2
ညီလင်းအိမ်
‘ကျားဖြူတကောင်ရဲ့ စွန့်ဦးတီထွင်မှု’
ကျနော်တို့က ကြက်တွေဆို လှောင်ခြံကြီးက စနစ်ပေါ့ဗျာ။ အဲဒီမှာကြည့်လိုက် ကြက်သတ်သမားက လှောင်ခြံထဲကနေ တကောင်ပြီး တကောင် ဆွဲယူခုတ်ထစ်နေပေမယ့် ခြံထဲက ကြက်တွေက ထွက်ပြေးဖို့ မစဉ်းစားကြဘူး။ ကျနော်တို့ နင်းပြားလူ့ဆင်းရဲတွေလည်း ဒီကြက်တွေဘဝနဲ့ ဘာထူးလို့လဲ။ လှောင်ခြံထဲမှာပဲနေပြီး လာရောက်ခုတ်ထစ်နေသူတွေအောက်ကို အေးဆေးငြိမ်သက်စွာနဲ့ပဲ လည်စင်းပေးဖို့ အသင့်ရှိနေတဲ့သူတွေလေ။ စနစ်ဆိုတာကြီးကိုက ကျနော်တို့ကို ဒီလိုဖြစ်အောင် လုပ်ထားလိုက်တာ။
ဘာရမ် က ဒီလိုဖွင့်ဟတယ်။ ဒီဇာတ်လမ်းမှာ ဘာရမ် က အဓိကပါပဲ။ သူ့ဆီကနေ တဆင့် အိန္ဒိယလူနေမှု စနစ်ရဲ့ ဘဝအဖုံဖုံကို မြင်ရတာမျိုးပေါ့။ ဂုတ်သွေးစုပ် လူထုက ဒီလှောင်ခြံထဲက ကြက်တွေကို ခုတ်ဖြတ်ရောင်းချဖို့ ကြိုးစားကြတာမျိုးဆိုရင် အစိုးရတာဝန်ရှိသူတွေကလည်း ကြက်တွေလှောင်ခြံထဲ နေတတ်အောင် ချုပ်နှောင်ပေးကြတဲ့ သူတွေပေါ့။ ဘာရမ် က အဲဒီလို လူမှုစနစ်ကြီးအောက်မှာ ဟင်းစားကြက်လို သတ္တဝါနေရာကနေ လူဖြစ်လာရတာ။ သူ့မိဘမျိုးရိုးစဉ်ဆက်ကလည်း ဟင်းစားကြက်တွေလို ဘဝနဲ့ပဲ အရိုးထုတ်သွားတော့ ဘာရမ်တို့လည်း ဘာထူးလို့လဲ။ မိဘတွေလိုပဲ မြေရှင်တွေလက်အောက်မှာပဲ မဝလင်စာ လုပ်ကိုင်စားရင်း လှောင်ခြံထဲမှာပဲ အရိုးထုတ်ကြရုံမှတပါး ဘာတွေဆက်လုပ်စရာ ရှိမှာတဲ့လဲ။ ဆိုတော့ ရုပ်ရှင်က စိတ်ဝင်စားစရာ ဖြစ်လာတာပေါ့။
မျိုးရိုးစဉ်ဆက် လူ့နင်းပြားဘဝထဲက လူတယောက်က ဒီလိုအခြေအနေကနေ လွတ်မြောက်အောင် ဘယ်လိုကြံဆခဲ့သလဲ။ လင်းသိုက်ညွန့်စာအုပ်တွေ ဖတ်လိုက်လို့လား။ ဖေမြင့် တက်ကျမ်းတွေဖတ်ရင်း ပြုပြင်လိုက်တာလား။ ဘာရမ်ကို ကြည့်ရင်း တောင်တွေးမိ မြောက်တွေးမိ။ လူတယောက် ရစရာမရှိအောင် ဆင်းရဲနေတာကနေ လေဆိပ်မှာ နက်ကတိုင်ပါတဲ့ အင်္ကျီကြီးနဲ့ မိန့်မိန့်ကြီး ပြန်လာပြီး နိုင်ငံခြားပြန်ဆိုတဲ့ သဘောနဲ့ ချမ်းသာတာမျိုးကလည်း မြန်မာရုပ်ရှင်တွေထဲပဲ ရှိတာဆိုတော့ ဘာရမ် ဘယ်လိုဖြစ်လာသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်။
ပြောမယ်ဆို ဒီရုပ်ရှင်က ဘာရမ်ရဲ့ ကာရိုက်တာကို ဆင့်ကဲလေ့လာရတာမျိုး ဖြစ်တယ်။ ကျနော်တို့က ဘယ်နေရာမှာ ဘာရမ်လို ဖြစ်သွားသလဲ စလို့ နှိုင်းယှဉ်ချင့်တွေးရတာက ခုရုပ်ရှင်ရဲ့ အကောင်းဆုံးအရသာ။ ဘာရမ်က စာတော်လှပေမဲ့ အိမ်က ဆင်းရဲလွန်းလို့ ခလေးအရွယ်ကတည်းက ကျောင်းကထွက်လိုက်ရပြီး အလုပ်ဝင်လုပ်ရတယ်။ ဒီလိုနဲ့ တီဘီရောဂါသည် အလုပ်ကြမ်းသမား ဖခင်ကြီး တိမ်းပါးသွားတော့ ကြီးမားလှတဲ့မိသားစုထမင်းအိုးကြီးက သူတို့ခေါင်းပေါ်ကို ရောက်လာတယ်။ ဘာရမ်တို့ ညီအကိုမှာ အရွယ်နဲ့မလိုက် အလုပ်ပေါင်းစုံ လုပ်ရင်း အရွယ်ရောက်လာကြတာပေါ့။
သူတို့အရွယ်ရောက်လာလို့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်မြဲပေမဲ့ သူတို့တနယ်လုံးကို အိတ်ကပ်ထဲထည့်ထားတဲ့ သူဌေးကြီးမိသားစုကတော့ ပိုလို့ချမ်းသာလာတယ်။ ဘာရမ်တို့က သူတို့ခြံထဲက ကြက်တွေပဲလေ။ သူတို့ခုတ်ထစ်လှီးဖြတ်သမျှ တယောက်ချင်း လည်စင်းခံနေကြရသူတွေ။ အရင်ဆုံး ဖခင်ကြီး ပါသွားပြီ။ နောက် သူတို့အလှည့်ကို ရောက်လာတော့မယ်။ ဆိုတော့ ဒီလိုလူနေမှုအသိုက်အမြုံထဲမှာပဲ ကြီးပြင်းလာရတဲ့ လူတယောက်အဖို့ ဘာတွေများပိုပြီး အားထုတ်ဖို့ ရှိမှာတုန်း။ အရင်းရှင်တွေအောက်မှာ ပိုကောင်းတဲ့ အစေခံဘဝကလေးရဖို့ ခပ်ရိုင်းရိုင်းပြောရရင် ဒါထက်ကောင်းမွန်တဲ့ ကျွန်တယောက်ဘဝရဖို့လောက်ပဲ စဉ်းစားစရာရှိတာပေါ့။
ဒီနေရာအထိ ဘာရမ်က ကျနော်တို့ကို ကိုယ်စားပြုလာတယ်။ သာမန်လူလတ်တန်းစားအဆင့်ကနေ ကြီးပြင်းလာရတဲ့ ကျနော်တို့တွေအဖို့ရော အလုပ်ရှင် အလုပ်သမား စနစ်ကြားကနေ ဘာတွေပိုပြီး ဖောက်ထွက်လို့ရမှာလဲ။ မမြင်ရတဲ့ လက်တံရှည်ကြီးတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နေရာတိုင်းမှာ ဖိနှိပ်ထားပြီးသားပဲ။ ရှိရင်းစွဲ အညွန့်တုံးပြီးသား လူတယောက် ဖြစ်လာရမှုအရ မိမိလို ကြက်တကောင်အဖို့ လှောင်အိမ်ကျယ်ကျယ်လေးရရုံ၊ ကောင်းမွန်တဲ့ လေအထုတ်အသွင်း စနစ်ရရင် တော်ပါပြီ ဆိုတဲ့ အတွေးကလွဲလို့ ဘာမှဖြစ်လာစရာမရှိ။ ကျနော့်နံဘေးမှာ တူရွင်းတချက်လွှဲတာနဲ့ ပွင့်ထွက်လာမယ့် ကျောက်စိမ်းမြေလည်း မရှိ။ အိမ်သာနားက တိုင်ထောင့်မှာ ရွှေအိုးကြီးမြှုပ်ထားပြီး သေခါနီးကျမှ မင်းအတွက် ဆိုပြီး ပြောသွားမယ့် ဆွေမျိုးညာတိလည်း မရှိ။ မျက်စိကအကြည့်တွေကို မြင်နိုင်သမျှ စူးစိုက်ကြည့်တိုင်း ကံကိုထမ်းလာသူလည်း မမြင်ရ။ လှံကို ထမ်းလာသူလည်း မတွေ့ရသေး။ သို့ပေတဲ့လည်း လျှောက်ရတဲ့ ဘဝလမ်းမှာတော့ ခြေတချက်ချော်ရင် အသင့်ထိုးဖို့ စောင့်နေတဲ့ လှံတံတွေကတော့ ခြေဖဝါးအောက်မှာ အပြည့်ဆိုတာမျိုးပေါ့။
ဘာရမ်ကလည်း ဘာထူးလို့လဲ။ သူဖြစ်ချင်တာက အဲဒီက သူဌေးသားရဲ့ ကားဒရိုင်ဘာဘဝလောက် ဖြစ်ရင်ပဲ ကျေနပ်ပြီပေါ့လေ။ ရွာမှာ မီးသွေးထု၊ စားပွဲထိုးလုပ်ရတာထက်စာရင် ဒရိုင်ဘာဘဝက အများကြီးသာလွန်တယ်လို့ သူတွေးထားလိုက်တယ်။ စနစ်ရဲ့ ဖိနှိပ်ခွဲခြားမှုမှာ ဒီဂုတ်သွေးစုပ် လူတန်းစားတွေဟာ ဘာရမ်တို့တွေအပေါ်ကို ဘယ်လိုမှ တန်းတူလူတယောက်ရယ်လို့ မမြင်နိုင်အောင်အထိပဲ။ သူတို့တွေဟာ ဘယ်လိုမှ တန်းတူထားဆက်ဆံရမယ့် သူတွေမှ မဟုတ်တာ။ ခိုင်းစရာရှိတာ ခိုင်းမယ်။ ခိုင်းသလို ပြောသလို မရရင် တနည်းနည်းနဲ့ နှိပ်ကွပ်မယ်ပေါ့လေ။ ဘာရမ်တို့မြေမှာ ခေတ်တွေပြောင်းလာတဲ့တိုင် သူတို့အနားမှာတော့ ရပ်တန့်လျက်ရှိနေတယ်။ ဘယ်ကိုကြည့်လိုက်ကြည့်လိုက် ဆင်းရဲမွဲတေမှုအောက်မှာ ပိပြားနေတဲ့ လူတွေက တရွေ့ရွေ့ခရီးနှင်နေတဲ့ ပုရွက်အုံများကဲ့သို့ပဲ။ နွမ်းရိချုံးချုံးကျနေတဲ့ ပုံပန်းသဏ္ဍာန်တွေနဲ့ လမ်းဘေးဝဲယာ နေရာ အနှံ့မှာ မြင်ရနိုင်တယ်။ ဘာရမ်အားကျရတဲ့ သူဌေးတွေရဲ့ ကားတွေကို မြင်လိုက်ရတိုင်း လူအုပ်ကြီးတွေမှာ အုတ်အော်သောင်နင်း ဖြစ်ရင်း ငေးမောကြည့်ရှု့ကြရတယ်။
ကျနော်တို့တွေ ထင်ထားမိတာကတော့ ဘာရမ်က ရိုးရိုးကျင့် မြင့်မြင့်ကြံရင်းပဲ ပြောင်းလဲသွားတယ် ထင်ခဲ့တာပေါ့လေ။ အဲဒီမှာ ဘာရမ်ရဲ့ အပြောင်းအလဲဖြစ်မှုတွေကို ကျနော်တို့တွေ လိုက်ပါရှု့မြင်ရမယ့် အပိုင်းဖြစ်လာတယ်။ အသားစားကျားတကောင်ဟာ သူကိုက်ဖြတ်ဝါးမျိုလိုက်တဲ့ သားကောင်ငယ်အတွက် နောင်တရ နာကျင်သွားတာမျိုး ဖြစ်ပါ့မလား။ ဘာရမ်လည်း ဒီလိုတွေ ဖြစ်လာဖို့ ဘာတွေက ပြောင်းလဲစေသလဲ ဆိုရင် သူ့ရဲ့ တွေးတောတတ်နေတဲ့ ဦးဏှောက်နဲ့ ဒါကိုလှုံ့ဆော်ပေးစေတဲ့ ဘဝပေးအသိဉာဏ်၊ ဗဟုသုတ မှီဝဲမှုနဲ့ မြင်ရတဲ့ လူတွေကနေပဲ ပြောင်းလဲ ပစ်လိုက်တာ ဖြစ်တယ်။ ဒီထဲမှာ သူအားကျရတဲ့ အမေရိက သူဌေးသားဆိုတာ ပါတယ်။ ထက်မြက်တဲ့အမျိုးသမီးပုံပေါက်နေတော့တဲ့ သူဌေးကတော်မိန်းမပါတယ်။ ဒီလူတွေကတော့ သူ့အပေါ်ကို အထူးသဖြင့် အလုပ်ရှင် သူဌေးသားဖြစ်သူဟာ လူကို လူလို့ပဲ မြင်တဲ့သူ စိတ်ရင်းသဘောထား ပြည့်ဝသိမ်မွေ့တဲ့လူ၊ ဒီလိုလူအောက်မှာ အစေခံတယောက်အဖြစ် နေထိုင်ရတာဟာ သူ့ဘဝအတွက် ဖူလုံကြွယ်ဝတဲ့ အနေအထား ဖြစ်ပြီလို့ တွေးထားခဲ့ပါတယ်။ တခြားရုပ်ရှင်ထဲကလို သူဌေးသားက ဇာတ်လိုက်၊ သူ့ရဲ့ဘေးမှာ သူဌေးသားရဲ့ ပြုမူပုံ ပုံပန်းတွေကို ပေါ်လွင်အောင် ဇာတ်ပို့ပေးရသူ စလို့ ဘဝကို အဲဒီနေရာကပဲ သွားရရုံပေါ့။
ဒါပေမဲ့လည်း ဘာရမ်က ကျားဖြူ။ အိန္ဒိယရဲ့ ရှားပါးလှတဲ့ ကျားဖြူတကောင်လေ။ ဘာရမ်ကိုယ်ထဲမှာ ဖိနှိပ်မှုတွေ၊ ခွဲခြားခံရမှုတွေ၊ ခွေးလေခွေးလွင့်တကောင်လို နင်းပြားတွေ သေဆုံးရမှုမှာ ဘာတခုမှ ဖြစ်မလာရတဲ့ ပြီးဆုံးသွားမှု၊ မငတ်ရုံတမယ် လစာပဲပေးပြီး နွားလို မြည်းလို လူတယောက်အဖြစ်သာ မိမိကိုယ်ကို မြင်လာရမှုတွေ၊ သူ အထင်ကြီးမိတဲ့ သူဌေးသားဆိုတာလည်း အမေရိကက ဘာပညာတွေပဲ သင်လာသင်လာ အချိန်တန်တော့လည်း ဂုတ်သွေးစုပ် ယန္တရားအောက်က လူသက်သက် ဖြစ်လာရတာပဲ။ နောက်ဆုံး သူမြင်လိုက်ရတဲ့ နိုင်ငံရေးသမားဆိုတာအထိ ဒီအောက်ခြေနင်းပြား လူမှုဘုံကြီးကိုပဲ စကားလုံးအတုတွေ လိမ်ညာမှုတွေနဲ့ပဲ အမြတ်ထုတ်ပြီး အဲဒီက လူ့မလိုင်တွေနဲ့အတူ ပေါင်းစား ယုတ်ပဲ့နေကြတဲ့ လူတန်းစားတွေ။ ဒါတွေက ဘာရမ်ကို ဖြေးဖြေးချင်း ပြောင်းလဲလာစေတယ်။
ရှားပါးလှတဲ့ ကျားဖြူကြီးကတော့ လှောင်ခြံထဲမှာပဲ အလှပြသတ္တဝါကြီး ဖြစ်နေတာကို ဘာရမ် တွေ့လိုက်ရတယ်။ ဘာရမ်ကတော့ လှောင်ခြံထဲက ကျားဖြူ မဖြစ်ချင်တော့ဘူးလေ။ ဒီလို ဘဝက ရုန်းထွက်ဖို့ အတွက် ဘာတွေလိုအပ်လှသလဲ။ တက်ကျမ်းတွေ ဖတ်ရမှာလား။ လင်းသိုက်ညွန့်စာအုပ်တွေထဲက နည်းနာတွေ အလွတ်ကျက်ရမှာလား။ အိန္ဒိယက စွန့်ဦးတီထွင်သူများရဲ့ နည်းလမ်းတွေအတိုင်း ဖော်ဆောင်မှာတဲ့လား။
ဘာရမ် နည်းလမ်းက အင်မတန်မှ ရိုးရှင်းလှပါတယ်။ အိန္ဒိယမှာ မတူကွဲပြားတဲ့ နည်းလမ်းတွေနဲ့ စီးပွားရေးအလုပ်တွေလုပ်မယ်လို့ ကြွေးကြော်ထားပြီးမှ သူခိုးအဖြစ်ပဲ ပိုက်ဆံထုပ်ကိုင် လာဘ်ထိုးနေတဲ့ သူဌေးသားကို အရက်ပုလင်းခွံနဲ့ ထိုးချလိုက်တယ်။
ပြီးတော့ သူ့ပိုက်ဆံထုပ်ကိုပိုက်ရင်းနဲ့ပဲ ပုလိပ်ရုံးမှာ လာဘ်ထိုး လုပ်ကွက်တခု အသာယူရင်း သူဌေးလုပ်ပစ်လိုက်တယ်။ ဘယ်လောက်နိပ်လိုက်သလဲ။
ကျားဖြူတွေဟာ သားကောင်တကောင်စားပြီးတိုင်း အိပ်မက်ဆိုးမမက်သကဲ့သို့ ဘာရမ်အတွက်လည်း ဒီလိုဂုတ်သွေးစုပ်ကောင်တွေကို ရက်စက်စွာ အနိုင်ယူလိုက်ခြင်း နည်းလမ်းအတွက်လည်း အိပ်မက်ဆိုးတွေ မက်ဖို့ မရှိပါဘူး။ ငရဲတွေ ငအုံတွေအကြောင်းလည်း အဲဒီလောက် စဉ်းစားနေဖို့ အချိန်သိပ်မရပါဘူး။
ဒါတွေက ရုပ်ရှင်တွေ ဘုရားစာတွေထဲက တော်ကီတွေပဲ မဟုတ်ဘူးလား။
ရုပ်ရှင်ရည်ညွှန်း- The White Tiger Movie (2021)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
