3
ထွင်
‘ကြားနေမဲ/ပယ်မဲ ဖြစ်အောင် ပေးပါ’
လူသတ်သမား၊ သူခိုး၊ ဓားပြ၊ တိုင်းပြည်ဖျက်၊ ဥစ္စာရူး၊ အာဏာရူး၊ ပလ္လင်ရူး၊ ယုတ်မာမှုအပေါင်း သရဖူဆောင်းတဲ့ မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာ တနိုင်ငံလုံးအသိပါ။
အဲ့ဒီ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ ရွေးကောက်ပွဲဆိုတာ ကမ္ဘာကလည်း သိသလို တနိုင်ငံလုံးကလည်း သိကြမှာပါပဲ။
မင်းအောင်လှိုင်ဟာ အာဏာကို အာသာငမ်းငမ်း သွားရည်ကျနေလို့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲ အနိုင်ရခဲ့တဲ့ NLD ပါတီဟာ မဲခိုးပါတယ်လို့ မတရားစွပ်စွဲပြီး တိုင်းပြည်အာဏာကို မတရားသိမ်းယူလိုက်တယ်ဆိုတာလည်း ကမ္ဘာက သိသလို တနိုင်ငံလုံးလည်း သိကြပါတယ်။ (မင်းအောင်လှိုင်လို လူ့ပက်စက်တွေကတော့ သိကြပေမယ့်လည်း မသိဟန်ဆောင်နေကြပါတယ်။)
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအနိုင်ရတာကို မဲခိုးပါတယ်လို့ တိကျခိုင်လုံတဲ့ သက်သေလည်း မရှိဘဲနဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲလို့ သဘောထားကာ အာဏာကို လွှဲပြောင်းမပေးဘဲ အာဏာသိမ်းပစ်လိုက်ပြီး ယခု ၂၀၂၅ ထဲမှာ တရားဝင်ရွေးကောက်ပွဲလို့ ခေါင်းစဉ်တပ်ပြီး ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာက ဘယ်လိုလုပ်ပြီး တရားမျှတမှုရှိမှာလဲ။
အာဏာသိမ်းလိုက်တဲ့ ၂၀၂၀ ကနေ ယခု ၂၀၂၅ အထိ ငါးနှစ်တာကာလမှာ တိုင်းပြည်အပေါ် မင်းအောင်လှိုင် ဘယ်လို ကျူးလွန်ဖျက်ဆီးခဲ့တယ်ဆိုတာ ကမ္ဘာက မြင်သလို တနိုင်ငံလုံးကလည်း အမြင်ပဲ မဟုတ်လား။
မင်းအောင်လှိုင်က တိုင်းပြည်အပေါ် ကျူးလွန်ခဲ့တာတွေက ပြောလို့လည်း မကုန်ပါဘူးလေ။ ပြည်သူ့အိမ်တွေ ဗုံးကြဲတယ်။ ဖျက်ဆီးတယ်။ ပြည်သူတွေကို သတ်တယ်။ မီးရှို့တယ်။ ခိုးဝှက်လုယက်ဖျက်ဆီးတယ်။ မုဒိမ်းကျင့်တယ်။ ပြည်သူတွေ ဗုံးမှန်ပြီး သေရတယ်။ မိသားစု အသိုက်အမြုံတွေ ကွဲရတယ်။ အိုးပစ်အိမ်ပစ် စစ်ရှောင်ရတယ်။ အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေထိုင်ကြရတယ်။ ပေါ်တာဆွဲတယ်။ အဓမ္မစစ်မှုထမ်းခိုင်းတယ်။ ပြန်ပေးဆွဲပြီး ငွေနဲ့ရွေးခိုင်းတယ်။ ဧည့်စာရင်း တိုင်ရတယ်။ ကုန်ဈေးနှုန်းတွေကြီးမြင့်ကုန်တယ်။ လမ်းတိုင်းမှာ ဂိတ်တွေထောင်ပြီး ငွေကောက်တယ်။ ဆေးကုသခွင့် အပြည့်အဝ မရဘူး။ အရွယ်ကောင်းလေးတွေ ပြည်ပ ထွက်ပြေး/အလုပ်သွားလုပ်ရတယ်။ ပညာရေးတွေ ဆုံးရှုံးကုန်တယ်။ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ အို ပြောလို့လည်း မကုန်ပါဘူးလေ။
ငါးနှစ်အတွင်း မင်းအောင်လှိုင်ရဲ့ အဲ့ဒီ ယုတ်မာပက်စက်တဲ့ ပြစ်မှုတွေ ကျူးလွန်ပြီးခါမှ တရားဝင်ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကြီးက ဘယ်လိုပြောရမလဲဆိုတော့ ငါးနှစ်အတွင်း သူ ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘူးလို့ ပြောသလိုဖြစ်နေတာပေါ့။ ဘာဆိုဘာမှ မဖြစ်ခဲ့သလို ခပ်တည်တည် နေလိုက်သလိုပေါ့။ အရှက်မရှိ မျက်နှာပြောင်တိုက်လွန်းရာ ကျတာပေါ့။
အဲ့ဒီလို ယုတ်မာမှုအပေါင်း သရဖူဆောင်းတဲ့ မင်းအောင်လှိုင်ကို ပုန်ကန်တဲ့ တော်လှန်ရေးအဖွဲ့တွေ အများအပြား မြန်မာပြည်အနှံ့ ပေါ်ပေါ်လာခဲ့ပါတယ်။ အဲ့အတွက် ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးသမားတွေ အများကြီးပါ။ အဲဒီလို ကျဆုံးရတဲ့အတွက်လည်း နယ်မြေစိုးမိုးနိုင်မှုတွေ ရရှိခဲ့တယ်။ မင်းအောင်လှိုင် အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်ခွင့် မရခဲ့ဘူး။ အဲ့ဒီဒေသတွေဟာ တာဝန်ကျေတယ်လို့ပြောရမယ်။ တာဝန်ကျေတဲ့ ဒေသတွေမှာ မင်းအောင်လှိုင်ရဲ့ မဲပေးပွဲ ကျင်းပလို့ မရဘူး။ မဲတပြားမှ ရမှာမဟုတ်ဘူး။ စာရေးသူတို့ ဒေသဆီကရောပါ။ မင်းအောင်လှိုင်ကတော့ စာရေးသူတို့ဒေသဆီမှာလည်း မဲပေးပွဲ ကျင်းပနိုင်မယ်လို့ လီဆယ်ပြီး ကြေညာထားသေးတယ်။ ဒီလို မဲပေးပွဲကျင်းပလို့ မရတဲ့ ဒေသတွေလည်း ရှိနေတာတောင် ရွေးကောက်ပွဲက တရားဝင်တယ်လို့ ပြောနေဦးမှာလား။ စစ်မှန်တဲ့ ရွေးကောက်ပွဲဆိုတာ တတိုင်းပြည်လုံး မဲပေးဖို့အသက်ပြည့်မီသူ တယောက်မကျန် မဲပေးရမှ စစ်မှန်တဲ့ ရွေးကောက်ပွဲပါ။ မဲပေးခွင့်ရသူတိုင်းဟာ ကိုယ်မဲပေးချင်တဲ့ပါတီအတွက်
မိမိကိုယ်တိုင် လိုလိုလားလား မဲပေးချင်စိတ်လည်း ရှိရမယ်။ အခုဟာက မဲ မပေးချင်သူကိုတောင် အတင်းအဓမ္မ မဲပေးရမယ်လို့ အာဏာနဲ့ မိန့်နေကြတယ်။
အဲ့အတွက်လည်း NUG အစိုးရဟာ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ရရာနည်းနဲ့ ကြိုးစားနေကြတာပဲ။ လှုံ့ဆော်နေတယ်။ တော်လှန်ရေးသမားတွေကလည်း နည်းအမျိုးမျိုးနဲ့ တားမြစ်နေကြတယ်။ တတ်နိုင်သလောက်ပေါ့။ (NUG အနေနဲ့ ကြားနေမဲပေးပါ ကမ်ပိန်းလုပ်စေချင်မိပါတယ်။) တကယ် မဖြစ်သင့်တဲ့၊ တရားမဝင်တဲ့ ရွေးကောက်ပွဲမို့ အဖျက်အမှောင့်သမားတွေ လုပ်ပေးနေကြရတာပါ။ တချို့ဒေသကြီးတွေမှာတော့ စစ်ကော်မရှင်ဘက်က အင်အားများလွန်းလို့ ဘယ်လိုမှ မတားမြစ်နိုင်ဘူး။ မတားမြစ်နိုင်ဘူးဆိုတာကလည်း ပြည်သူတွေရဲ့ အသက်တွေကို ငဲ့ကွက်နေရလို့ပါ။
ပြောချင်တာက တချို့ဒေသတွေမှာက တော်လှန်ရေးအပေါ် တာဝန်ကျေလို့ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအတွက် မဲတပြားမှ မရဘူး။ တချို့ဒေသတွေမှာတော့ မဖြစ်မနေကို မဲပေးကြရတော့မယ်။ မဖြစ်မနေကို မဲပေးကြရမယ့် ဒေသတွေကိုတော့ တော်လှန်ရေးအပေါ် တာဝန်မကျေဘူးလို့ မဆိုလိုပါဘူး။ တာဝန်ကျေတဲ့ ဒေသမှာက နယ်မြေကျဉ်းလို့၊ စစ်ကော်မရှင်ဘက်ကလည်း အင်အားနည်းလို့ မင်းအောင်လှိုင်က မစိုးမိုးနိုင်တာလည်း ပါတယ်။ တချို့ဒေသတွေမှာကျတော့ နယ်မြေကျယ်လို့၊ စစ်ကော်မရှင်ဘက်က အင်အားများလို့၊ မြေအနေအထားကလည်း ပြေးလို့ရှောင်လို့ မလွယ်ကူတာကြောင့် စစ်ကော်မရှင်ဘက်က အသားစီးရနေနိုင်တာပါ။ အဲဒီအတွက် အဲဒီဒေသတွေကို တာဝန်မကျေဘူးလို့လည်း မဆိုပါဘူး။
ဒါ့ကြောင့် မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအတွက် မဲ မပေးမဖြစ် ပေးကြရတော့မယ်။
မဖြစ်မနေ မဲ ပေးကြရမယ့်သူတွေကို သိစေချင်တယ်။ ခင်နှင်းယုရဲ့ စကားအတိုင်း ”ကိုယ့်နေရာလေး ကွက်အေးတာနဲ့ပဲ နွေကို ပူတယ် မထင်တော့ဘူးလား” မလုပ်လိုက်ကြပါနဲ့။ (တကယ်ဆို မဖြစ်မနေ မဲပေးကြရမယ့် လူတွေရဲ့နေရာလည်း မအေးပါဘူး) အထက်မှာ ပြောခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ ယုတ်မာပက်စက်မှုတွေကို မမေ့ပါနဲ့၊ ပြေးမြင်ပါ။ ငါးနှစ်တာကာလအတွင်းမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို သတိရပြီး မင်းအောင်လှိုင်ကို စိတ်နာပါ။ နာကျည်းပါ။ ကျဆုံးခဲ့ရသူတွေအတွက် စာနာထောက်ထားပြီး ကြားနေမဲ/ပယ်မဲဖြစ်အောင် ပေးပါ။
စစ်အာဏာရှင်ကို ကျဆုံးလိုသူတိုင်းမှာ ရွေးကောက်ပွဲ အထမမြောက်အောင် တွန်းလှန်ဖို့ တာဝန်ရှိပါတယ်။ လက်နက်ရှိသူက လက်နက်နဲ့ တွန်းလှန်ပါ။ အင်အားရှိသူက အင်အားနဲ့ တွန်းလှန်ပါ။ အနုပညာရှင်က အနုပညာနဲ့၊ စာပေသမားက စာပေနဲ့ တွန်းလှန်ရမယ်။ မဖြစ်မနေ မဲပေးရမယ့်သူတွေကတော့ ကြားနေမဲ/ပယ်မဲဖြစ်အောင် ပေးခြင်းနဲ့ တွန်းလှန်ရမှာပါပဲ။ ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ တွန်းလှန်ဖြစ်အောင် တွန်းလှန်ရမှာပါ။
စာရေးသူတို့လည်း မဲပေးဖူးလို့ ကြားနေမဲ/ပယ်မဲဖြစ်အောင် ပေးလို့ရကြောင်း သိခဲ့ရပေမယ့် အခုတခါမှာတော့ စာရေးသူတို့နယ်ဘက်မှာ မဲရုံမထောင်နိုင်ကြတော့ မင်းအောင်လှိုင် အတွက် မဲမရတော့ပါ။ ဒါ့ကြောင့် ကြားနေမဲ/ပယ်မဲဖြစ်အောင် ပေးလို့ ရသလားတော့ မသိပါ။ မင်းအောင်လှိုင်ကလည်း အခုတခါမဲပေးနည်းကို အရင်လို မဟုတ်တော့ဘဲ ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်ထားတော့ ကြားနေမဲ/ပယ်မဲ မပါအောင်၊ ပေးလို့မရအောင် စီစဥ်ထားသလားတော့ မပြောတတ်ပါ။ (ကိုယ့်စိတ်တိုင်းကျ ကြားနေမဲ/ပယ်မဲအဖြစ် ပေးလို့မရအောင်လည်း မင်းအောင်လှိုင်က အဓမ္မခိုင်းစေသလို စီမံနိုင်ပါသေးတယ်။)
သည်တော့ ကြားနေမဲ/ပယ်မဲဖြစ်အောင် ပေးနည်းကို အကြံပေးကြည့်ချင်တာကတော့ ကြားနေမဲပေးရမည့် ခလုတ်ပါလျှင် အလွယ်တကူ ခလုတ်ကို နှိပ်လိုက်ပါ။ ဒါမှမဟုတ် ခလုတ်နှစ်ခုကို တပြိုင်နက်တည်း နှိပ်လိုက်လျှင် ကြားနေမဲ/ပယ်မဲ ဖြစ်သွားလိမ့်မယ်ထင်ပါတယ်။ ဒါမှမဟုတ် မိသားစုဝင်များလျှင် ပါတီတခုတည်းကိုပဲ စုပြုံမပေးဘဲ တဦးလျှင် တပါတီစီ မဲပေးကြဖို့ တိုင်ပင်ထားသင့်ပါတယ်။ ဒါ့အပြင် ယုံကြည်ရသူများနဲ့ ကြားနေမဲ/ပယ်မဲ ဖြစ်အောင် ပေးသင့်ကြောင်းနဲ့ ပေးနည်းများကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အွန်လိုင်းပေါ်တွင်လည်း လေ့လာသင့်ပါတယ်။ မင်းအောင်လှိုင်က ဘယ်လောက်ပဲ ကြားနေမဲ/ပယ်မဲ ပေးလို့မရအောင် စီစဥ်ထားပါစေ ကိုယ်တိုင်က ကြားနေမဲ/ပယ်မဲဖြစ်အောင် လေ့လာ ဆွေးနွေး တိုင်ပင် သင်ယူ လေ့ကျင့်ထားရင် ရမှာပါ။
မဖြစ်မနေ မဲပေးရမယ်လို့ အဓမ္မခိုင်းစေခံရတိုင်း မင်းအောင်လှိုင်အတွက် မဲတပြားမှ မရအောင် လုပ်နိုင်ပါတယ်။ အဲဒါကတော့ ကြားနေမဲ/ပယ်မဲဖြစ်အောင် ပေးလိုက်ရုံပါ။ ကြားနေမဲ/ ပယ်မဲတွေက ထောက်ခံမဲတွေထက် အများဆုံးဖြစ်နေရင် မင်းအောင်လှိုင်အတွက် အရှက်အကြီးကြီး ရစေမှာပါ။ ဒါ့ကြောင့် ကြားနေမဲ/ပယ်မဲဖြစ်အောင် ပေးကြပါ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
