ကျမယောက်ျား တော်လှန်ရေးသမား

“ကျမယောက်ျား တော်လှန်ရေးသမား”
◼️မောင်သုည (ရှပ်ပုံသားလေး)
”အသက်ဆိုတာ နှမြောသင့်တဲ့နေရာမှာ နှမြောရတယ်၊ မနှမြောသင့်တဲ့နေရာမှာ မနုမြောရဘူး”
ဆရာနိုင်မြန်မာ
အက်ကြောင်းတွေ ဗရပွနဲ့ ပြည့်နက်နေသော ဤနိုင်ငံတော်က နှလုံးသားများကိုတွေးရင်း မလှမြင့် စိတ်မချမ်းမြေ့ဖြစ်နေမိတယ်။
ဟော တွေးရင်းငေးရင်း ကိုဖိုးတေ ပြန်လာပြီ၊ ကျောပိုးအိတ်ကို တဲအိမ်ပေါ် ဗြုန်းခနဲ ပစ်ချလိုက်သံကြောင့် မလှမြင့် ထိတ်ခနဲဖြစ်သွားတယ်။ ဒီတခေါက် ကိုဖိုးတေ ရှေ့တန်းကပြန်လာတာ မျက်နှာမသာမယာနဲ့။
”ဘာဖြစ်လာတာလဲ ကိုဖိုးတေ၊ ရှင် နေမကောင်းဘူးလား”
ကိုဖိုးတေ ဘာမှမတုန့်ပြန်၊ မျက်မှောင်ကုတ်ရင်း ငြိမ်နေတယ်။ မလှမြင့်လည်း အရိပ်အကဲသိသိနဲ့ ဆက်မမေးတော့ဘဲ ကိုဖိုးတေပစ်ချထားတဲ့ ကျောပိုးအိတ်ကိုလှမ်းယူပြီး လျှော်ဖွတ်ရမယ့် အဝတ်အစားတွေ ထုတ်ယူနေတယ်။
ကိုဖိုးတေကတော့ ယူနီဖောင်းတွေ ချွတ်ပုံပြီး သူတို့တဲအိမ်မျက်စောင်းထိုး ဦးမြချစ်တဲအိမ်ကို ထွက်သွားတယ်။ ထမင်းစားဝင်ကလေး သွားမော့တာ ထင်ပါရဲ့။
ခဏကြာတော့ အိမ်ပေါ်ပြန်ရောက်လာပြီး သေနတ်ကို တိုက်ဆေးဖို့ ဖြုတ်တယ်။ မလှမြင့်က သူ ချွတ်ပုံထားတဲ့ ယူနီဖောင်းကို တပါတည်း လျှော်ဖွတ်ဖို့ သိမ်းယူရင်း –
”ရှင် ထမင်းဆာရင် ဝင်စားနော်၊ ကျမ ထမင်းဝိုင်းပြင်ထားတယ်”
”မင်းက မစားဘူးလား၊ ဘယ်သွားမှာလဲ”
”ဒီမှာ ရှင့်အဝတ်အစားတွေ သွားလျှော်မလို့လေ”
”မင်းက ဘာတွေ အမြန်လိုနေတာလဲ၊ အေးဆေးလုပ်လို့ မရဘူးလား၊ မလျှော်နဲ့ စစ်လည်းမတိုက်တော့ဘူး”
ကိုဖိုးတေ တင်းမာစွာပြောရင်း ပါးစပ်က တတွတ်တွတ် လုပ်နေပြန်တယ်။
”ကိုယ့်ယောက်ျား တခါတလေ အိမ်လာတာကို ထမင်းအတူစားပြီး နွေးနွေးထွေးထွေးနေမယ် မကြံဘူး”
ကိုဖိုးတေရဲ့အကျင့်ဆိုး အဲဒါပဲ။ မလှမြင့်ကို အခုလိုရစ်နေပြီဆိုရင် သူ အစာမကြေတဲ့ ပြဿနာတခုခု ဖြစ်လာလို့ဆိုတာ မလှမြင့်သိတယ်။
”ကဲပါ ထားတော့၊ အခု ရှင် ဒီမှာ ဘယ်နှစ်ရက်လောက် ကြာမှာလဲ”
”တပတ်လောက် ကြာမယ်ထင်တယ်၊ ခဲယမ်းသယ်ပြီး ပြန်လာမှ ရှေ့တန်းပြန်ထွက်ရမှာ”
” ဒါဖြင့်ရင်လည်း ထမင်းအတူ စားကြတာပေါ့၊ လာ ကိုဖိုးတေ”
ကိုဖိုးတေက မလှမြင့်စကားကို ကျေနပ်ဟန်ပြုရင်း သူတက်နေတဲ့ဒေါသတွေ လျှော့ချပြီး လင်မယားနှစ်ယောက် ထမင်းစားရင်း စကားလက်စုံ မြိန်နေတော့တယ်။
”ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ယူနီဖောင်းဝတ်လိုက်ပြီဆိုရင် အာဏာပြချင်တဲ့ လူတွေချည်းပဲ ကိုဖိုးတေ။ အဲလိုလူတွေဟာ တာဝန်နဲ့နေရာကိုလည်း ခွဲခြားပြီးသိနိုင်ဖို့ သူတို့အတွက် အင်မတန် ခက်ခဲသွားကြတယ်။ ဒီလို အာဏာပြကြလို့လည်း မလိုအပ်ဘဲ တော်လှန်ရေးမှာ ပြဿနာတွေ များလာတာပေါ့။
ဒါပေမယ့်လည်း ကိုဖိုးတေရယ် တချို့တချို့သော လူတွေကျတော့လည်း တော်လှန်ရေးရဲဘော်တွေဆို မထေမဲ့မြင် လုပ်ချင်ကြတာလေ။ စစ်အုပ်စုတွေဆို တခွန်းမှ ပြန်မပြောရဲကြဘူး။ ဒါကလည်း ကျမတို့ တော်လှန်ရေးရဲဘော်တွေရဲ့ အားနည်ချက်ကြောင့်ပဲ ပြောရမှာပေါ့။ တော်လှန်ရေးကို ရှိုးထုတ်ပြီး လူရေးဟန်ပြချင်စိတ်တွေနဲ့ ဝင်လာတဲ့ ရဲဘော်တချို့က ပြည်သူတွေကို နိုင်ထက်စီးနင်းနဲ့ လေးစားမှုအားနည်းကြတာကိုး။
“ဒါကြောင့်လည်း တချို့ နိုင်ငံရေးသမားတွေက ပြည်တွင်းစစ်ဖြစ်လာရင် အဓိကနစ်နာတာက ပြည်သူတွေလို့ ထအော်နေကြတာလေ။ အဲဒီစကားကို ကျမ ကတော့ အခုချိန်မှာ လက်မခံပါဘူး။ ပြည်တွင်းစစ်ဖြစ်လာရင် ပြည်သူလူထု ဒုက္ခရောက်တယ်၊ နစ်နာတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် ပြည်သူလူထု ဒုက္ခရောက်နေလို့ဆိုပြီး ကျမတို့ဘက်က လက်လျှော့ အရှုံးပေးလိုက်တော့ရော အဲဒီဒုက္ခက လွှတ်မတဲ့လား။ စစ်အုပ်စုတွေဘက်ကရော ဆန္ဒပြပြည်သူတွေကို မသတ်တော့ပါဘူး၊ မညှဥ်းပန်းတော့ပါဘူး၊ မရက်စက်တော့ပါဘူးဆိုပြီး နောင်တရမတဲ့လား။ ဘယ်နိုင်ငံရေးသမားတွေက စစ်အုပ်စုကို အာမခံ တာဝန် ယူမလဲ။
“ဝေးသေး ကိုဖိုးတေ၊ ခွေးပါးစပ်က နတ်စကားထွက်တယ်ဆိုတာ အပြင်လောကမှာ တကယ်မရှိပါဘူး။ ရန်သူက ရန်သူပီသစွာ ရန်မူနေတာကို ကျမတို့ပြည်သူတွေက မတော်လှန်ဘဲ ငုံ့ခံပြီး ငရဲတွင်းထဲမှာ ပျော်ရမှာလား။ ဒါကို တချို့နိုင်ငံရေးသမားတွေက ကျမတို့ကို ပြည်တွင်းစစ် ဖန်တည်းနေကြတယ်လို့ ထအော်ကြတယ်။ ဒီမှာ ကိုဖိုးတေ ကျမတို့က ပြည်တွင်းစစ်ကို ဖန်တီးနေတာ မဟုတ်ဘူး၊ မတရားမှုကို ငုံ့မခံဘဲ တုံ့ပြန်ရင်း ပြည်တွင်းစစ်ဆိုတဲ့ ကန့်လန့် ကာနောက်က မင်းသားတွေဖြစ်လာတာ။
“အမှန်တကယ်ဆိုရင် အဲဒါကို ပြည်တွင်းစစ်ရယ်လို့တောင် ခေါ်ချင်စရာမကောင်းဘူးလို့ ကျမထင်တယ်။ ဘာကြောင့်လဲ ရှင်စဥ်းစားကြည့်လေ။ ပြည်သူလူထု တဦးတယောက်ခြင်းစီတိုင်းက သူ့တို့ လွတ်လပ်ငြိမ်းချမ်းဖို့အတွက် သူတို့ကိုယ်တိုင် တိုက်ပွဲဝင်နေကြတာပဲရှိတယ်။ ဒါကို ပြည်တွင်းစစ်ကို ဖန်တည်းနေကြတယ်၊ သူပုန်ထနေကြတယ်လို့ပြောရင် ‘ရှင်တို့ကရော ကိုယ့်ဘဝ လွတ်လပ်ငြိမ်းချမ်းဖို့ သူတို့လို အသက်နဲ့ဘဝ ထပ်ပြီး တိုက်ပွဲဝင်ဖူးလား၊ ဝင်ရော ဝင်ရဲတဲ့သတ္တိ ရှိရဲ့လား၊ တနေ့ သူများ အသက်၊ သွေး၊ ချွေးတွေနဲ့ လောင်းကြေးထပ် တိုက်ယူလာတဲ့ အောင်ပွဲကို ရှင်တို့ ဘယ်လိုလိပ်ပြာနဲ့ ဒီနိုင်ငံမှာ နေပျော်ကြမလဲ’ လို့ ကျမ ပြန်မေးမိမှာပဲ။
“အမှန်တိုင်းဆိုရရင် ကိုဖိုးတေရယ် … ဒီတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဥ်ကို မလွှဲသာမရှောင်သာလို့ နွှဲခဲ့ရတဲ့ လူတွေချည်းပါပဲ။ လောကမှာ ကိုယ့်အသက် ကိုယ့်ဘဝကို မချစ်တဲ့လူရယ်လို့ ဘယ်သူရှိလို့လဲ။ အေ ဒီလိုပဲပေါ့၊ ဆရာနိုင်မြန်မာပြောသလိုပဲ။
‘အသက်ဆိုတာ နှမြောသင့်တဲ့နေရာမှာ နှမြောရတယ်၊ မနှမြောသင့်တဲ့နေရာမှာ မနှမြောရဘူး” တဲ့။
“ကျမတို့ အခုချိန်မှာ ဒီလောက်လေးမှ မပြတ်သားရင် သူတို့အလိုမကျတိုင်း အာဏာသိမ်းမယ်၊ ဆန္ဒပြတဲ့ပြည်သူတွေကို ဖမ်းမယ်၊ ညှဥ်းပန်းနှိပ်စက်မယ်၊ ထောင်ချမယ်၊ တော်လှန်ပုန်ကန်တယ်ဆိုပြီး သတ်ဖြတ်ချင်တိုင်း သတ်ဖြတ်မယ်။ ကြာလာရင် ဒါကြီးက ဥပဒေတရပ်အဖြစ်တောင် လုပ်ကြဦးမှာ။ ကမ္ဘာမှာ ဘယ်တော်လှန်ရေးမှ ပြည်သူမနာတဲ့နည်းရယ်လို့ မရှိပါဘူး ကိုဖိုးတေ။
“ရှင် စိတ်မလျှော့ပါနဲ့ ကိုဖိုးတေ၊ ဒီတော်လှန်ရေးမှာ အာဏာမရူးတတ်တဲ့ကောင်တွေက အာဏာထရူးတာဟာ သူတို့သေတွင်း သူတို့နေချင်သလောက် တူးတာထက် ဘာမှ မပေါ်လာပါဘူး။ ပြီးတော့ ကျမအနေနဲ့ ဒီတော်လှန်ရေးထဲမှာ ပါဝင်နေတာကိုလည်း အထူးတလည် ဂုဏ်ယူပြောစရာ အကြောင်းမရှိဘူး။
ဒီနိုင်ငံမှာ တော်လှန်ရေးထဲ ပါဝင်နေတဲ့လူဆိုတာ လက်ညှိုးထိုးလို့မှ မလွဲတာ။ ကျမကလေ ကျမယောက်ျား တော်လှန်ရေးသမားက ဒီတော်လှန်ရေးမှာ ဘယ်လောက်ထိ ပါဝင်နေတယ်ဆိုတာထက် ဘယ်လောက်ထိ ရိုးသားဖြောင့်မတ်စွာ ပါဝင်နေသလဲဆိုတာပဲ ဂုဏ်ယူချင်တယ် သိလား ကိုဖိုးတေ”
မလှမြင့်စကားကြောင့် ဖိုးတေ စိတ်သက်သာရာရခဲ့ပေမယ့် သူစားထားတဲ့ ထမင်းတွေ ဘယ်နားရောက်သွားမှန်းမသိ ဖြစ်နေတော့ ထမင်းတပန်းကန် ထပ်ယူပြီး ငါးခုံးမကြော်ကလေး ထည့်စားရင်း ကိုဖိုးတေ အတွေးနယ်ချဲ့နေမိတော့တယ်။
”ကျုပ်မိန်းမက ဒီတော်လှန်ရေးမှာ ဘယ်လောက်ထိ ပါဝင်နေတယ်ဆိုတာကို ဂုဏ်မယူဘူးတဲ့၊ ဘယ်လောက်ထိ ရိုးသားဖြောင့်မတ်စွာ ပါဝင်နေတယ်ဆိုတာပဲ ဂုဏ်ယူသတဲ့”
ဖယောင်းတိုင်မီးက မလှမြင့်တို့တဲအိမ်ထဲမှာ မှိန်ပျပျ လင်းနေတယ်။ တဲအိမ်ထဲက မှိန်ပျပျအလင်းရောင်ကလည်း အပြင်အမှောင်ကို ထိုးထွင်းနေတယ်။
”ဖိုးတေရေ … ဖိုးတေ”
ဦးမြချစ် ကိုဖိုးတေနာမည်ကိုခေါ်ပြီး တက်လာတယ်။
”အိပ်နေကြပြီလား”
”မအိပ်သေးပါဘူး ဦးမြချစ်ရယ်၊ လင်မယားနှစ်ယောက် တောင်ပြောမြောက်ပြောနဲ့ ထိုင်နေကြတာပါ”
မလှမြင့်က လက်ဘက်ရည်ထုပ်နဲ့ ရေပူရေချမ်းကမ်းပေးရင်း သုံးယောက်သား စကားစပ်မိနေပြန်တယ်။
”ဒီကာလတွေမှာ ငါမြင်သမျှလူတွေအားလုံးက စိတ်ဒဏ်ရာတွေနဲ့ ဖိအားများနေတဲ့ လူတွေချည်းပါပဲ။ ငါတို့ တော်လှန်ရေးသမားတွေက ဒီလိုဖိအားများနေတဲ့ ပြည်သူတွေကို ထပ်ပြီး စိတ်ဒဏ်ရာမရအောင် မလုပ်မိဖို့ သတိထားရမယ်”
ဦးမြချစ်စကား မလှမြင့် လက်ခံပေမယ့် အတွေးထဲမှာ ပြန်ပြောဖို့စကားက အသင့်ရှိနေတယ်။
”ဟုတ်ပါတယ် ဦးမြချစ်ရယ်၊ စိတ်ဒဏ်ဆိုတာကလည်း ခံစားနေရုံနဲ့ မပျောက်ပါဘူး။ ရုန်းထွက်နိုင်ဖို့ ကြိုးစားမှ ပျောက်တာမဟုတ်လား”
”မှန်တာပေါ့ကွယ်၊ ဒါပေမယ့်လည်း အမှောင်က အမှောင်ကို မောင်းထုတ်မပစ်နိုင်ပါဘူး၊ အလင်းကသာ အမှောင်ကို မောင်းထုတ်ပစ်နိုင်တယ်လို့ မာတင်လူသားကင်း ဂျုနီယာက ပြောဖူးတယ်ကွဲ့”
ဦးမြချစ်က ၁၉၈၈ ကာလအလွန် နိုင်ငံရေးသမားပီပီ ပြောနေတယ်။ ဒီ တော်လှန်ရေးနယ်မြေထဲကိုတော့ သူ့သားတွေရဲ့ ကောင်းမှုကြောင့် ရောက်လာရခြင်းပါ။
”အမှောင်ကို အလင်းနဲ့မောင်းထုတ်ဖို့ လက်နက်ကိုင်ပြီး အလင်းဆောင်ရတဲ့ အလင်းက အခက်ခဲဆုံးဖြစ်မလား ဦးမြချစ်”
”ဆိုပါတော့ကွယ်၊ အလင်းတပေါက်က အမှောင်ထုထဲ တိုးဝင်ဖို့ဆိုတာ ဘယ်လွယ်မလဲ၊ ဒါပေမယ့်လည်း အဲဒီ အလင်းတစက်ကပဲ တနိုင်ငံလုံးကို ​ဆောင် ကျဥ်းပေးနိုင်မှာလေ”
ဒီလိုနဲ့ ဦးမြချစ်လည်း သူ့အတွေး သူ့အမြင်တွေကို ကိုဖိုးတေတို့လင်မယားကို ပြောပြီး အလင်းစက်တို့ ဖောက်ထွင်းနေတဲ့ အမှောင်ကနေ သူ့တဲအိမ်ကလေးဆီ ပြန်သွားတယ်။
ကိုဖိုးတေနဲ့မလှမြင့်တို့လည်း တော်လှန်ရေးရဲ့လှိုင်းဂယက်ထဲက တနယ်တကျေးမှာရှိတဲ့ သားသမီးတွေအကြောင်းပြောရင်း နွေးထွေးတဲ့ မိသားစုအသိုက်အမြုံကို လေထဲ ဆောက်နေမိတော့တယ်။
အဲဒီနောက် မလှမြင့်က ယောက်ျားပီသလှတဲ့ သူ့ယောက်ျားလက်မောင်းပေါ် အိပ်စက်ရင်း ကုန်လုနီးပါးဖြစ်နေတဲ့ ဖယောင်းတိုင်ကို ဖူးခနဲမှုတ်သတ်ပြီး သာယာငြိမ်းချမ်းသော တော်လှန်နေ့သစ်ဆီကို ခရီးဆက်ရင်း …။
31/1/2025
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*