
‘ကျနော့် မြို့ကလေး’

၁။
လူတယောက်လျှင် တနေ့မဟုတ်တနေ့ စောလျှင်စွာ အိပ်စက်အနားယူနေနိုင်သည်။ သို့မဟုတ် နှစ်အတန်ကြာသည်အထိ၊ ပြတင်းတံခါးတွင် စီးကျနေသော ငေးမောမှုများနှင့် အိပ်စက်မှုများအတွက် နောက်ကျနေတတ်လိမ့်မည်။ လူတိုင်းလူတိုင်း၏ မရင့်ကျက်သောပန်းများပွင့်မည်ဆိုလျှင် သတိရစိတ်ပင် ဖြစ်မည်။ လွမ်းဆွတ်မှု အမည်နာမ,ဖြင့်လည်း အသေအချာပြောနိုင်သော၊ လုံးဝ မရင့်ကျက်နိုင်သောများသာဖြစ်မည်။
၂။
တယောက်မဟုတ် တယောက်အိတ်ကပ်ကိုယ်စီထဲတွင် တနင်္ဂနွေနေ့များ ရှိနေချင် ရှိနေလိမ့်မည်။ သို့တိုင် ကျနော့်တွင်ရှိသော ဗုဒ္ဓဟူးနေ့များသည်သာ ပြန့်ကြဲနေကြဖြစ်သည်။ နယ်နိမိတ်များသည် တိုင်းတာရ ခက်သည်။ အချိန်များသည် ဖြေရှင်းရ ခက်သည်။ ကျနော်၏ ဆံပင်ရှည်နေမှုများသည်လျှင်ပင် ဆံပင်ညှပ်ဆိုင်များက,ပဲ သတိထားမိကြသည်။ တကိုယ်ရေတကာရ၌၊ အဆုံးအစမဲ့သော မေ့လျော့မှုများသည် သတိရခြင်းမှပင် သန္ဓေတည်ခဲ့ခြင်းပင် ဖြစ်မည်ထင်သည်။ အဝေး၌ တည်ရှိနေသော စိတ်အလျဉ်အတွက်၊ တိကျခိုင်မာသော အယဉ်ကျေးသုံး စကားလုံးများသည်ပင် ရှာမရဖြစ်နေပေသည်။ စီးကရက်ငွေ့များ၏ သဏ္ဍာန်တခုလုံးသည်လည်း အတိတ်၏အရိပ်များသည်သာ ထပ်ခါထပ်ခါ သီဆိုနေလျှက်ပင်ရှိသည်။
၃။
ကျနော်၏ ချစ်သောသူများနှင့် မသက်ဆိုင်သောအရာများသည် ပိုစ့်မော်ဒန် အရေးအသား၊ အယူအဆ,ရေးရာများကို နှစ်ခြိုက်နေခြင်းဖြစ်သည်။ ကျနော့်မြို့ကလေးတမြို့နှင့် ကော်ဖီတခွက်၏ စိတ်ကျေနပ်မှုများတွင်လည်း ပျော်ဝင်နိုင်သည်။ မြို့ကလေး၏ ပြုပြင်ခြယ်သ,ထားသော လမ်းများကိုမြင်လျှင် ခွဲစိပ်ဒဏ်ရာဟောင်းကို မှန်းဆနိုင်မည်ဖြစ်သည်။ ရုန်းကန်ရုန်းထွက်ခဲ့သော သစ်ရွက်ဟောင်းများသည် မည်သည့်လမ်းတွင်မဆို တွေ့မြင်နိုင်သည်။ ရိုးတံကျဲကျဲနှင့် သစ်တပင်တိုင်းစီတွင်လည်း စကားလုံးအသစ်များ ဝေဆာလျှက်ရှိသည်။
၄။
အဝါရောင်မြေသားနှင့် အဝါရောင်ပန်းများကိုမြင်လျှင် ကျနော်နှင့် ကျနော့်မြို့ကလေးကို ငြိနေခြင်းသာဖြစ်သည်။ အချို့ရဲရင့်မှုများအတွက်လည်း မြို့ကလေးသည် သွေးစိမ်းရှင်ရှင်ထွက်ခဲ့ရသည်။ အဝေးဆုံးဝေးနေရသည်မို့ အနီးဆုံးစိတ်ဖြင့်သာ မြို့ကလေးကို ကပ်ထားခဲ့ရသည်။ သတိရနေခြင်းကိုပင် ထပ်ဆောင်းအပို ကျနော့်တွင်ရှိနေနိုင်သည်။ ရှေးဟောင်းနှောင်းဖြစ်များ အထပ်လိုက်နှင့် ကျနော့်သူငယ်ချင်းမိတ်ဆွေများ ကျနော့်မြို့ကလေးတွင်ရှိနေကြသေးသည်။ ကျနော့်မြို့ကလေးဟူသော ကျနော့်မြို့ကလေးသည် ဆံပင်တွေရှည်နေလေပြီ ဖြစ်သည်။
5th February 2023
Be the first to comment