
“ခေါ်သံ”

အမေဟု ခေါ်သံအကြားမှာ မိခင်သည် ထိတ်လန့်စွာ နိုးထသွားသည်။ သား၏ခေါ်သံသည် မိခင်အတွက် လွန်စွာ ထိတ်လန့်ဖွယ်ပင်။
သားသည် ညစဥ်ညတိုင်း မိခင့်အား အမေဟု ခေါ်မြည်တမ်းခဲ့သည်။ သား၏ခေါ်သံကြားတိုင်း မိခင်သည် သားအတွက် ရတက်မအေးဖြစ်ကာ သားကွယ်လွန်ပြီးကတည်းက ယနေ့ညအထိ အမျှဝေပေးခဲ့သည်။ သား၏ ရက်လည်တင်မက တလပြည့်၊ နှစ်လပြည့် စသဖြင့် ရေစက်ချ ပင့်ဖိတ်တရားနာပွဲ ကျင်းပပြီး အမျှဝေခဲ့ရုံမက အိမ်က ဘုရားစင်ရှေ့တွင် နံနက်ဆွမ်း၊ နေ့လယ်ဆွမ်းအပြင် ရေချမ်း၊ ပန်း၊ ဆီမီး စသဖြင့် ကပ်လှူပြီး သား၏နာမည်ကိုခေါ်ကာ အမျှဝေခဲ့သည်။ မိခင်၏ အမျှဝေသံကိုကြားပြီး သားလည်း သာဓုခေါ်ကာ ကျွတ်လွတ်လိမ့်မည်ဟု ယူဆသည်။
သို့ပါသော်လည်း သားက ညစဥ်ညတိုင်း မိခင်အား အမေဟု ခေါ်မြဲ။ မိခင်သည်လည်း သား၏ အမေဟု ခေါ်သံကြားတိုင်း ထိတ်လန့်စွာ နိုးထမြဲပင်။
သားသည် မကျွတ်လွတ်နိုင်သေး၊ နာနာဘာဝ တစ္ဆေဖြစ်နေမြဲ။ သားက တစ္ဆေဘဝနှင့် အမေဟုခေါ်ပြီး ခြောက်လှန့်သောကြောင့် မိခင်သည် လန့်ပြီး နိုးထရခြင်း မဟုတ်ပေ။ သားဖြစ်သူ တစ္ဆေဘဝနှင့် မကျွတ်လွတ်နိုင် ဖြစ်နေသည်ကို သိလိုက်ရတိုင်း မိခင်သည် ထိတ်လန့်ရသည်။ ကြောက်လန့်ရသည်။ သားဖြစ် သူ နှစ်ပေါင်း ကုဋေကုဋာ မကျွတ်မလွတ်ဘဲ ဖြစ်နေတော့မည်လား။ သားဖြစ်သူ မကျွတ်လွတ်ခင် မိခင်ဆုံးသွားလျှင် သားအား ဘယ်သူက အမျှဝေပါတော့မည်လဲ။ သားကို ကျွတ်လွတ်အောင် ဘယ်သူက ရေစက်ချပါတော့မည်လဲ။ မိခင်မသေခင် သားဖြစ်သူကို ကျွတ်လွတ်စေချင်ပါသည်။ မိခင်ဆုံးသွားသည်အထိ သားဖြစ်သူ မကျွတ်လွတ်မှာကို မိခင် အကြောက်လန့်ဆုံး ဖြစ်ရသည်။ ထို့ကြောင့်သာ ညည သားက အမေဟု လာလာခေါ်လေတိုင်း သားဖြစ်သူ မကျွတ်လွတ်မှန်း သိသဖြင့် မိခင် ထိတ်လန့်ရခြင်းဖြစ်သည်။ ရင်လည်း နာရသည်။ ရင်ထုမနာဖြစ်ပြီး ငိုရသည်။
သားကို ကျွတ်လွတ်အောင် မည်သို့ ကြံရပါ့။ သားကလေးရေ ပြည်ပရောက် သားကလေးရဲ့ အကိုနှစ်ယောက်ကလည်း လစာကောင်းတော့ အမေတို့ ပြေပြေလည်လည် နေရရုံတင်မကဘူး ပိုပိုလျှံလျှံတောင် နေရတာ သားကလေးအသိပဲ မဟုတ်လား၊ သားကလေးရဲ့ အဖေကလည်း နေ့စဥ် လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး ကျန်းမာအောင် နေနေတယ်။ သားရဲ့အမကလည်း အိမ်အလုပ်မှန်သမျှ အကုန်ဝင်လုပ်ပေးနေတော့ အမေ အေးဆေးသက်သာ နေရတယ် လေ၊ အမေတို့အတွက် ဘာမှ ရတက်မအေးစရာ မလိုဘူးလေကွယ်၊ သားကလေးမရှိလည်း အမေတို့ နေတတ်ပါပြီ၊ ဒါကြောင့် သားကလေးသာ သွားစရာရှိတာ သွားပါကွယ်၊ လွတ်လွတ်လပ်လပ် သွားလိုက်ပါ၊ တကယ်ဆို သားကလေးအတွက်ပဲ အမေတို့ ပူပန်နေရတာပါ၊ သားကလေးကို မကျွတ်မလွတ်တဲ့ ဘဝနဲ့ ဖြစ်နေတာ သိရတိုင်း အမေတို့ ရင်ကွဲနာ ကျရပါတယ်ကွယ်၊ သားကလေးရဲ့ လက်ရှိအဖြစ်ကို သိရတိုင်း အမေတို့ခံစားရတဲ့ ခံစားချက်က သားကလေး မရှိတော့ဘူးလို့ အမေတို့ စပြီး သိခဲ့ရတုန်းက ခံစားချက်ထက် အများကြီး ပူလောင်ပါတယ်၊ ဒါ့ကြောင့် သားကလေးရေ အမေတို့ပြုသမျှ ကုသိုလ် ကောင်းမှုတွေကို သာဓုခေါ်ပြီး ကောင်းရာဘုံဘဝမှာ စံမြန်းလိုက်ပါကွယ် … အမျှ အမျှ အမျှ … ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု … သည်သို့ မိခင်က နေ့စဥ် အမျှဝေပါသော်လည်း ထူးမခြားနား။
အိပ်မက်တွေ မက်ပြန်ပြီလားဟု မိခင်၏ ငိုရှိုက်သံကို ကြားသောကြောင့် နိုးလာသော ဖခင်က မေးလေသည်။ ကျမအကြံတွေလည်း ကုန်ပါပြီ၊ သားကလေးကို ကျွတ်လွတ်အောင် ဘယ်လိုကြံရပါ့၊ စာတွေ ပေတွေထဲမှာလို ကျမသားလေး နာနာဘာဝ ဘဝနဲ့ ကမ္ဘာများစွာ မကျွတ်မလွတ်ဘဲနေရင် ဘယ့်နှယ်လုပ်မလဲရှင်၊ ကျမသားလေးကို ကျွတ်လွတ်အောင် ဘာဆက်လုပ်ရပါ့မလဲ … မိခင်သည် ရင်ထုမနာဖြစ်လျက် ပြောလေသည်။ မင်းဖာသာ တရားတွေ လျှောက်ယုံစားပြီး လျှောက်တွေးပူနေတာပါ၊ သုံးနှစ်တောင် ကြာခဲ့ပြီပဲ၊ မင်းလည်း နေ့တိုင်း အမျှဝေနေတာပဲလေ၊ တကယ်မကျွတ်မလွတ်ရင် သာဓုခေါ်ပြီးရောပေါ့၊ မင်းက တအားစိတ်စွဲနေလို့ ခေါ်သံကြားတာပါ။ မဟုတ်ဘူးရှင့် ကျမသားရဲ့ အသံအစစ်ပါ။ ကျမသားလေး ကျမဘေးမှာ ရှိနေပါတယ်။ အမေကို သိပ်ချစ်တဲ့ သားကလေး အမေ့နားကနေ မခွာနိုင်ဖြစ်နေတာ၊ အဲဒီတုန်းက ကျမသားလေးကို အပါခေါ်ခဲ့ရမှာ၊ မရရတဲ့နည်းနဲ့ကို အပါခေါ်ခဲ့ရမှာ။ ကျမ အရမ်းနောင်တရတာပဲ။ မိခင်သည် ပြောရင်း ငိုရှိုက်ရင်း အတိတ်ကို ပြေးမြင်နေခဲ့သည်။
၁.၂.၂၀၂၁ ခုနှစ်တုန်းက မိခင်တို့မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်အား ခုခံတွန်းလှန်မည့် ပီဒီအက်ဖ်အဖွဲ့များလည်း ပေါ်ပေါက်ခဲ့ပါသည်။ အာဏာသိမ်းစစ်တပ်၏ ရက်စက်မှု ယုတ်မာမှုများစွာကို မိခင်တို့ တောရွာလေးလည်း အလူးအလဲ ခံခဲ့ရသည်။ သည့်ကြောင့် မိခင်တို့သည် တောရွာကိုစွန့်ခွာပြီး မြို့အရပ်သို့ မိသားစုလိုက် တိမ်းရှောင်ဖို့ စီစဥ်ခဲ့သည်။ မိခင်တို့သည် ပြည်ပရောက် သားကြီးနှစ်ယောက်၏ လစာကောင်းမှုကြောင့် ရွာတွင် စတိုးဆိုင်ကြီး ဖွင့်နိုင်ခဲ့သလို မြို့ကြီးပေါ်တွင်လည်း တိုက်အိမ်ကြီး ဆောက်နိုင်ခဲ့သည်။ သို့ပါသော်လည်း မိခင်သည် တောသူမို့ တောအရပ် ကို မစွန့်ခွာနိုင်ဖြစ်ကာ တောမှာ စတိုးဆိုင်ကြီးဖွင့်ပြီး အေးအေးသက်သာ နေခဲ့သည်။ ယခုတော့ မနေနိုင်တော့။ အာဏာသိမ်းစစ်တပ်က တောရွာများကို မွှေနှောက် လုယက် ယူငင် မီးရှို့ဖျက်ဆီး ပြုလုပ်နေသောကြောင့် မြို့ကြီးပေါ်က တိုက်အိမ်ကြီးဆီသို့ ပြောင်းရွှေ့ရတော့မည်။
သားကလေးက မလိုက်ဘူးတဲ့။ အိမ်စောင့်ရင်း နေရစ်ခဲ့ပါမည်တဲ့။ ရွာမှာက သည့်ထက် အခြေအနေများစွာ မဆိုးသေးသောကြောင့် နေခွင့်ရတုန်းလေး နေခဲ့ပါမည်။ အခြေအနေ အရမ်းကြီးဆိုးပြီး နေလို့မရသည့်အခါမှ မိခင်တို့ဆီ လိုက်လာခဲ့ပါမည်တဲ့။
သားကလေး၏ လိမ်လည်သောစကားကို မိခင် ယုံစားခဲ့မိသည်။ ဪ သားကလေး သားကလေး။ ငွေကြေးဥစ္စာဓနများစွာကို မမက်မောသော သားကလေး။ နှမြောတွန့်တိုစိတ်လည်း မရှိသော သားကလေး။ မာန်မာနမရှိ၊ မော်ကြွားမှုမရှိ၊ လူတကာကို တန်းတူ ဆက်ဆံတတ်သော ကြင်နာစိတ်ထားရှိသည့် သားကလေး။ သားကလေး၏ သည်စိတ်ဓာတ်မျိုးရှိမှန်း သိလိုက်ကတည်းက သားကလေး၏ ရည်ရွယ်ချက်ကို မိခင် ရိပ်စားမိခဲ့ရမှာ။ သားကလေးဟာ ပီဒီအက်ဖ်အဖွဲ့ထဲဝင်ဖို့ စိတ်ကူးနဲ့ နေရစ်ခဲ့မှန်း မိခင် နောင်ကျမှ သိခဲ့ရသည်။
အင်းလေ၊ သားကလေးက လိမ်ညာမှာပေါ့။ သားကလေးသာ အမှန်အတိုင်း ဖွင့်ပြောခဲ့လျှင် မိခင်က လုံးဝ ခွင့်ပြုမည်မဟုတ်မှန်း သားကလေး သိထားခဲ့မှာပေါ့။ သည့်ကြောင့်လည်း အိမ်စောင့်နေခဲ့မည် ဆင်ခြေနှင့် မိခင်တို့ ထွက်သွားသွားချင်း ပီဒီအက်ဖ်တပ်ဖွဲ့ဆီ ပြေးဝင်ခဲ့ပြီပဲ။ မကြာဘူး မာန်မာနမရှိ၊ မော်ကြွားမှုမရှိ၊ လူတကာကို တန်းတူ ဆက်ဆံတတ်သော ကြင်နာစိတ်ထားရှိသည့် သားကလေးဟာ တိုင်းပြည်အတွက် အသက်စွန့်သည့် စိတ်ထားပင် ရှိခဲ့မှန်း မိခင်တို့ကို ပြသသွားခဲ့ပြီ။ လေယာဥ်ပေါ်ကနေပစ်သည့် ကျည်ဆန်ဟာ သားကလေး၏ ဦးခေါင်းနှင့် လည်ပင်းကို ဖောက်ဝင်သွားခဲ့သည်တဲ့လေ။
သုံးနှစ်ကျော်လို့ လေးနှစ်နီးပါးပင် ကြာခဲ့ပါပြီ။ မိခင်တို့ တောအရပ်တွင် နယ်မြေစိုးမိုးနိုင်ခဲ့ပြီဖြစ်သဖြင့် တောကိုခင်တွယ်သော မိခင်တို့လည်း ပြန်လည် ပြောင်းရွှေ့လာခဲ့ပါပြီ။
တနေ့တွင် ရွာထဲမှ အမျိုးသမီးငယ်လေးတဦးသည် မိခင်တို့အိမ်သို့ ပေါက်ချလာခဲ့သည်။ သည်အမျိုးသမီးငယ်လေးကို မိခင်သိပါသည်။ သား၏ ကျောင်းနေဖက် သူငယ်ချင်းလေး။ တလောလေးကပဲ ပီဒီအက်ဖ်တယောက်နှင့် အကျဥ်းချုံးလေး လက်ထပ်သွားတာ သိခဲ့ရသည်။ အမျိုးသမီးငယ်လေးက ပြောလာခဲ့သည်။
“ကျမ အရီးတို့ကို ပြောသင့်မသင့် အများကြီးစဥ်းစားပြီးမှ ရောက်လာခဲ့တာပါ။ တော်ကြာ ပြည့်စုံတဲ့ အရီးတို့က ကျမက တခုခုလိုချင်လို့ လီဆယ်ပြီး လာပြောတယ် ထင်နေမှာလည်း စိုးပါတယ်။ ကျမသူငယ်ချင်း အရီးတို့သားက တောင်းဆိုလို့ ကျမလည်း သူ့ကို သနားပြီး ရောက်လာခဲ့တာပါ။”
“ဟင် အရီးတို့သား ဟုတ်လား၊ ဘယ်သားလဲဟင်။”
“အငယ်ကောင်လေ၊ ကျမသူငယ်ချင်း။”
“ဟင် သားကလေး ဘာဖြစ်လို့လဲ၊ သမီးကို အိပ်မက်ပေးလို့လားဟင်၊ ပြောပါ၊ သားကလေးအကြောင်းဆို အရီးယုံပါတယ်။”
“ဟုတ်တယ်အရီး၊ သူ သမီးကို အိပ်မက်ပေးတယ်၊ အိပ်မက်ထဲမှာ သူ သမီးကို လာပြောတယ်၊ ငါ နင့်ဗိုက်ထဲမှာ ဝင်စားပါရစေတဲ့၊ နင့်ယောကျ်ားက ပီဒီအက်ဖ်ဖြစ်တော့ ငါ ပီဒီအက်ဖ်တယောက်ရဲ့ သားဖြစ်ချင်တယ်တဲ့၊ ငါ အစက အာဏာရှင်သေမှ သာဓုခေါ်မလို့ပါပဲ။ အာဏာရှင်သေတာကို ငါမြင်ချင်တယ် လေ၊ ဒါ့ကြောင့်လည်း ငါ့အမေက နေ့တိုင်း အမျှဝေတာကို သာဓုမခေါ်ခဲ့ဘူး၊ ဒါပေမယ့်လေ ငါ့အမေရဲ့ မျက်ရည်တွေမြင်ရတိုင်း အမေ့ကို သနားတယ်။ ဒါ့ကြောင့် သာဓုခေါ်ချင်လာတယ်။ ဒါပေမယ့်လည်း အာဏာရှင်သေမှသာ သာဓုခေါ်မယ်လို့ ဆုံးဖြတ်ထားပြန်သေးတော့ အမေ့အဖြစ်ကို ရင်နာနာနဲ့ မြင်ရပေမယ့်လည်း နှုတ်ပိတ်နေခဲ့ရတယ်။ နောက်တော့မှ ငါစဥ်စားလိုက်မိတယ်။ ငါ အာဏာရှင်သေတာကို စောင့်နေတာက သတ္တိကြောင်ရာ ကျမနေဘူးလားလို့၊ အာဏာရှင်ဟာ ဘယ်နေ့သေမယ် မသိရဘူးလေ၊ အဲဒါကြောင့် အာဏာရှင်သေတာကို စောင့်မနေဘဲ တော်လှန်ရေးသမားရဲ့ သားအဖြစ် ဝင်စားပြီး အရွယ် ရောက်လာလာချင်း အာဏာရှင်ကို ခုခံမယ်လို့ပေါ့၊ သူ သမီးကို အဲ့လိုပြောခဲ့တာ အရီး၊ ဒါပေမယ့် သမီးက ခွင့်မပြုခဲ့သေးပါဘူး၊ ဒါ့ကြောင့်လည်း သူ့ကို ပြန်ပြောခဲ့တယ်၊ နင့်သဘောက အဲ့လိုဆိုပေမယ့် ငါ့လင်ကလည်း ပီဒီအက်ဖ်ဆိုတော့ ငါတို့ဘဝက ဘာမှမပြည့်စုံဘူး၊ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေခဲ့ရတဲ့ နင့်ကို ငါ့လို မပြည့်စုံတဲ့ဘဝထဲ ဆွဲမခေါ်ရက်ပါဘူးဟာ၊ နင့်အမေကိုဖြစ်ဖြစ် ခွင့်တောင်းချင်သေးတယ်လို့၊ ငါ့လို မပြည့်စုံတဲ့ဘဝမှာ နင့်ကို နင့်အမေ မြင်ချင်မှာမဟုတ်ဘူးလို့၊ သမီး အဲ့လို ပြန်ပြောခဲ့တာပါအရီး။”
ထိုစကားများကို မိခင်သည် မျက်စိစုံမှိတ်ကာ မျက်ရည်လည်ရွဲဖြင့် နားထောင်သည်။ အို သားကလေးရေ သားကလေးရဲ့ စိတ်ဓာတ်က အဲ့သည်လောက်တောင်ပဲ မြင့်မြတ်သတဲ့လားကွယ်။ သားကလေးမှာ သည်လောက် မြင့်မြတ်တဲ့ စိတ်ထားရှိတာ မိခင်ကိုယ်တိုင် မသိလိုက်ခဲ့ပါလား။ သားကလေးရဲ့ သတ္တိက နောင်ဘဝအထိတောင် တည်ရှိနေသေးတာပါလား။ အခုတော့ သားကလေးရဲ့ စိတ်ဓာတ်အတွက် မိခင် ဂုဏ်ယူနေပါပြီ။ ကိုယ်ကျိုးကိုမမက်ဘဲ အများအကျိုးကိုလုပ်တဲ့ သားကလေးအတွက်တော့ ဆင်းရဲနွမ်းပါးတဲ့အိမ်မှာ နေခွင့်ရလည်း ကိစ္စမရှိဘူးပေါ့နော်ကွယ်။ သားကလေးသဘောပါ။ သားကလေးအပေါ်မှာ အရာရာ မိခင်သဘောအတိုင်း ဆက်ဆံခဲ့ပေမယ့် နောင်ဘဝအထိကြီးတော့ လိုက်ပြီး မဆက်ဆံချင်တော့ပါဘူး။ ခွင့်ပြုပါတယ်ကွယ်။ သည်တခါ အကုန် သားကလေးရဲ့ သဘောပါ။
ထိုညက မိခင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ မိုးလင်းတော့ မိခင်၏ မျက်နှာကလေးသည် ပြုံးရိပ်သန်းသွားခဲ့သည်။
(ဖြစ်ရပ်မှန်များကို ရောသမမွှေကာ ခံစားရေးဖွဲ့ပါသည်။)
Be the first to comment