
‘ခေတ်သစ် မပဋာစာရီ’

ဗုဒ္ဓစာပေနိပါတ်တော်တွေထဲမှာ ဖတ်ဖူးခဲ့ရတဲ့ မပဋာစာရီရဲ့ အကြောင်းကို လူအများစုသိကြမယ်ထင်ပါတယ်။ အင်မတန်မှသနားစရာကောင်းတဲ့ ဖြစ်ရပ်ဆိုတော့ ခေတ်အဆက်ဆက် ဇာတ်ထုပ်တွေ၊ ရာဇဝင်ရုပ်ရှင်တွေအဖြစ်လည်း အသက်သွင်း တင်ဆက်ခဲ့ကြရတယ်။ ဒီရုပ်ရှင်ဟာလည်း ခေတ်သစ်မပဋာစာရီ ဇာတ်ထုပ်အဖြစ်ပဲ တင်စားရမလား မသိပါဘူး။
ယခုဇာတ်လမ်းရဲ့မြစ်ဖျားခံရာက ကမ္ဘာ့အရှေ့အလယ်ရပ်ဝန်းက ဒေသတခုကို အခြေခံထားတာဖြစ်ပါတယ်။ လက်ဘနွန်ဘက်က ဒေသတွေလို့ဆိုရမှာပေါ့။ (ထိလွယ်ရှလွယ်အရေးတွေပါတာမို့ ဒါရိုက်တာဟာ အတိအကျ ဖော်ပြထားခြင်းမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်)။ ဇာတ်လမ်းရဲ့ အဓိက ပင်မ ဇာတ်ဆောင်က နော်ဝဲလ် လို့ အမည်သညာတွင်တဲ့ အမျိုးသမီးတယောက်။ သူမဟာ ရှေးရိုးစွဲခရစ်ယာန်မိသားစုဝင်ထဲက ဆင်းသက်လာသူလို့ ပြောရမယ်။ ဆိုရရင်လည်း သူမတို့ဒေသက မွတ်ဆလင်နဲ့ခရစ်ယာန်ဘာသာဝင်တွေအများစုတွေ နေထိုင်ကူးလူးမှုက တစောင်းစေးနဲ့မျက်ချေး။ မွတ်ဆလင်တွေက ခရစ်ယာန်တွေဆိုရင် သတ်မယ်ဖြတ်မယ်။ ခရစ်ယာန်တွေကလည်း သူတို့ဘာသာဝင်မိသားစုတွေနဲ့ မွတ်ဆလင်သွေးမရောရ။ ဖြစ်လာရင် လွတ်မြောက်ရာလမ်းက သေလမ်းပဲ ရှိတယ်။
နော်ဝဲလ်ရဲ့ အချစ်ကံဖူးစာဟာ စကတည်းက ကံမကောင်းမှုတွေနဲ့ ဖြစ်တည်လာခဲ့ရပါတယ်။ သူမချစ်မိသွားတဲ့ကောင်လေးက ရွှေ့ပြောင်းဒုက္ခသည်ဘဝနဲ့ ရောက်ရှိလာခဲ့တဲ့ မွတ်ဆလင်ဘာသာဝင်ကောင်လေး။ အချစ်မှာဘာသာတရားရဲ့ပိုင်းကန့်မှု က ဘာတွေအရေးပါလို့လဲ။ ပညာတတ်ခေတ်မီတဲ့အမြင်ရှိတဲ့ နော်ဝဲလ်ဟာ ဘာသာမတူလို့ မပေါင်းဖက်ရမဲ့ အရေးကို လက်မခံပါ။ အဲဒီကောင်လေးနဲ့ တခြားတနေရာကို ထွက်ပြေးဖို့ ကြံရွယ်ကြတယ်။ သူမမှာ ကိုယ်ဝန်လည်းရနေပြီလေ။ဒါပေမဲ့ အကိုတွေနဲ့ပဲ အသောနှင်ထွက်ခွာမဲ့ခရီးအစမှာတင် ဆုံဆည်းကြရပြန်တယ်။ ဘာသာတရားအစွန်းရောက်သွေးထိုးမှုတွေနဲ့ လူဖြစ်လာတဲ့သူ့အကိုတွေဟာ ဒေါသတကြီးနဲ့ပဲ ချစ်သူကောင်လေးကို ပစ်သတ်လိုက်ကြတယ်။ ပြီးတော့ နော်ဝဲလ်ကိုလည်း ပစ်သတ်ဖို့တာစူနေချိန်မှာ အဖွားကလာကယ်လို့ လွတ်မြောက်သွားရတယ်။
နော်ဝဲလ်ရဲ့ ဘဝခရီးကြမ်းတွေထဲကို အတောမသတ်ဘဲ ဝင်လာတော့မယ့် မိုးသက်မုန်တိုင်းတွေလှိုင်းတံပိုးတွေက ခုမှကနဦးအဖျားခတ်မှု အစလေးပဲလို့ ဆိုရမှာပါ။ နော်ဝဲလ်ဟာ အခက်အခဲတွေကြားကနေ သားကလေးကို မွေးခဲ့တယ်။ ဘာသာမတူတဲ့ရပ်ဝန်းကြားမွေးလာတဲ့ကလေး ဖြစ်လို့ ဆက်ထားလို့မဖြစ်တာမို့ သွေးတွေရွှဲရွှဲစိုနေတဲ့မွေးလက်စမှာတင် အဖွားကြီးခမျာမှာ မိဘမဲ့ကျောင်းကို ပို့ဖို့ချက်ချင်း စီစဉ်လိုက်ရပါတယ်။ အဲဒီမှာတင် နော်ဝဲလ်ဟာ မိမိရဲ့သားကလေးအတွက် ရင်နင့်အောင် ငိုကြွေးရပြန်တော့တယ်။ ပထမ တခါက ချစ်လင်သေဆုံးရမှုအတွက် ငိုကြွေးခဲ့ရတယ်။ ယခုထက်ထိ မျက်ရည်မတိတ်ရသေးတဲ့ နော်ဝဲလ်ရဲ့ ဘဝအစ။
ဒီလိုနဲ့ နှစ်အနည်းငယ်ကြာလာတဲ့အခါမှာ သူမက ပိုမိုရင့်ကျက်တဲ့အမျိုးသမီးဖားဖား တစ်ယောက်ဖြစ်လာပြီ။ 1980 ဝန်းကျင်ကာလ၊ အီရန် ဒရတ်ရ်ှမြို့မှာ တက္ကသိုလ်ပညာသင်နေတုန်းမှာပဲ ပြည်တွင်းစစ်မီးတွေစတင် ( 1980*ရုပ်ရှင်ထဲမှာထည့်ပြောထားတာမရှိပေမဲ့ အခြေခံထားတဲ့အဖြစ်အပျက်တွေအကြောင်းကို ဖတ်ရှု့ရမှု အရ 1980လို့ မှန်းခြေအနေနဲ့ ထည့်ရေးလိုက်ရခြင်းဖြစ်တယ်) ဖြစ်ပွားလာပြီ။ နေရာအနှံ့မှာ စစ်တပ်က တင့်ကားတွေ။ လက်နက်ကိုင်တွေ။ အရပ်သားတွေရဲ့ အော်ဟစ်ဆန္ဒပြသံတွေ။ မောင်းပြန်သေနတ်တွေဆီက ကျည်ဆန်ထွက်သံတွေကို ဟိုမှသည်မှ ကြားလာရပြီ။ ဒီအခါမျိုးမှာ နော်ဝဲလ်သတိရမိတာက သားလေးပဲ ဖြစ်မှာပေါ့။ သားကလေးရဲ့ မိဘမဲ့ကျောင်းဟာ လုံခြုံပါ့မလား။ ရှိနေပါ့ဦးမလား။ စိုးရိမ်သောကစိတ်နဲ့ တကယ်လည်းသွားရောက်ခဲ့ချိန်မှာတော့ ကျောင်းကလေးဟာ ဗုံးဒဏ်အောက်မှာ တစစီကြေမွနေပါပြီ။
နော်ဝဲလ်ရဲ့အတွေးအခေါ်ခံယူမှုတွေကို ပြောင်းလဲသွားမှုက သူမတို့စီးလာတဲ့ဘတ်စ်ကားထဲက အပြစ်မဲ့ မွတ်ဆလင်ဘာသာဝင်တွေကို ပစ်ခတ်သတ်ဖြတ်ပြီး မီးနဲ့ရှို့တဲ့ဖြစ်ရပ်ပါပဲ။ သူမကိုတော့ လက်ဝါးကပ်တိုင်လေးမြင်ကြလို့ ခရစ်ယာန်ဘာသာရေးအစွန်းရောက်တွေဟာ ဘေးမဲ့ပေးလိုက်ကြတယ်။ အစွန်းရောက်တွေဟာ သူမရှေ့မှာတင် ကလေးရော လူကြီးပါမချန် ရက်ရက်စက်စက်သတ်ဖြတ်ကြတယ်။ မောင်းပြန်သေနတ်တွေအနားမှာ ကပ်ထားတဲ့ပုံတွေက ယေရှု ခရစ်တော်ပုံတွေ။
ဒိနောက်မှာတော့ နော်လ်ဝဲလ်ဘဝခရီးလမ်းက ဆင့်ကဲ မုန်တိုင်းတွေပါ ထပ်မံဝင်ရောက်လာပြန်ပါတော့တယ်။
အထက်က အဖြစ်သနစ်တွေက အမျိုးသမီး နော်လ်ဝဲလ်ရဲ့ ပြီးခဲ့လတ္တံ့သော အတိတ်တွေလို့ ပြောရပါ့မယ်။ လက်ရှိကာလမှာတော့ ကနေဒါမှာ သားသမီးအမြွှာနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ နော်လ်ဝဲလ်ဟာ သားသမီးတွေအတွက် အကျိုးဆောင်ဖြစ်သူကနေတဆင့် သူမရဲ့အံ့သြစရာလျှို့ဝှက်ချက်တွေ။ ရှုပ်ထွေးလှတဲ့နောက်ကြောင်းတွေပြည့်နှက်နေတဲ့ ကိစ္စရပ်တွေကို သားသမီးတွေ သိစေရန်နဲ့စာတွေကိုလည်း ချိတ်ပိတ်ပြီး ချန်ထားရစ်ခဲ့ပါတယ်။ ဒီစာတွေကို သူတို့ရဲ့ မအေတူ ဖအေကွဲဖြစ်ပုံရမဲ့ အကိုဖြစ်သူကိုရှာဖွေတွေ့ရှိမှ သူ့အတွက်တစောင် ၊ ကျန်တစောင်ကိုတော့ သူတို့အမြွှာမောင်နှစ်မနှစ်ယောက်ဟာ ဖတ်ရှု့ရင်း ဘယ်သူမှန်းသေချာမသိတဲ့ ဖခင်ဖြစ်သူကို သိစေရမှာဖြစ်ပါတယ်။
ဒီကိစ္စတွေကို တခုချင်းဖော်ထုတ်ဖို့အတွက် သားသမီးနှစ်ယောက်မှာ တာဝန်ရှိလာခဲ့တယ်။ သူတို့ရဲ့မေမေဟာ အတိတ်မှာဘာတွေဖြစ်ခဲ့သလဲ။ ဘယ်လောက်ရှုပ်ထွေးခဲ့တဲ့ ကြောက်မက်ဖွယ်ရာ နောက်ကြောင်းတွေ ရှိခဲ့သလဲ။ နောက်ပြီးတော့ ဘာကြောင့်များ မိခင်ဖြစ်သူက ပဟေဠိဆန်ဆန်စာတွေကို ထားပစ်ခဲ့တာလဲ စတဲ့အကြောင်းတရားတွေကို သိစေဖို့ ဖော်ပြတဲ့အကြောင်းအရာတွေ။ ဖြေးဖြေးချင်းဆက်စပ်လာမှုတွေကို ဇာတ်ကောင်တွေနဲ့အတူ မြင်သိလာရမှုတွေဟာ ယခုရုပ်ရှင်ရဲ့ အကောင်းဆုံးအစိတ်အပိုင်းတွေ မှောင်အတိအကျဆုံး အကြောင်းအရာတွေ ဖြစ်လာခဲ့ပါတယ်။
ဇာတ်လမ်းသဘောတရားအရ ပရိသတ်ကို ကြည့်ချင်အောင် ဇာတ်လမ်းတခုလုံးအတွက် ဇာတ်ညွှန်းပညာရပ်ကို ကျကျနနအသုံးချပြီး မွှေနှောက်ထားနိုင်တာကြောင့် ဝေဖန်ရေးဆရာတွေအကြိုက်ဖြစ်လာစရာ ရှိပေတဲ့ သိစေလိုတဲ့ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ ခံစားသူတွေ မေ့ချန်ခဲ့လို့မရပါဘူး။ ဒါရိုက်တာဖြစ်သူဟာ နောက်ခံသမိုင်းကြောင်းဖြစ်ရပ်မှန်တွေကိုအခြေခံလောက်သာရယူထားပြီးတော့ နော်ဝဲလ်ရဲ့ဘဝဖြစ်ရပ်ကိုသာ အဓိကထားတင်ပြခဲ့ပေမယ့် ခုလို ဖြစ်ရပ်ဆိုးတွေ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာဟာ ဘာသာရေးနောက်ခံ စစ်ပွဲတွေကြောင့် မဟုတ်လား။ ဒါပေမဲ့လည်း လူသားတွေက ခုထက်ထိ ဘာသာရေးအကြောင်းပြလိုက် လူမျိုးမတူတာအကြောင်းပြလိုက်နဲ့ တိုက်ခိုက်သတ်ဖြတ်နေဆဲ။ ဒီရုပ်ရှင်ထဲက ဘတ်စ်ကားကို ဖမ်းဆီးပြီး သတ်ဖြတ်ကြတဲ့ ဇာတ်ဝင်ခန်းဟာ တကယ့်ရှော့ခ် ဖြစ်စေရပါတယ်။ ယင်း ဇာတ်ဝင်ခန်းဟာ ကျနော်တို့ဆီက အာဏာလု မှိုင်းတိုက်မှုတွေကြားမှာ ဓားစာခံသဖွယ် ဖြစ်ခဲ့ရတဲ့ ဘာသာရေးပဋိပက္ခမြင်ကွင်းတွေကို ပြန်လည်မှတ်မိစေလိမ့်မယ်။ မီးပုံပျံတလုံးကို မှိုင်းတိုက်ထားသကဲ့သို့ ဒေါသမီးလျှံတွေ၊ သွေးထိုးမြှောက်ပင့်ထားတဲ့ စကားလုံးတွေအောက်မှာ ကျားရိုးသွေးတိုက်ထားတဲ့ ခွေးများသဖွယ် ဘာမဆို လက်မရွံ့စတမ်း လုပ်ဖို့ တက်ကြွအဆင်သင့် ဖြစ်နေကြတဲ့ လူအုပ်ကြီးတချို့ကို ပြန်ပြောင်းမှတ်မိကြပါလိမ့်မယ်။ ဆိုတော့ ဒီပြကွက်ဟာ မျက်မှောက်ခေတ်ရဲ့ မှောင်အတိချယ်ထားတဲ့ ဘာသာရေးနောက်ခံ သတ်ဖြတ်ပွဲတွေကို ထပ်တူ ပြဆိုထားတဲ့ ပြကွက်တခု ဖြစ်လာစေခဲ့ပါတယ်။
ကျွန်တော်တို့ ပရိသတ်တွေမှာ နော်ဝဲလ်ရဲ့နောက်ကို လိုက်ပါရင်းနဲ့ ရှေ့မိနစ်တွေဆီကို ဆက်သွားဖို့အတွက် အားအတော်တင်းခဲ့ရတယ်။ ထိတ်လန့်ကြောက်ရွံ့လာလို့ ခေတ္တကလေး ရပ်တန့်ထားရပါတယ်။ သူမရဲ့ခိုင်မာလွန်းလှတဲ့ စိတ်ဓါတ်တွေအတွက်လည်း အံ့သြရင်း အားကျခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်တွေကြား လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ရသူတွေ။ လမ်းပျောက်သလိုဖြစ်ခဲ့ပေမယ့် မိမိဘာသာလမ်းကိုပြန်ဖောက်ပြီး လမ်းလျှောက်ခဲ့တဲ့ လူသားတွေ ဟောဒီကမ္ဘာမှာ နှောင်းလူများအတွက် မှတ်တိုင်တခုအဖြစ် သမိုင်းသင်ခန်းစာတွေပေးခဲ့ကြတယ်။ သူမလည်း ထို့အတူပါပဲ။ ကျနော်တို့ဘဝမှာရော နော်ဝဲလ်လို ဆိုးဝါးတဲ့ဖြတ်သန်းမှုလိုမျိုး ဖြစ်လာရ ကြုံတွေ့လာခဲ့ရရင်ကော။ ဇာတ်လမ်းသဘောတရားအရ သူမရဲ့ ဇာတ်ကြောင်းနောက်ခံက ဆိုးဝါးလွန်းလှလို့ ယုံကြည်ဖို့ခဲယဉ်းနိုင်စရာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ယခုရုပ်ရှင်ထဲက နော်ဝဲလ်ဟာ တကယ်ရှိနေတဲ့ လက်ဘနွန် နိုင်ငံရေးတက်ကြွ အမျိုးသမီး Souha Bechara ရဲ့ဖြစ်ရပ်တွေကို ပြန်ပြောင်းအခြေခံထားတာဖြစ်တယ်။
ကျနော့်မှာတော့ အဆုံးထိကြည့်ရင်း ဆွံ့အ ကြက်သေသေသွားရဲ့ စိတ်ခံစားမှုတွေနဲ့သာ သူမလိုဘဝမျိုးသာ ကြုံကြိုက်ခဲ့ရရင် ဘယ်လိုအတွေးတွေ၊ ခံယူချက်တွေကို ထည့်သွင်းရင်းနဲ့ပဲ ရှေ့ဆက်သွားရမလဲ အစမ်းသဘောကလေး တွေးမိတောင်တောင် ဆက်တွေးလို့မရ။ မတွေးရဲတော့။ သူမကတော့ ဒိမျှ ရွံရှာစက်ဆုပ်ဖွယ် လူ့ဘဝကို ခါမချပစ်ဘဲ ရှေ့ဆက်ပစ်နိုင်ခဲ့ပါသတဲ့။ ငေးရင်းနဲ့သာ ခုလို ဘာသာရေး ၊ မိမိတို့ ကိုယ်ကျိုးစီးပွား လုပ်ပိုင်ခွင့် အာဏာကို အကြောင်းပြုရင်း ဖြစ်ပေါ်နေကြရတဲ့ မျက်မှောက်ခေတ် စစ်ပွဲတွေ သတ်ဖြတ်ပွဲတွေထဲမှာ နော်ဝယ်လ်လို အမျိုးသမီးတွေရဲ့ ဘဝမျိုးတွေ ဘယ်လောက်ထိတောင် ကြုံကြိုက်ခဲ့ရပြီလဲမသိ။
ယခုရုပ်ရှင်ဟာ ကနေဒီယံနွယ်ဖွား ဒါရိုက်တာကြီး Denis Villeneuve ရဲ့ ဟောလိဝုဒ်အော်စကာဆန်ကာတင် နိုင်ငံရပ်ခြားအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်လာခဲ့သလို မိခင်ကနေဒါနိုင်ငံမှာလည်း 2011ရဲ့ ထူးချွန်အများကြီးရတဲ့ ရုပ်ရှင်ဖြစ်လာခဲ့ပြီး သူ့ရဲ့ဟောလိဝုဒ်စာမေးပွဲအလိုလိုအောင်ပြီးသား မှတ်တိုင်တခုဖြစ်လာတယ်လို့လည်း ဆိုနိုင်စရာရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ ဟောလိဝုဒ်ကထိပ်တန်းသရုပ်ဆောင်တွေ ကုမ္ပဏီတွေနဲ့အတူ Enemy | Prisoners | Arrival | Sicario | Blade Runner 2049 စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဆက်တိုက်ရိုက်ကူးတင်ဆက်နိုင်ခဲ့ပါတယ်။
ရုပ်ရှင်ရည်ညွှန်း – Incendies Movie ( 2011 )
Be the first to comment