ခေတ္တ မီဇိုရမ်

“ခေတ္တ မီဇိုရမ်”
◼️ဂျော့လင်းညို
အလုပ်မရှိတာ နှစ်ပတ်ကျော်ပြီ။ ဆန်က ရှိသေးသည်ဆိုတော့ သိပ်တော့ ကိစ္စမရှိ။ ကိစ္စရှိသည်က ဟင်းချက်စရာဖြစ်သည်။ ဒီရက်ပိုင်း ပဲဟင်းတလှည့်၊ အသားတုတလှည့်ဆိုတော့ လျှာရင်းက မမြက်သည်မှာ ကြာပြီလေ။ ကိုက်လန်လေးနဲ့ ဝက်သားလေးကို ပါးပါးလှီးပြီး ကြော်စားလိုက်ရင်ကွာ ဆိုတဲ့အသိက ဦးနှောက်ကို သတင်းပို့တော့ ဗိုက်တွေပါ ဆာလာသည်။
“မောင်မိုးရေ၊ အလုပ်ရှိရင်ခေါ်ဦးကွာ” မောင်မိုးကို ကြိုပြောထားရမည်။ ဒီရက်ပိုင်းကတော့ တခြားအလုပ်တော့ သိပ်မရှိ။ အဲ ရှိသည်ကလည်း ကျောက် သွေးလောင်း တဲ့။ ကျောက်ခွဲစက် တဲ့။ သူရောက်ခါစကတော့ ကျောက်ခွဲစက်ကို တရက်လိုက်ဖူးသည်။ အိန္ဒိယစံတော်ချိန် မနက် ကိုးနာရီလောက်ကစပြီး ညနေ ငါးနာရီအထိ။ နေ့လယ် တနာရီလောက်မှ ထမင်းစားနားသည်။ ထမင်းစားနားချိန် ဆယ့်ငါးမိနစ်ခန့်မှလွဲရင် ကျန်တဲ့အချိန်က မနားရ။ ဆေးလိပ် သောက်လျှင်တောင် ခနရပ်ပြီး သောက်၊ ပြီးရင် ပြန်စ။
ဘာသာစကား အခက်အခဲကလည်း ရှိသည်။ မီဇိုးလူမျိုးများက အလုပ်ရှင်၊ သူတို့ရဲ့အောက်မှာက “မစ်သရီး” ခေါ် “ဘင်” များ။ “ဘင်” တွေက အလုပ်ကြပ် ဖြစ်သည်။ အလုပ်သမားခေါင်း ခေါ်မည်ထင်သည်။ တနေကုန်မနားကြ၊ အလုပ်နဲ့ လက်နဲ့မပြတ်အောင် လုပ်နိုင်သည့် လူမျိုးတွေဖြစ်သည်။ သူတို့ပြောတဲ့စကားနှစ်မျိုးလုံးကို ကိုယ်တွေက နားမလည်။ နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် လက်ဟန်ခြေဟန်ဖြင့် နားလည်မှုယူရသည်။
မင်းသား အာနိုးလို ဗလနဲ့လူကို ခေါ်ခိုင်းရင်တောင် ဆေးခန်းလိုက်ရမည့် အခြေအနေမှာ သူ တရက်လုပ်ပြီး ညနေပိုင်းရောက်တော့ ပျော့ခွေနေပြီ။ မခွေဘဲမနေ တောင်ကမ်းပါးယံကို ဖောက်ပြီး ယမ်းဖြင့်ခွဲသည်။ ပြီးတော့ ကျောက်များကို သူ့ သတ်မှတ်အရွယ်အစားအတိုင်း ထုကြ ခွဲကြ။ ပြီးရင် ကားပေါ်တင် ပေးလိုက်ရနဲ့ ညနေစောင်းတော့ အမေနဲ့ရွာကို သားမောင် လွမ်းပြီလေ။ နေ့စားခက ရူပီး ငါးရာ ရသည်။ မြန်မာငွေနဲ့ တွက်မည်ဆိုလျှင် နှစ်သောင်းခွဲခန့်။ ရုတ်တရက် တွေးကြည့်လျှင် မဆိုးဟု ထင်ရသော်လည်း သူ့စျေးနှုန်းနဲ့ရပြီး သူ့စျေးနှုန်းနဲ့ ပြန်ကုန်သွားတော့ ရရစားစား ဝါးဝါးမြိုမြိုသာ။
သူ့ထက် သက်သာသည်က ကျောက်သွေးလောင်းတဲ့။ ဆောက်လက်စ တိုက်များအတွက် ဘိလပ်မြေ၊ ကျောက် စသည်တို့ကိုဖျော်ပြီး စလစ်လောင်းရသည်။ သက်သာသည်ဆိုတာကလည်း အရင်ခေတ်က အင်္ဂလိပ်အထွက် ဂျပန်အတက်လိုသာ။ သိပ်တော့မထူးခြား။ ငါးထပ်အဆောက်အဦးပေါ်ကို ဘိလပ် မြေအိတ်တွေ ထမ်းတင်၊ ကျောက်တွေ ထမ်းတင်။ ပြီးရင် ဖျော်ပြီးလောင်း။ ဒီဒေသက သိတဲ့အတိုင်း တောင်ပေါ်မြို့လေးမှာမှ အထပ်မြင့်တိုက်တွေက ကျပ်သိပ်နေအောင် ဆောက်ထားသည်။ အလုပ်သမားခေါင်းတွေကလည်း မိမိတို့လို စစ်ဘေးရှောင်ဒုက္ခသည် အလုပ်သမားများအပေါ် ညှာတာရှာသည်။ ညနေ အလုပ်သိမ်းခါနီး လေးနာရီလောက်မှ ဘိလပ်မြေ အများကြီး ထပ်ဖျော်ပြန်သည်။ ထိုအခါဆိုရင်တော့ ည ရှစ်နာရီ၊ ကိုးနာရီမှ ကိုယ်နေတဲ့နေရာကို ပြန်ရောက်ရသည်။
ပင်ပန်းသည့် ရက်စွဲများကတော့ ကိုယ့်ရဲ့ပြက္ခဒိန်မှာ အပြည့်ဆိုတာမျိုး ဖြစ်နေသည်။ ဒါပေမယ့် အားလျှော့၍မဖြစ်။ တိုက်ပွဲဝင်နေသည့် လူငယ်ရဲဘော် လေးများ၊ အမာခံ ထောက်ပို့တပ်သားများကို အားနာရသည်။ မိမိမှာ CDMer တဦးဖြစ်သော်လည်း ကျည်လွတ်မြေမှာနေချိန်၊ ခေါင်းပေါ်မှာ လေယာဉ်ဖြတ် ပျံ၊ ဗုံးကြဲ၊ စစ်ကြောင်းထိုးနေသည့်ကြားမှာ နေကြရသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူများကို အားနာရသည်။
သူ စစရောက်ချင်းကတော့ နေ့စားလိုက်လုပ်ရတာ သိပ်တော့အဆင်မပြေ။ တပ် CDM ဆိုတော့ အရပ်သားအသိုင်းအဝိုင်းနှင့် ရုတ်တရက် နေသားမကျသလို ဖြစ်သည်ကလည်းတကြောင်း။ ဗမာစကားမပြောတတ်သော “ဘင်” များလက်အောက်တွင် အလုပ်လုပ်ရသည်ကလည်း အဆင်မပြေ။ သူတို့ဘာသာစကားနှင့် အော်ငေါက်ခိုင်းသည့်အခါတွင် ရင်ထဲက မခံချင်စိတ်များ တိုးထွက်လာသည်။ မြန်မာကွ ဆိုသည့် သခင်စိတ်ကလည်း အပြည့်ကျန်နေသေးသည်။ ဟုတ်သည်လေ … မြန်မာပြည်က ငတ်ပြတ်နေလို့၊ စားစရာသောက်စရာမရှိအောင် ဆင်းရဲနေလို့ အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရသည်မှ မဟုတ်ဘဲလေ။
စစ်အာဏာသိမ်းမှုသာ မလုပ်ခဲ့လျှင် သူတို့လည်း ဒီလို အပင်ပန်းအဆင်းရဲခံ၊ လူမျိုးခြားက ဆဲဆို ကြိမ်းမောင်းသည့်ဒဏ်ကို ခံရမည်မဟုတ်။ ဒီလိုတွေးတော့ ဟိုအကောင် လေးပေကိုးကို သတ်ချင်စိတ်ပေါ်လာသည်။ နေနှင့်ဦး တော်လှန်ရေးပြီးတဲ့ အချိန်ကျရင်တော့ ဒီမြေမှာ တစက္ကန့်လေးမှမနေဟု စိတ်ထဲကတွေးထားသည်။ ခေတ္တ ခိုလှုံခွင့်ရသည်အတွက်တော့ ကျေးဇူးတင်သည်။ သခင်စိတ်လေးလည်း မာန်ကိုယ့်ဖို့ရန် ချန်ထားရသည်။ အခက်အခဲတွေကြား ရင်ဆိုင်ရင်း စိတ်ဓာတ်တွေကျ၊ ခြေကုန်လက်ပန်းတွေကျရင် “အို ငါက ဘာအားငယ်စရာရှိလဲ။ အမှန်တရားအတွက် ရွေးချယ်ခဲ့တာပဲ။ ရဲရဲဆက်လျှောက်” ဆိုပြီး ကိုယ့်ကိုယ်ကို အားပေးရသည်။
ဒီစိတ်လေးတခုနဲ့ပဲ အချင်းချင်းအားပေးရင်း မိဘများ၊ ဆွေမျိုးများနှင့် အဝေးမှာ ကိုယ့်ကိုယ်ကို တည်ဆောက်ရသည်။ ဒီလအတွက် လုပ်စရာကတော့ သိပ်မကျန်တော့။ PRF ထောက်ပို့တပ်သားလည်း သွင်းပြီးပြီ။ နွေဦးထီ၊ အညာထီနှင့် ထောက်ပို့ထီလည်း ထိုးထားပြီးပြီ။ အလုပ်မသွားရသည့် ရက်များမှာလည်း အချိန်ပေးပြီး ကလစ်ထားပြီးပြီ။ ငွေကြေး သိပ်မတတ်နိုင်တော့ RCS လည်း ကူထားသည်။ နောက်နေ့ “မောင်မိုး” လာခေါ်ရင်တော့ဖြင့် အလုပ်လိုက်သွားမည်။ သူ ဒီရက်ပိုင်းမှာမှ ကိုက်လန်နှင့် ဝက်သားကြော်လေး စားချင်နေပါသည်။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*