနဲ့ ဆက်ဆံပေါင်းသင်းရတဲ့နေရာကို ရောက်ခဲ့တယ်။ ဘာအလုပ်မှမရှိကြ‌တော့ ညပိုင်းမှာ စကားဝိုင်းဖွဲ့ ပြောဖြစ်ကြတယ်။
စာလည်းမဖတ်ကြရ၊ ရုပ်မြင်သံကြားလည်းမရှိ။ အငြိမ့်၊ ဇာတ်၊ ဆိုင်း အဝေးကြီး။ အဲဒီအခါ လူငယ်တွေနဲ့ စကားဝိုင်းဖွဲ့ဖြစ်တယ်။ သူတို့ဆီက ဘာကြားရမလဲ။ ဒီနေ့လူငယ်တွေဟာ ဘယ်လိုလူငယ်တွေလဲ။ သူတို့ရင်ခုန်သံ၊ ခေတ်ကို သူတို့ ဘယ်လိုပွတ်တိုက်ကြသလဲ။ ကိုကြီးညို သိချင်တယ်။
စကားဝိုင်းထဲမှာ အစတော့ လူငယ်တွေချည်း စတာပေမဲ့ ပြောကြဆိုကြတာတွေဟာလည်း လွမ်းမောစရာတွေလည်းပါတယ်။ ဟာသတွေလည်းပါတယ်။ ရွှင်လန်းစရာ၊ တက်ကြွစရာတွေလည်းပါတယ်။ ဒါနဲ့ စကားဝိုင်းမှာ ကိုကြီးညိုလည်း တခွန်းနှစ်ခွန်းဝင်ပြောရတာပေါ့။

နောက်တော့ သူဖတ်ဖူးတာတွေ ပြန်ပြောဖို့ ဝိုင်းတိုက်တွန်းကြတယ်။ သိပ်ပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖွယ်ဖွယ်ရာရာတော့ ပြောနိုင်မှာမဟုတ်ဘူး။ ဇာတ်လမ်းကျောရိုးလောက်ပဲ ပြောနိုင်မှာလို့ ကိုကြီးညို တွေးရတယ်။ စကားပြောကလည်း မကောင်းဘူး။ ကိုယ့်ကိုယ်ကိုယ်ထင်မြင်နေရင်းကနေ ပြောဖြစ်သွားတယ်။
ခေါင်းစဉ်ကလည်း သိပ်မစဉ်းစားဘဲ လွယ်လွယ် စိတ်ကူးတည့်သလို ပေးလိုက်တယ်။ ယဉ်ကျေးမှုအသစ်များကို မိတ်ဆက်ခြင်းပဲပေါ့။ ဖတ်ခဲ့ဖူးပြီး စိတ်ထဲစွဲနေတဲ့ ဝတ္ထုတွေကို ပြန်ပြန်ပြောမယ်။ ဆရာဝင်းစည်သူ၊ ဂျိုဇော်၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ မခင်လေး (ရန်ကုန်တက္ကသိုလ်)၊ မကို၊ ပိုင်စိုးဝေ၊ ကျော်စွာထက်တို့အပြင် ဆရာမခင်ဆွေဦး၊ ဆရာမခင်နှင်းယု၊ မိုးမိုး၊ မစန္ဒာ စသဖြင့်။

ကိုကြီးညိုပြောတဲ့ ဝတ္ထုတွေထဲမှာ အမှတ်တရဖြစ်တာက ဂျပန်မော်ဒန်ဝတ္ထုတပုဒ်ပါ။ ဝတ္ထုတိုကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အမြောက်အများရှိတယ်။ အင်္ဂလိပ်စာရေးဆရာ အိချ်၊ အီး၊ ဘိတ်က ဝတ္ထုတိုဟာ နုညံ့သိမ့်မွေ့သော စာဖြစ်တဲ့အလျောက် ဝတ္ထုတိုကို ဝိဂြိုလ်ပြုနိုင်ဖို့ ခဲယဉ်းတယ်။ သဘာဝရဲ့အလှကို ပေတံနဲ့ တိုင်းတာလို့မရနိုင်တဲ့ နည်းတူပဲ ဝတ္ထုတိုရဲ့သဘာဝကို အတိအကျ တင်ပြဖို့ မဖြစ်နိုင်ဘူးလို့ ဆိုမိန့်ဖူးတယ်။

ကိုကြီးညိုဖတ်ဖူးပြီး ပြန်ပြောပြတဲ့ လူနဲ့၊ ကုလားအုပ် ဂျပန်ဝတ္ထုကရော ဘယ်လိုများလဲ။
ကျယ်ပြောပြန့်ပြူးလှတဲ့ သဲကန္တာရကြီးထဲမှာ ခရီးသွားတစု ကုလားအုတ်တွေနဲ့ တနေရာကို ရှေ့ရှုသွားနေကြတယ်။ သဲကန္တာရထဲမှာ လမ်းမှားပြီး ဦးတည်ရာမရောက်ဘဲ မျက်စိလည်နေကြတယ်။ ရိက္ခာရေပြတ်လပ်ပြီး တယောက်ပြီးတယောက် သေဆုံး၊ ကျန်ရစ်ကြတယ်။ ရက်အတော်လေးကြာလာတော့ လူတယောက်နဲ့ သူစီးတဲ့ ကုလားအုတ်တကောင်ပဲ ခရီးရှည်ကို ဖြတ်သန်းနေတယ်။ လမ်းကြောင်းမှန်ကတော့ ဝေဝေဝါးဝါးပဲ။

လူက ပြောလာတယ်။ ကုလားအုတ်ရေ၊ ငါတော့ ရေငတ် အစာငတ်လို့ သေရတော့မယ်။ အဲဒါကြောင့် မင်းရဲ့ဘို့သားလေး နည်းနည်းလှီးစားပါရစေတဲ့။ ကုလားအုတ်က ပြန်ပြောတယ်။ မလုပ်ပါနဲ့လူရယ်၊ ငါလည်း သေမှာပေါ့တဲ့။ လူကလည်း ခဏခဏ ပူစာတယ်။ ဒါနဲ့ ကုလားအုတ်က ကဲ ငါ့ဘို့သားနည်းနည်းကို လှီးစားပါ။ ဒါပေမဲ့ လူရဲ့လက်က လက်ပတ်နာရီကိုတော့ ငါ့ကိုပေးရမယ်လို့ ပြောတယ်။
လူက ဟာ နာရီက အရေးမကြီးတာ၊ ပေးမှာပေါ့။ နည်းနည်း လှီးဖြတ်စားမယ်နော်လို့ ကတိပေးပြီး အသားနည်းနည်း လှီးစားတယ်။ နောက်ရက်တွေမှာလည်း လူက ပေါင်သားနည်းနည်း၊ ဂုတ်ပိုးသားနည်းနည်း၊ ရင်ဘတ်သားနည်းနည်း လှီးစားပါရစေဆိုပြီး ကုလားအုတ်ကို တောင်းဆိုတယ်။
ကုလားအုတ်လည်း ဘို့သား အလှီးစားခံရပြီးကတည်းက မထူးတော့ဘူးဆိုပြီး ပိုင်းဖြတ်ကာ အသားတွေကို တတိတိ လှီးဖြတ်စားစေပါတယ်။ ဒါပေမဲ့ လူကိုတော့ လူ့ရဲ့လက်ပတ်နာရီ ပေးရမယ်နော် တောင်းဆိုလျက်ပါပဲ။
လူကလည်း ပေါ့ပေါ့ပါးပါးပဲ နာရီကို ပေးပါမယ်လို့ ပြောတာပေါ့။

အချိန်ကာလတခုမှာ သဲကန္တာရထဲက အိုအေစစ်လေးတခုမှာ ကုန်သည်တွေ၊ ခရီးသွားတွေ၊ ကုလားအုတ်တွေ နားနေကြတယ်။ သောက်ရေ ဖြည့်တင်းနေကြတယ်။
အဲဒီ အိုအေစစ်ထဲက ကုလားအုတ်တကောင် အင်အားချိနဲ့စွာနဲ့ ဒယီးဒယိုင် ဝင်ရောက်လာတယ်။ ခန္ဒာကိုယ်နေရာ အနှံ့အပြားမှာလည်း ဒဏ်ရာအနာတရတွေနဲ့ ပြည့်နှက်နေတယ်။ ကုလားအုတ်ရဲ့ကျောပေါ်မှာ လူသေအရိုးစုတခုပါလာတယ်။ လူသေရဲ့ လက်ချောင်းအရိုးတွေထဲမှာ လက်ပတ်နာရီတလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာ တွေ့ကြရတယ်။ ။

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*